သင့်ခွေးသည် ကလေးများအတွက်အန္တရာယ်ကင်း၏လော
တောင်အာဖရိကမှ နိုးလော့! သတင်းထောက်ပေးပို့သည်
နှစ်နှစ်အရွယ်ဆစ်ဒ်နီးသည် ကြိုးချည်ထားသော ရန်ပြုတတ်သည့်ရော့ဝီလာခွေးတစ်ကောင်အနီး ကပ်သွားမိသည်။ ခွေးကိုက်ခံရကာ ဆစ်ဒ်နီး၏ဦးရေခွံပျက်စီးသွားပြီး သူ၏ဘယ်ဘက်နားရွက် ပြတ်လုမတတ်ဖြစ်ခဲ့ရသည်။ သူသည် အရေပြားအစားထိုးကုသမှု အကြိမ်ကြိမ်လိုအပ်လိမ့်မည်။
လူအများသည် ကာကွယ်မှုအတွက် ခွေးများကို အသုံးပြုလာကြသောကြောင့် ကလေးများခွေးကိုက်ခံရသည့်သတင်းများ တဖြည်းဖြည်းတိုးလာလျက်ရှိသည်။ ကလေးများကို ကိုက်သောနာမည်ကြီးခွေးအချို့မှာ ရော့ဝီလာ၊ ဒိုဘာမဲန် ပင်စ်ရှယ်၊ ဘူလ်မာစ်တစ်ဖ်၊ အယ်လ်ဇေးရှင်း (ဂျာမန်သိုးထိန်းခွေး) နှင့် ဘူတယ်ရီရာခွေးတို့ ဖြစ်ကြသည်။ ယင်းကိစ္စကိုသုံးသပ်သည့်အနေဖြင့် တောင်အာဖရိကတွင် ပြုလုပ်သောသုတေသနပြုချက်တစ်ရပ်အရ အကိုက်ခံရသောကလေးအများစုသည် သူတို့သိသောခွေးများက ကိုက်ခြင်းဖြစ်သည်။ သူတို့အထဲမှတစ်ဝက်နီးပါးသည် အိမ်နီးချင်းခွေးများကြောင့် အကိုက်ခံရသူများဖြစ်ပြီး လေးပုံတစ်ပုံသည် မိမိတို့မွေးထားသည့်ခွေးက ပြန်ကိုက်ခြင်းဖြစ်သည်။ ခွေးလေခွေးလွင့်တို့ကြောင့် အကိုက်ခံရမှုမှာ ၁၀ ရာခိုင်နှုန်းသာဖြစ်သည်။ တစ်ခါတစ်ရံ အကိုက်ခံရသူက မသိလိုက်ဘဲ ခွေးကိုဒေါသထွက်အောင် တစ်နည်းနည်းဖြင့် လုပ်မိလိုက်ခြင်းဖြစ်မည်။ အကယ်၍ ခွေးပိုင်ရှင်များနှင့် မိဘများသည် အခြေခံကြိုတင်ကာကွယ်မှုအချို့ပြုထားမည်ဆိုလျှင် ခွေးကိုက်ခံရမှုအများကို ရှောင်နိုင်မည်မှာထင်ရှားပါသည်။
ကလေးကိုလေ့ကျင့်ပေးပါ
ကလေးငယ်များနှင့်ခွေးများကို လူကြီးမရှိဘဲ သူတို့ချည်းမထားသင့်ဟု ခွေးလေ့ကျင့်ပေးသူအများကဆိုသည်။ ကလေးငယ်များသည် တိရစ္ဆာန်များကို မည်သို့ပြုမူဆက်ဆံရမည်ကို မသိကြချေ။ သူတို့ကို သင်ပေးရမည်။ သို့ဖြင့် တာဝန်ရှိလူကြီးတစ်ဦးမရှိပါက ခွေးများနှင့်ကလေးငယ်များကို တစ်နေရာစီတွင် ထားရမည်ဟူသောစည်းမျဉ်းကို လူအများ ကျင့်သုံးကြသည်။ လေ့ကျင့်ပေးသူ ဘရိန်းကလ်ကာမ်နဇ်သည် သင့်ခွေးရန်မှကလေးကိုကာကွယ်ခြင်း စာအုပ်တွင် ဤသို့သုံးသပ်ထားသည်– “ကျွန်တော်ကြားရတဲ့အဖြစ်အပျက်များကနေ ပြဿနာအများစုဟာ လူကြီးအာရုံက အခြားတစ်နေရာရာကို ရောက်သွားတဲ့အခါမှာ ဖြစ်တတ်တယ်။”
များသောအားဖြင့် တိရစ္ဆာန်များသည် ကလေးများထံမှ ကာကွယ်မှုလိုအပ်သည်! မိသားစုတစ်စု၏ခွေးသည် ကလေးတစ်ဦးကိုဟပ်လိုက်သည့်အခါ ကလ်ကာမ်နဇ်ကို အကူအညီတောင်းခဲ့သည်။ နှစ်နှစ်ခွဲအရွယ် မိမိ၏သားသည် အိပ်နေသောခွေးနားသို့ ပြေးပြီးတစ်ချက်ပိတ်ကန်လိုက်သည်ဟု စိတ်ကယောက်ကယက်ဖြစ်နေသောဖခင်က ရှင်းပြခဲ့သည်။ ခွေးသည် နာကျင်သောကြောင့် ကလေးကိုဟပ်လိုက်ခြင်းဖြစ်သည်မှာ ထင်ရှားသည်။ ဤအခြေအနေတွင် ခွေးသည် ကလေးကိုမကိုက်ခြင်းက ချီးမွမ်းဖွယ်ကောင်းလောက်အောင် ချုပ်တည်းခဲ့သည်။ ယင်းလေ့ကျင့်ပေးသူသည် မိဘများကို ဤသို့အကြံပြုသည်– “တခြားကလေးတစ်ယောက်ကို ခင်ဗျားတို့ကလေးပြုဖို့ ခွင့်မပြုတဲ့အရာကို ခွေးတစ်ကောင်ကိုပြုဖို့ ခွင့်မပြုပါနဲ့။”
တိရစ္ဆာန်များကို ကြင်နာစွာ မည်သို့ပြုမူဆက်ဆံရမည်ကို သင့်ကလေးအားသင်ပေးပါ။ ခွေးတစ်ကောင်ကို မည်သည့်အခါမျှမစရန် သင်ပေးပါ။ ကလေးများနှင့်ခွေးများ အတူရှိနေချိန်တွင် ဖြစ်နိုင်သည့်မည်သည့်အန္တရာယ်ကိုမဆို မိဘတို့သတိထားဖို့လိုသည်။ အကယ်၍ ခွေးသည် ကလေးတစ်ဦးထံမှ ထွက်ပြေးရန် သို့မဟုတ် ပုန်းရန်ကြိုးစားနေသည်ကို သင်သတိပြုမိလျှင် ခွေးကို လိုက်ဖမ်းနေသည့်ကလေးအား ရပ်ခိုင်းလိုက်ပါ။ ကလေးသည် ခွေးနောက်လိုက်မည် သို့မဟုတ် ချောင်ပိတ်ထားမည်ဆိုပါက ခွေး၏တစ်ခုတည်းသောကာကွယ်မှုမှာ ဟောင်မည်၊ မာန်ဖီမည်၊ သို့မဟုတ် ကိုက်ပင်ကိုက်နိုင်သည်။ မိဘသည် ပြောသည့်အတိုင်းတကယ်ဆိုလိုကြောင်း ခွေးနှင့်ကလေးပါ သိရှိရန်အတွက် တစ်သမတ်တည်း သင်ပြပေးသင့်သည်။
