ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
အင်္ဂါဇာတ်ရေယုန်ရောဂါ ခေါင်းထောင်လာ
အမေရိကန်ပြည်ထောင်စုတွင် “အေအိုင်ဒီအက်စ်ရောဂါကိုတားဆီးရန် အကာအကွယ်ပေးသည့် လိင်ဆက်ဆံမှုအကြောင်း အလေးပေးသည့်ကြားမှပင် ၁၉၇၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစ၍ အင်္ဂါဇာတ်ရေယုန်ရောဂါသည် လူဖြူဆယ်ကျော်သက်ရွယ်များအလယ် ငါးဆတိုးများလာသည်” ဟု အစိုဆီရေ့တက်ပရက်စ်ရီပို့တ် ကသတင်းပေးပို့၏။ သို့ရာတွင် ဂနိုရောဂါကဲ့သို့သော အခြားလိင်ဆိုင်ရာကူးစက်ရောဂါများသည် ထပ်တူကာလအတောအတွင်း ကျဆင်းခဲ့ကြောင်း မှတ်သားဖော်ပြထားသည်။ အဘယ်ကြောင့် ရေယုန်ရောဂါ ခေါင်းထောင်လာသနည်း။ အကြောင်းရင်းများမှာ လက်မထပ်မီ လိင်ဆက်ဆံမှုတိုးများလာခြင်းနှင့် လူတို့သည် လိင်ဆက်ဆံဖော် အများအပြားထားရှိခြင်းတို့ဖြစ်သည်။ ယခုတွင် ၄၅ သန်းမျှသော အမေရိကန်ပြည်သားများသည် ရေယုန်ဗိုင်းရပ်ပိုးကူးစက်ခံရကြကြောင်း ခန့်မှန်းထားပြီး အများစုမှာ ထိုသို့ဖြစ်သည်ကို မသိရှိကြချေ။ ဗိုင်းရပ်ပိုးသည် အင်္ဂါဇာတ်ဝန်းကျင်တွင် ရံဖန်ရံခါအနာများဖြစ်ခြင်း သို့မဟုတ် ယားယံခြင်းကိုဖြစ်စေပြီး တစ်ခါတစ်ရံ တင်ပါးဆုံဝန်းကျင် သို့မဟုတ် ပေါင်တံတို့တွင်ဖြစ်စေသည်။
ချာ့ချ်အော့ဖ်အင်္ဂလန်အသင်း ဆုတ်ယုတ်နေ
တနင်္ဂနွေနေ့တိုင်း ချာ့ချ်အော့ဖ်အင်္ဂလန်အသင်းသားတက်ရောက်သူသည် တစ်သန်းရှိသည်ဟု တရားဝင်ခန့်မှန်းထားသည်။ သီးခြားခန့်မှန်းချက်အရ ချာ့ချ်တက်ရောက်သူသည် ၂၅ ရာခိုင်နှုန်းပိုနည်းသည်ဟု ထိပ်ပိုင်းဓမ္မဆရာများက ဝန်ခံထားသည်။ သို့ရာတွင် ပွဲတော်ယူသော အမာခံအသင်းသားအရေအတွက်သည် ဦးဆုံးအကြိမ်အဖြစ် သန်းတစ်ဝက်ထက်မက လျော့နည်းသွားကြောင်း စနစ်တကျ လေ့လာဆန်းစစ်ချက်က ပြဆိုထားသည်။ ဓမ္မဆရာများသည် တက်ရောက်သူအရေအတွက်ကို ချဲ့ကားပြောဆိုရန် အဘယ်ကြောင့် အဆင်သင့်ရှိကြသနည်း။ အခြေခံအားဖြင့် ချာ့ချ်ကိုပိတ်ပစ်ရခြင်းမှ ကာကွယ်ရန်ဖြစ်သည်။ ထိုသို့ချာ့ချ်ကိုပိတ်လိုက်ရသောအခါ အသင်းတော်နယ်ပယ်များကို စုပေါင်းလိုက်ရသဖြင့် ဓမ္မဆရာအနည်းငယ်သာလိုတော့သည်။ ဓမ္မဆရာတစ်ဦးက ဤသို့ရိုးသားစွာပြောဆိုပါသည်– “အရေအတွက်ကို ချဲ့ကားပြောဆိုဖို့ ကျွန်တော်ဆန္ဒရှိမိပါတယ်။ တက်ရောက်သူနည်းတဲ့အခါ စိတ်ပျက်ဖွယ်ဖြစ်စေပြီး အမှန်ပဲပိုမိုတက်ရောက်တယ်ဆိုတဲ့မှတ်တမ်းက အားပေးမှုဖြစ်စေတယ်” ဟုလန်ဒန်မြို့ထုတ် သည်ဆန်းဒေးတိုင်းမ်စ် ကသတင်းပေးပို့သည်။
ဆေးလိပ်သောက်မှုအတွက် ဇနီးသည်ကို လင်ယောက်ျားတရားစွဲဆို
ရစ်ချတ်သောမတ်စ်သည် မိမိ၏ဇနီး ဆေးလိပ်သောက်သည်ကို ရပ်ပစ်ဖို့ကြိုးစားသည့်အနေဖြင့် နှစ်ပေါင်း ၂၀ ထက်မက အနူးအညွတ်တောင်းပန်ကာ မေတ္တာရပ်ခံခဲ့သည်၊ သို့သော် အချည်းနှီးသာဖြစ်၏။ ထို့ကြောင့် သူမကို တရားစွဲလိုက်သည်။ အစိုးရအနေဖြင့် မေတ္တာ၊ အထောက်အမနှင့် အဖော်အဖက်ဆုံးရှုံးရသည့်အဖြစ်မှ မိမိကို ကာကွယ်ပေးစေလိုကြောင်း မစ္စတာ သောမတ်စ်က ပြောဆိုခဲ့သည်။ သူ၏မိခင်သည် နှလုံးရောဂါကြောင့် ကွယ်လွန်ပြီး သူ၏ဖခင်မှာ လေဖြတ်ရောဂါဖြင့် ခုနစ်နှစ်ကြာ အိပ်ရာထဲလဲခဲ့ရသည်။ သူ့မိဘနှစ်ဦးစလုံးသည် ဆေးလိပ်အလွန်အကျွံသုံးစွဲသူများဖြစ်ကြပြီး သူ့ဇနီးသည်ကိုလည်း နီကိုတင်းစွဲမှုကြောင့် အဆုံးရှုံးမခံလိုကြောင်း သူကပြောဆိုခဲ့သည်။ သို့ရာတွင် တရားရုံးမှ ထုတ်ပြန်ချက်မထုတ်မီ မစ္စတာ သောမတ်စ်သည် သတင်းကောင်းဖြင့် ပြန်လှည့်လာခဲ့သည်။ “ကျွန်တော့်ဇနီးက ဆေးလိပ်မသောက်ဖို့ သဘောတူလိုက်ပြီ” ဟုသူကဆို၏။ မစ္စက် သောမတ်စ်သည် ဆေးစွဲကုဌာနသို့သွားရောက်ကာ စီးကရက်ကို အမြဲဖြတ်တော့မည်ဖြစ်ကြောင်း ကတိသစ္စာဆိုခဲ့သည်။ သည်နယူးယောက်တိုင်းမ်စ်သတင်းစာအဆိုအရ တရားရုံးမှထွက်လာကြစဉ် နှစ်ဦးသား လက်တွဲထားကြသည်ဟူ၏။
ဩစတြေးလျကုလားအုတ်ရိုင်း
နိုင်ငံ၏ ဝေးလံသီခေါင်သောဒေသကိုဖြတ်သော တယ်လီဖုန်းလိုင်းတစ်ခုနှင့် ရထားသံလမ်းတို့ကို တည်ဆောက်သည့်ဆောက်လုပ်ရေးလုပ်ငန်းအတွက် ကုလားအုတ်များကို ဩစတြေးလျနိုင်ငံအတွင်း လွန်ခဲ့သောနှစ်ပေါင်းများစွာက တင်သွင်းခဲ့ကြသည်။ ခံနိုင်ရည်ရှိသောတိရစ္ဆာန်များကို ထရပ်ကားများဖြင့် အစားထိုးလိုက်သောအခါ များစွာသော အာဖဂန်ပိုင်ရှင်များသည် သူတို့ကိုသတ်ဖြတ်မည့်အစား