ခွေးကို အပယ်ခံအဖြစ် မဆက်ဆံပါနှင့်။ ခွေးတစ်ကောင်ရှိသော ဇနီးမောင်နှံတွင် သားသမီးဦးရလာချိန်၌ ခွေးကို လျစ်လျူရှုတတ်လေ့ရှိကြပြီး အိမ်နောက်ဖေးသို့ နှင်ထုတ်တတ်ကြသည်။ ကြိုတင်ကာကွယ်ခြင်းသည် ပြုသင့်သောအရာဖြစ်သော်လည်း လေ့ကျင့်ပေးသူ ရစ်ချက်စတစ်ဘ်က “ခွေးကို အပယ်ခံအဖြစ် မဆက်ဆံသင့်ဘူး။ အဲဒီအစား၊ ဖြစ်နိုင်တဲ့အထိ ခွေးရဲ့ပုံမှန်အနေအထားကို ဆက်လက်ထားရှိပေးပါ၊ ဂရုစိုက်မှုအသင့်အတင့်ပေးပါ” ဟူ၍အကြံပေးခဲ့သည်။
သင့်ကလေးသည် သူစိမ်းခွေးများကို မည်သို့ပြုမူမည်ကို စဉ်းစားပါ။ သူစိမ်းတစ်ဦးသည် မိမိ၏ခွေးနှင့် လမ်းပေါ်တွင် လမ်းလျှောက်ထွက်သည်ကို သူမြင်လျှင် ဘာလုပ်မည်နည်း။ ခွေးကို ပွတ်သပ်ပေးဖို့ အတင်းထွက်ပြေးသွားသလော။ ယင်းသို့မပြုလုပ်ရန် သူ့ကိုသင်ပေးပါ။ သူသည် ပိုင်ရှင်၏ခွင့်ပြုချက်ကို ဦးစွာတောင်းဆိုရမည်။ ထို့နောက် ပိုင်ရှင်၏သဘောတူညီချက်ရလျှင် ခွေးကို အထိတ်တလန့်မဖြစ်အောင် တဖြည်းဖြည်းအနားသို့ တိုးသွားနိုင်သည်။ ခပ်လှမ်းလှမ်းမှ မတ်တတ်ရပ်ပြီး ခွေးကို အေးဆေးတည်ငြိမ်စွာ စကားပြောခြင်းဖြင့် ကိုယ့်ကိုယ်ကိုမိတ်ဆက်ပေးသင့်သည်။ ခင်မင်တတ်သောခွေးသည် သင့်ကလေးနားသို့ တိုးလာလိမ့်မည်။ လမ်းပေါ်တွင် အထိန်းမပါဘဲ လျှောက်သွားနေသည့်ခွေးများအနားသို့ မသွားပါနှင့်။—စာမျက်နှာ ၁၈ ပါ “ခွေးအမူအရာပြစကား” အကွက်ကိုရှု။
ခွေးကို လေ့ကျင့်ပေးပါ
သင့်ခွေးကို အမြဲတမ်းချီးကျူးပေးပြီး အကောင်းမြင်ပေးပါ။ အပြစ်ပေးခြင်း သို့မဟုတ် ခက်ထန်သောစကားလုံးများသည် အလျင်အမြန်သင်ယူမည့်အစား ပြောင်းပြန်ဖြစ်စေသည်။ ခွေးကိုခေါ်လိုက်သောအခါ ရောက်လာတတ်ရန် သင်ပေးခြင်းအပြင် “ထိုင်!” ကဲ့သို့သော အခြေခံအမိန့်များကို နာခံတတ်ရန်သင်ပေးခြင်းသည် ခွေးတစ်ကောင်အတွက် အကျိုးရှိသည်။ သခင့်အမိန့်နာခံတတ်ရန် ခွေးကိုသင်ပေးခြင်းသည် ခဲရာခဲဆစ်အခြေအနေများတွင် ပိုင်ရှင်က ပို၍ထိန်းချုပ်နိုင်မည်ဖြစ်၏။ စကားလုံးရိုးရိုးနှင့်အသုံးအနှုန်းရိုးရိုးတို့က အထိရောက်ဆုံးဖြစ်သည်။ ထပ်တူစကားလုံးများကို ဆက်သုံးပါ။ သင့်ခွေးသည် လုပ်စေလိုသောအမူအရာကို လုပ်ပြသောအခါ ချီးကျူးသည့်အနေနှင့် ပုတ်ခြင်း သို့မဟုတ် တစ်ခုခုချကျွေးခြင်းဖြင့် ချက်ချင်းဆုချလိုက်ပါ။ လုပ်စေလိုသောအမူအရာကို စွဲမှတ်ထားစေရန် လုပ်ပြပြီးသည်နှင့် ချက်ချင်း ဆုချရမည်။ အရေးပါသောနောက်အချက်မှာ အပြုအမူကို အကျင့်မဖြစ်မချင်း ထပ်ခါတလဲလဲလုပ်ခိုင်းခြင်းဖြစ်၏။
အကယ်၍ သင်သည် ခွေးပေါက်စတစ်ကောင် သို့မဟုတ် ခွေးကြီးတစ်ကောင်ကိုမွေးလျှင် ကလေးများနှင့်ယဉ်ပါးအောင် ကြပ်မတ်ပေးရန်လိုပေမည်။ ကလေးတို့သည် လူကြီးတို့နှင့်ကွဲပြားစွာ ပြုမူတတ်ကြသည်။ သူတို့သည် ပို၍ဆူဆူညံညံနှင့် စိတ်လိုက်မာန်ပါလုပ်တတ်ကြပြီး ခွေးတစ်ကောင်ဆီသို့ တစ်ဟုန်ထိုးပြေးတတ်ရာ ယင်းက ခွေးကို ထိတ်လန့်သွားစေနိုင်သည်။ သင့်ခွေးကို ဤကဲ့သို့လွဲမှားသောအပြုအမူနှင့် အကျွမ်းတဝင်ရှိစေသင့်သည်။ ဘေးပတ်လည်တွင် ကလေးများမရှိသောအခါ သင့်ခွေးကို ရုတ်တရက်ဆူညံသံနှင့် ယဉ်ပါးအောင်လုပ်ပေးပါ။ လေ့ကျင့်ပေးမှုကို ကစားနည်းဖြစ်စေပါ။ ခွေးအား အမိန့်တစ်ခုအော်ပြောပြီးနောက် ထိုအရာထံတစ်ဟုန်ထိုးပြေးပါ။ ထို့နောက် သင့်ခွေးကို ချက်ချင်းဆုချပါ။ သင့်အော်သံကို တဖြည်းဖြည်းကျယ်ပေးပါ။ သင့်ခွေးကို အမြဲချီးကျူး၊ ပွတ်သပ်ပေးပါ။ မကြာခင် ခွေးသည် ယင်းကစားနည်းကို ပျော်မွေ့လာပါလိမ့်မည်။
ကလေးငယ်များက ခွေးများကို ပွေ့ဖက်တတ်ကြသည်။ သို့သော် အချို့ခွေးသည် ဤသို့တင်းကျပ်စွာ ပွေ့ဖက်ခြင်းကို အန္တရာယ်ပြုသည်ဟု ထင်တတ်ကြသည့်အတွက် ယင်းသို့မပြုလုပ်ရန် သူတို့ကိုသင်ထားပေးသင့်သည်။ ကလေးများက သင့်ခွေးကို ပွေ့ဖက်ထားမိလျှင် ယင်းကိုလက်ခံတတ်ဖို့ ခွေးအားလေ့ကျင့်ပေးနိုင်သည်။ အချိန်တစ်ခဏသာ သင့်ခွေးကို ပွေ့ဖက်ထားပါ၊ ပြီးနောက် တစ်ခုခုချကျွေးပြီးချီးကျူးလိုက်ပါ။ တဖြည်းဖြည်း သင်၏ပွေ့ဖက်ခြင်းကို အချိန်ကြာကြာပြုလုပ်ပါ။ အကယ်၍ သင့်ခွေးက ဟိန်းဟောက်မာန်ဖီလျှင် အရည်အချင်းပြည့်မီသော လေ့ကျင့်ပေးသူတစ်ဦးထံမှ အကူအညီရယူပါ။
ရန်လိုသောခွေး