တောထဲသို့လွှတ်လိုက်ကြသည်။ ကုလားအုတ်များသည် ဩစတြေးလျအလယ်ပိုင်း ခြောက်သွေ့ဒေသတွင် ရှင်သန်ကြီးထွားခဲ့ကြပြီး ထိုတွင် ၂၀၀,၀၀၀ မျှလောက် ယနေ့ တွေ့ရှိရသည်။ ထိုကုလားအုတ်များသည် အဖိုးတန်သော အမျိုးသားပိုင်ပစ္စည်းဖြစ်လာနိုင်သည်ဟု အချို့သူများက ယုံကြည်ကြကြောင်း သည်သြစတြေးလျန်း သတင်းစာက သတင်းပေးပို့သည်။ ကုလားအုတ်အသားကို ဈေးကွက်တင်စမ်းသပ်ပြီးဖြစ်ရာ အမဲသားပမာ နူးညံ့မှုရှိကာ အဆီပါဝင်မှုနည်းသည်ဟုဆိုကြသည်။ အခြားကုလားအုတ်ထုတ်ကုန်များတွင် သားရေ၊ နို့၊ အမွေးနှင့် ဆပ်ပြာ၊ အလှကုန်တို့တွင်သုံးသည့် အဆီတို့ပါဝင်သည်။ ကုလားအုတ်အရှင်များသည် အဝယ်လိုက်နေသည်။ ဩစတြေးလျအလယ်ပိုင်း ကုလားအုတ်ရောင်းဝယ်ရေးလုပ်ငန်းမှ ပီတာ စီဒဲလ်၏အဆိုအရ “ရောဂါကင်းမဲ့သော တိရစ္ဆာန်အုပ်ကိုရရှိထားကြသောကြောင့် များစွာသော အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်ရုံများနှင့် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ကြသည့်ပန်းခြံများက ဩစတြေးလျကုလားအုတ်များကို အလိုရှိသည်” ဟူ၏။
အာဆီနစ် အဆိပ်သင့်ခြင်း
“ဘင်္ဂလားဒေ့ရှ်ပြည်သူ ၁၅ သန်းနီးပါးမျှနှင့် ကာလကတ္တားအပါအဝင် ဘင်္ဂလားပြည်နယ်အနောက်ဘက်ရှိ ပြည်သူသန်း ၃၀ တို့သည် အာဆီနစ်အဆိပ်သင့်ခံနေကြရသည်” ဟုသည်တိုင်းမ်စ်အော့ဖ်အိန္ဒိယစာစောင်က သတင်းပေးပို့သည်။ ပြဿနာမှာ မြစိမ်းရောင်စစ်ဆင်ရေး၏ မျှော်လင့်မထားသော ဘေးထွက်အကျိုးကြောင့်ဖြစ်သည်။ ဆည်မြောင်းများအတွက် တွင်းနက်များကိုတူးဖော်သောအခါ ပင်ကိုအားဖြင့် မြေကြီးထဲတွင်စိမ့်ဝင်နေသော အာဆီနစ်တို့သည် ရေထဲတွင် ပါလာပြီး နောက်ဆုံးတွင် သောက်သုံးရေအတွက်အသုံးပြုသော ရေတွင်းများအတွင်းသို့ စိမ့်ဝင်သွားသည်။ ယူ.အက်.အေ၊ ကော်လိုရာဒိုတက္ကသိုလ်မှ ဝန်းကျင်ဆိုင်ရာကျွမ်းကျင်သူ ဝီလတ်ချပ်ပဲလ်သည် အထိအခိုက်ခံရသောဒေသများသို့ မကြာသေးမီက လည်ပတ်ခဲ့ပြီး “ကမ္ဘာပေါ်ရှိ အဆိပ်သင့်မှုများအနက် အကြီးမားဆုံး” အဖြစ်ဖော်ပြခဲ့သည်။ ၂၀၀,၀၀၀ ထက်မကသောသူများသည် အာဆီနစ်အဆိပ်သင့်ခြင်း လက္ခဏာဖြစ်သော အရေပြားရောဂါ ခံစားခဲ့ကြပြီဖြစ်သည်။ “ဆာငတ်ခြင်းပြဿနာကို (မြစိမ်းရောင်စစ်ဆင်ရေးဖြင့်) ကျွန်ုပ်တို့ဖြေရှင်းခဲ့ကြရာတွင် ဝမ်းနည်းဖွယ်ရာများကို ပိုမိုဖန်တီးခဲ့ကြပုံရသည်” ဟုဘင်္ဂလားဒေ့ရှ်မှ အစိုးရအရာရှိတစ်ဦးဖြစ်သူ အစ်ဟတ် အလီကဆို၏။