ခွေးအချို့သည် ပင်ကိုအားဖြင့် ရန်ပြုတတ်ကြပြီး မိသားစုကိုပင် အန္တရာယ်ပြုပေမည်။ ခွေးထီးများသည် ရန်ပြုတတ်သောစရိုက်ကို ပို၍ပင်ပြနိုင်သည်။
ဗိုလ်ကျသောခွေးသည် အကိုင်မခံပါ၊ အထူးသဖြင့် မျက်နှာနှင့်လည်ပင်းတို့ကဲ့သို့ အထိမခံနိုင်သောနေရာပတ်လည်တွင်ဖြစ်သည်။ သို့သော် အခြားအချိန်တွင် သူ့ကိုဂရုစိုက်ဖို့အတွက် “တောင်းဆို” သည့်အနေနှင့် သင့်အနားသို့တိုးလာမည်၊ လာကုတ်မည်၊ သို့မဟုတ် သင့်ပေါင်ခွင်ထဲတွင် သူ့ခြေဖဝါးလက်ဖဝါးများပင်ထားပေမည်။ သူတို့ပိုင်နက်ကို ကာကွယ်သည့်အနေဖြင့် သခင့်မိသားစုကိုပင် အဝင်မခံသည့်အထိပင် ဖြစ်ပေမည်။ အရုပ်ကဲ့သို့သောပစ္စည်းများကို ပိုင်စိုးပိုင်နင်းစိတ်ရှိကြပြီး ယင်းအရာများကို ဝါးနေစဉ်အတွင်း သူ့အနားကပ်သောအခါ မာန်ဖီမည်၊ သို့မဟုတ် ဝါးခြင်းကိုရပ်လိုက်ပေမည်။
ဤသို့သောခွေးများသည် သူတို့၏ခေါင်းဆောင်ဖြစ်မှုကို ခိုင်မာစေဖို့အတွက် အကျွမ်းတဝင်ရှိပြီးသောအမိန့်များကို တမင်တကာလျစ်လျူရှုမည်။ ကလေးတို့ရှေ့တွင် ရုတ်တရက်ပေါ်လာမည် သို့မဟုတ် တံခါးပေါက်သို့ ဦးစွာရောက်အောင် ပြေးချင်မည်။ လူတို့အပေါ်လည်း ကုတ်ဖက်တက်ချင်သည်။ ယင်းသည် “ဗိုလ်ကျချင်သည့်အမူအရာတစ်ခု” ဖြစ်ကာ “လိင်နှင့်မပတ်သက်ပါ” ဟုဘရိန်း ကလ်ကာမ်နဇ်ကဆိုသည်။ ယင်းသည် “အဲဒီခွေးက ဗိုလ်ကျချင်တဲ့လက္ခဏာဖြစ်တယ်။ ဒုက္ခပေးဖို့အကြောင်းပိုများတယ်” ဟုသူသတိပေးသည်။ ထိုခွေးသည် သူ့ကိုဂရုစိုက်ရန်တောင်းဆိုသည့်အနေဖြင့် ပိုင်ရှင်၏လက်ကိုဆွဲယူကာ ပါးစပ်ထဲထည့်သည့်အကျင့်ဖြစ်လာပေမည်။။
ရန်လိုသောဤလက္ခဏာများကို လျစ်လျူမရှုသင့်ချေ။ ရန်လိုမှုသည် အလိုလိုပျောက်သွားမည်မဟုတ်; ပို၍ပင်များလာနိုင်ဖွယ်ရှိကာ အိမ်တွင်းရှိကလေးများအတွက် အန္တရာယ်ရှိနိုင်ပေမည်။ ယေဘုယျအားဖြင့် ရန်လိုမှုလျော့နည်းဖို့အတွက် ထိုသို့သောခွေးသည် အထီးဖြစ်စေ၊ အမဖြစ်စေ သင်းကွပ်ပေးပါဟု လေ့ကျင့်ပေးသူများစွာက အကြံပြုပါသည်။