အလုပ်လုပ်သော မိခင်များ
၁၉၉၁ ခုနှစ်တွင် အလုပ်သမများဆိုင်ရာ အမျိုးသားအသင်းကြီးက “၁၉၉၀ ပြည့်လွန်နှစ်များအလယ်တွင် ကျောင်းနေအရွယ်မတိုင်သေးသော ကလေးများရှိသည့် [အမေရိကန်] မိခင်များ၏ ၆၅% နှင့် ကျောင်းနေကလေးရှိသောသူများ၏ ၇၇% တို့သည် လုပ်သားအင်အားတွင် ပါဝင်လာကြလိမ့်မည်” ဟုခန့်မှန်းသည်။ သူတို့၏တင်ကြိုဟောကိန်းသည် မည်မျှမှန်ကန်သနည်း။ ယူ.အက်စ်. အစိုးရ သန်းခေါင်စာရင်းဌာနအရ ၁၉၉၆ ခုနှစ်တွင် ငါးနှစ်အောက်ကလေးရှိသူ အမျိုးသမီး ၆၃ ရာခိုင်နှုန်းသည် အလုပ်ဝင်လုပ်ကြကြောင်း သည်ဝါရှင်တန်ပို့စ် ကသတင်းပေးပို့သည်။ ကျောင်းနေကလေးရှိသူ အမျိုးသမီး ၇၈ ရာခိုင်နှုန်းသည် အလုပ်သမမိခင်များဖြစ်ကြသည်။ ဥရောပတွင်ကော မည်သို့နည်း။ ၁၉၉၅ ခုနှစ်တွင် ဥရောပနိုင်ငံများ၌ “အသက် ၅ နှစ်မှ ၁၆ နှစ်အတွင်းရှိသော ကလေးရှိသည့်အလုပ်သမအချိုးသည်” ပေါ်တူဂီတွင် ၆၉ ရာခိုင်နှုန်း၊ ဩစတြီးယားတွင် ၆၇၊ ပြင်သစ် ၆၃၊ ဖင်လန် ၆၃၊ ဘယ်ဂျီယံ ၆၂၊ ဗြိတိန် ၅၉၊ ဂျာမနီ ၅၇၊ နယ်သာလန် ၅၁၊ ဂရိ ၄၇၊ လပ်က်စ်ဇင်းဘတ်ခ် ၄၅၊ အီတလီ ၄၃၊ အိုင်ယာလန် ၃၉ နှင့် စပိန် ၃၆ ရာခိုင်နှုန်းတို့ရှိသည်၊ ယင်းသည် ဥရောပသမဂ္ဂဆိုင်ရာ စာရင်းအင်းရုံးမှ ရေးသားပြုစုသည့်အချက်အလက်ပေါ် အခြေခံသည်။
ဒေဝါလီခံမှု နေရာအနှံ့ပျံ့နှံ့လာခြင်း
၁၉၉၆ ခုနှစ်တွင် “မှတ်တမ်းတစ်ခုက ၁.၂ သန်းရှိသော အမေရိကန်ပြည်သားများသည် ဒေဝါလီခံခြင်းအတွက် တရားဝင်ကြေညာခဲ့ကြကြောင်း၊ ယင်းသည် ၁၉၉၄ မှစ၍ ၄၄ ရာခိုင်နှုန်းသို့ ခုန်တက်သွားခြင်းဖြစ်ကြောင်း” နယူးစ်ဝိခ်မဂ္ဂဇင်းက ဖော်ပြသည်။ “ဒေဝါလီခံခြင်းသည် ယင်းကိုရှက်စရာအဖြစ်မယူမှတ်တော့သည့်အထိ နေရာအနှံ့တွင် ပျံ့နှံလာလျက်ရှိသည်။” ဒေဝါလီခံခြင်းကိုတိုးပွားစေသည့်အကြောင်းများကား