မည်သူဗိုလ်ဖြစ်သည်ကိုပြသရန် ရန်လိုသောခွေးတစ်ကောင်ကို စိန်ခေါ်ဖို့မသင့်လျော်ချေ။ ရန်လိုစိတ်ဖြင့်ထိပ်တိုက်ရင်ဆိုင်ခြင်းနှင့် ကြမ်းတမ်းသောအပြစ်ဒဏ်ပေးခြင်းတို့သည် အန္တရာယ်ရှိနိုင်သည်မှာ အမှန်ပင်။ မည်သူဗိုလ်ဖြစ်သည်ကို ပို၍ပါးနပ်သောနည်းများဖြင့် ထိုခွေးအားပြသနိုင်သည်။
ရန်လိုသောခွေးတစ်ကောင်သည် ဂရုစိုက်ခံရဖို့အတွက် သင့်အနားချဉ်းကပ်လာတိုင်း သင်ဂရုစိုက်မည်ဆိုပါက သူသည်ဗိုလ်ဖြစ်သည်ဆိုသည့် ယုံကြည်မှုကိုအခိုင်အမာဖြစ်စေသည်။ ထိုကြောင့် ဤသို့သောခွေးတစ်ကောင်သည် ဂရုစိုက်ခြင်းကိုတောင်းဆိုလာသည့်အခါ လျစ်လျူရှုလိုက်ပါ။ မိသားစုတစ်စုလုံးသည် ယင်းအပြုအမူတွင် ပူးပေါင်းဆောင်ရွက်ရမည်။ ခွေးသည် ပထမတွင် အံ့သြတွေဝေသွားပါလိမ့်မည်။ သင့်ကို ဟောင်မည်ပင်ဖြစ်ကာ ချစ်ခင်နှစ်သက်ဖွယ်ပုံစံဖြင့် ကြည့်ပေမည်။ သို့တိုင် သွေးဆောင်မှုကို မလိုက်လျောလိုက်ပါနှင့်။ နောက်ဆုတ်သွားကာ ထောင့်တွင်လှဲခွေလိုက်ချိန်မှသာ အနည်းငယ်ဂရုစိုက်မှုကိုပေးပါ။ ဤနည်းဖြင့် သင်သည် ခေါင်းဆောင်ဖြစ်ကာ မည်သည့်အချိန်တွင် ဂရုစိုက်မည်ဆိုသည်ကို သင်ကသာဆုံးဖြတ်ကြောင်း သင့်ခွေးသင်ယူလာမည်။
လွန်ဆွဲပွဲနှင့်နပန်းလုံးကစားနည်းများကဲ့သို့ ရန်လိုသောကစားနည်းများသည် ခွေး၏ဗိုလ်ကျချင်သောစိတ်ကို မြေတောင်မြှောက်ပေးနိုင်သည့်အတွက်ကြောင့် ယင်းကိုရှောင်သင့်သည်။ သို့အစား၊ ရန်မလိုသောကစားနည်းများနှင့်အစားထိုးပါ။
ခွေးကို အိပ်ခန်းတွင် မအိပ်စေခြင်းက ပိုကောင်းသည်။ အိပ်ခန်းသည် အထူးနေရာတစ်နေရာဖြစ်ကာ ထိုတွင်အိပ်ခိုင်းခြင်းသည် အိမ်ထဲရှိကလေးများအထက်တွင် နေလိုသည့်ခွေး၏သဘောထားကို မြှောက်ပင့်ပေးရာကျပေမည်။ ယင်းအစား၊ ခွေးအိပ်ရာကို မီးဖိုဆောင်ထဲတွင် သို့မဟုတ် အပြင်ဘက်ခွေးအိမ်တွင် ထားပေးပါ။ ပိုင်ရှင်များသည် ရန်လိုသောခွေးတစ်ကောင်၏ ဦးဆုံးအကိုက်ခံရသောနေရာမှာ သူတို့၏အိပ်ရာများတွင်ဖြစ်လေ့ရှိသည်။
သင့်လုပ်ဆောင်မှုများကို သင့်ခွေးက မတုံ့ ပြန်လျှင် သို့မဟုတ် လေ့ကျင့်ပေးနေစဉ်အတွင်း သို့မဟုတ် မည်သည့်အချိန်၌မဆို အန္တရာယ်ရှိသည်ဟုထင်လျှင် ကျွမ်းကျင်သောခွေးလေ့ကျင့်ပေးသူတစ်ဦး၏ အကူအညီကိုရယူပါ။ တိရစ္ဆာန်ဆရာဝန်က တစ်ခုခု အကြံပေးနိုင်ပေမည်။ သူ၏လေ့ကျင့်နည်းများနှင့်ပတ်သက်ပြီး ဦးဆုံးပြောကာ သူ့ကိုမငှားမီ သူ့အရည်အသွေးနှင့်ပတ်သက်ပြီး မိမိကျေနပ်ကြောင်းသေချာစေပါ။ လေ့ကျင့်ပေးသူ ရီချက်စတစ်ဘ်က “ရန်လိုတဲ့ခွေးတစ်ကောင်ဟာ ကျွမ်းကျင်တဲ့လေ့ကျင့်ပေးသူကို တုံ့ ပြန်ပေမဲ့ အဲဒါဟာ ပိုင်ရှင်ကိုအလားတူတုံ့ ပြန်လိမ့်မယ်ဆိုတာ အာမမခံပါ” ဟုသတိပေးသည်။ ခဲရာခဲဆစ်အခြေအနေများတွင် ခွေးပိုင်ရှင်က မိမိ၏ခွေးကို ထိန်းချုပ်နိုင်ကြောင်း သေချာစေရမည်။
အကောင်းဆုံးလေ့ကျင့်မှုပြီးနောက်ပင် အနည်းငယ်သောခွေးများတွင် ရန်လိုမှုရှိဦးမည်။ သူတို့ကို ဆက်လက်ထားရှိခြင်းသည် မိသားစုအတွက် အန္တရာယ်ရှိမည်။ သင်သည် အတတ်နိုင်ဆုံးကြိုးစားပြီးနောက်၌ ထိခိုက်အန္တရာယ်ကို လွယ်ထားမည့်အစား ထိုခွေးကိုထုတ်ပစ်လိုက်သည်မှာ ပို၍ကောင်းသည်ဟု သင်ထင်မြင်ပေမည်။ အကြံဉာဏ်အတွက် တိရစ္ဆာန်ဆရာဝန်တစ်ဦး သို့မဟုတ် လေ့ကျင့်ပေးသူတစ်ဦးနှင့် တိုင်ပင်ခြင်းသည် အမြော်အမြင်ရှိရာရောက်၏။ သင့်ခွေးအတွက် အခြားအိမ်ကို တွေ့နိုင်မည်ဖြစ်သော်လည်း ခွေးနှင့်ပတ်သက်သည့်ပြဿနာများကို ပိုင်ရှင်သစ်အား ပြောပြရန် သင့်တွင်တာဝန်ရှိသည်မှာဓမ္မတာပင်။
လေ့ကျင့်ပေးသူ ပီတာနီဗ်လ်က “စေ့စပ်သေချာတဲ့လမ်းညွှန်ချက်များနဲ့ ဂရုတစိုက်ပိုင်းဖြတ်မှုအောက်မှာ ဘယ်သူ့အတွက်ဆက်ပြီး ဘယ်လောက်အတိုင်းအတာအထိ အန္တရာယ်ရှိမယ်ဆိုတဲ့အပေါ်မူတည်ပြီး ဗိုလ်ကျတဲ့ခွေးကို ကိုင်တွယ်ရမယ်။ အန္တရာယ်အများဆုံးရှိတဲ့ မိသားစုဝင်တစ်ဦး အန္တရာယ်ကင်းဖို့အတွက် အာမမခံနိုင်ဘူးဆိုရင် အဲဒီခွေးကို သေချာရွေးချယ်ထားတဲ့ ပိုင်ရှင်အသစ်ဆီပို့ပေးခြင်း ဒါမှမဟုတ် မေ့ဆေးပေးသတ်ပစ်လိုက်ခြင်းသာ ပိုကောင်းပါတယ်” ဟုအကြံပြုသည်။