အဘယ်နည်း။ အကြောင်းရင်းတစ်ခုမှာ “ဒေဝါလီခံခြင်းကို ဘဝပုံစံတစ်ခုအဖြစ် လက်ခံမှုကြီးထွားနေခြင်း” ဖြစ်သည်ဟု နယူးစ်ဝိခ်ကဆို၏။ “ဒေဝါလီခံမှုသို့ သဘောထားပြောင်းလဲခြင်းသည် ယင်းကို တလွဲအသုံးချခြင်းသို့ပို့ဆောင်ပေးသည်ဟု ကြွေးရှင်များက ဆိုကြသည်; ဒေဝါလီခံသူများ၏ ၄၅ ရာခိုင်နှုန်းသည် သူတို့၏အကြွေးကို ပြန်လည်ပေးဆပ်နိုင်သူများဖြစ်ကြသည်ဟု လေ့လာမှုတစ်ရပ်ကဆို၏။” သို့သော် သူတို့ပေးစရာရှိသည်ကို ပြန်လည်ပေးဆပ်လိုသည့်သဘောနှင့် ရှက်ရွံ့သည့်ခံစားချက်တို့ကို တင်ပြကြမည့်အစား များစွာသောသူတို့သည် ‘ကျွန်တော် အသစ်တစ်ဖန်စဖို့လိုပြီ’ ဟုသာပြောဆိုကြသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့် ကော်ပိုရေးရှင်းအတော်များများသည် ဒေဝါလီခံခြင်းကို ရယူနေကြပြီး “သင့်အကြွေးပြဿနာတွေ မြန်မြန်နဲ့လွယ်လွယ်ဖြေရှင်း” ဖို့ဟူသော ရှေ့နေတို့၏ ကြော်ငြာများသြဇာသက်ရောက်မှုအောက်လည်း ရောက်ရှိကြသည်!” စီးပွားရေးတိုးတက်နေစဉ်အတွင်း ဒေဝါလီခံမှုဆက်လက်ဖြစ်ပေါ်နေသောကြောင့် ဈေးကွက်ပြိုကွဲသွားမည် သို့မဟုတ် ယာယီစီးပွားရေးကပ်ဆိုက်မည်ဆိုလျှင် မည်သည့်အရာဖြစ်နိုင်သည်ကို စဉ်းစားကြည့်ခြင်းက ကျွမ်းကျင်သူများကို စိုးရိမ်ကြောက်ရွံ့မှုဖြစ်စေသည်။
အဖျက်စွမ်းအားရှိသည့် ငါးဖမ်းလုပ်ငန်းများ
စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းအဖွဲ့များသည် အစဉ်အရေအတွက်ဆုတ်ယုတ်နေသော ငါးများကိုရှာဖွေရာတွင် သမုဒ္ဒရာကြမ်းခင်းကို ပိုက်စိပ်တိုက်ရှာဖွေသည့် ပစ္စည်းကိရိယာများအတွက် ရင်းနှီးမြှုပ်နှံကြသည်။ ယခင်က လျစ်လျူရှုထားကြသည့် မျိုးစိတ်များကိုသိမ်းကျုံးရန် ရွေ့လျားကိရိယာတန်ဆာအဖြစ် သိထားကြသော ပင်လယ်ကြမ်းပြင်ကိရိယာသည် အနက် ပေ ၃,၉၀၀ ရှိသမုဒ္ဒရာကြမ်းခင်းတစ်လျှောက်ကို တရွတ်တိုက်ဆွဲချသွားသည်။ ပြဿနာမှာ အရေအတွက် ကြီးမားများပြားသော “ပြွန်တီကောင်များ၊ ပင်လယ်ရေမြှုပ်ကောင်များ၊ ပင်လယ်အနီမိုနီကောင်များ၊ ပင်လယ်ခူ၊ အားချင်း ပင်လယ်သတ္တဝါများနှင့် သမုဒ္ဒရာတွင်သာနေသည့် အခြားအကောင်များ” ကိုဖမ်းယူရရှိကာ “အမှိုက်သရိုက်ပမာ စွန့်ပစ်ခံရခြင်း” ဖြစ်သည်ဟု ဆိုင်းယင်းနယူး စာစောင်က သတင်းပေးပို့သည်။ ယင်းတို့ကိုဖျက်ဆီးပစ်ခြင်းက ငါးမျိုးစုများပျက်သုဉ်းခြင်းကို ထပ်ဆင့်ဖြစ်ပေါ်စေသည်။ အကြောင်းမှာ ထိုတိရစ္ဆာန်များသည် ငယ်ရွယ်သောငါးများအတွက် အစားအစာနှင့် အကာအကွယ်ကို စီမံပေးသောကြောင့် ဤငါးဖမ်းနည်းဖြင့် ရေနေသတ္တဝါများကိုဖျက်ဆီးခြင်းကို “ကုန်းမြေရှိသစ်တောကို ရှင်းရှင်းလင်းလင်း ခုတ်ထွင်ရှင်းလင်းခြင်း” ဖြင့် နှိုင်းယှဉ်နိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ရက်မွန်းမြို့ရှိ ပင်လယ်ထိန်းသိမ်းရေး ဇီဝဗေဒတက္ကသိုလ်မှ ဒါရိုက်တာ အယ်လီအွတ် နောစ်ကဆို၏။
ဗြိတိန်နိုင်ငံရှိ ဆယ်ကျော်သက်ရွယ်များ၏ ကိုယ်ကျင့်တရား
ဗြိတိန်နိုင်ငံရှိ ဘာသာရေးအသင်းအဖွဲ့များသည် ဆယ်ကျော်သက်ရွယ်များအတွင်း လိင်ဆိုင်ရာကိုယ်ကျင့်တရားကို သွင်းပေးခြင်း၌ ရှုံးနိမ့်နေကြကြောင်း မကြာသေးမီက သတင်းမှတ်တမ်းတစ်ခုကဆို၏။ “လက်မထပ်ထားသည့် မောင်နှံစုံအတွက် ရေရှည် နေထိုင်ပေါင်းသင်းခြင်းသည် ကိုယ်ကျင့်တရားအရ မှားသလော” ဟုဆယ်ကျော်သက်အရွယ် ၃,၀၀၀ ကိုလန်ဒန်တက္ကသိုလ်က မေးမြန်းခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း မိမိတို့ကိုယ်ကို ဘုရားသခင်မဲ့ဝါဒီများ သို့မဟုတ် ဘုရားတရားမသိဝါဒီများအဖြစ် ဖော်ပြခဲ့ကြသူ အားလုံးနီးပါးက မမှားဟုဆိုကြသည်။ သို့ရာတွင် ရိုမန်ကက်သလစ် ၈၅.၄ ရာခိုင်နှုန်းနှင့် အင်္ဂလီကန် ၈၀ ရာခိုင်နှုန်းတို့ကလည်း ယင်းသည် မမှားဟုဆိုကြသည်။ ထိုကိန်းဂဏန်းများမှာ မူစလင်၊ ဂျူး၊ ဟိန္ဒူတို့ပါဝင်သော အုပ်စုတစ်စုအဖြစ်ယူမှတ်ခံရသည့် အခြားဘာသာများစွာတို့အတွက်လည်း မကွာလှချေ။ ထိုလေ့လာဆန်းစစ်ချက်သည် “လိင်ဆိုင်ရာ ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ ရိုးရာထုံးတမ်းစံနှုန်းများကိုထောက်မရန်ကြိုးစားသည့် ချာ့ချ်အဖွဲ့သားများအတွက် စိတ်ပျက်ဖွယ်ရာဖြစ်စေလိမ့်မည်ဖြစ်ကြောင်း” လန်ဒန်မြို့ထုတ် သည်တိုင်းမ်စ် သတင်းစာက မှတ်ချက်ပေးသည်။