ခွေးများကို အိမ်မွေးတိရစ္ဆာန်များအဖြစ်မွေးမြူခြင်းမှ ကလေးများသည် စိတ်ပိုင်းဆိုင်ရာအရ သင်ယူပြီး အကျိုးကျေးဇူးရရှိနိုင်၏။ တာဝန်ယူကြီးကြပ်ကွပ်ကဲခြင်းအားဖြင့် အိမ်မွေးတိရစ္ဆာန်များနှင့်ပတ်သက်သည့် ကလေးများ၏မှတ်ဉာဏ်ထဲတွင် နှစ်သက်စရာများထင်ကျန်စေရန် မိဘများက ကူညီပေးသည်။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]
ခွေး၏အမူအရာပြစကား
ရန်လိုသည့်ခွေး၏မူပိုင်အကျင့်သည် ခင်မင်မှုမရှိသောသဘောကိုဖော်ပြသည်။ ဤခွေး၏အမူအရာပြစကားကိုသိမြင်ရန် သင့်ကလေးကို သင်ပေးခြင်းအားဖြင့် အန္တရာယ်ရှိအခြေအနေများမှ ရှောင်ရှားဖို့ထောက်ကူပေးနိုင်မည်။
● ရန်ပြုတတ်သောခွေးသည် ပိုမိုကြီးမားသည့်ရုပ်အသွင်ဖြစ်အောင် လုပ်ကြလိမ့်မည်။ လည်ဂုတ်မွေး ထောင်လာမည်။ ခွေးသည် သူ၏အမြီးကို တည့်တည့်ထောင်ပြီး မာန်ဖီမည် သို့မဟုတ် ဟောင်မည်။ အကယ်၍ အမြီးသည် တောင့်တောင့်နှင့်မြန်မြန်ယမ်းနေလျှင် ခင်မင်လိုသည့်အဓိပ္ပာယ်မဟုတ်ချေ။ ဤခွေးကို မနှောင့်ယှက်သင့်။
● ကြောက်တတ်သောခွေးသည် သူ၏ခေါင်းနှင့်နားရွက်တို့ကို အောက်စိုက်ထားပြီး ဝပ်နေမည်၊ အမြီးကိုချထားမည် သို့မဟုတ် အမြီးကုပ်ကာဝပ်နေပေမည်။ အကယ်၍ ၎င်းခွေးနားကို တိုးကပ်သွားလျှင် ကြောက်လန့်ပြီး ရန်မူတတ်ပေမည်။ သူ့ဘာသာသူနေပါစေ။
● အေးအေးနေတတ်သောခွေးသည် ခေါင်းကိုမမြင့်လွန်းမနိမ့်လွန်းဘဲထောင်ထားပြီး၊ ပါးစပ်ဟထားကာ၊ အမြီးကို ကျောရိုးအောက်အနည်းငယ်ချထားပြီး အမြီးကုပ်မထားပါ။ ယမ်းနေသောအမြီးသည် ခင်မင်လိုသောလက္ခဏာတစ်ခုဖြစ်သည်။ ၎င်းခွေးနှင့်ခင်မင်ခြင်းသည် ယေဘုယျအားဖြင့် အန္တရာယ်မရှိချေ။
(ဘရိန်း ကလ်ကာမ်နဇ်နှင့် ဆဲရာ ဝီဆင်၏ သင့်ခွေးရန်မှကလေးကိုကာကွယ်ခြင်း စာအုပ်မှ ကောက်နုတ်ပြုပြင်ထားသည်။)
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ခွေးအန္တရာယ်ကင်းရေး
၁။ သင့်ကလေးများနှင့် ခွေးများကို ကြီးကြပ်ပေးပါ။
၂။ ခွေးကို မည်သည့်အခါမျှမစရန် သင့်ကလေးအားသင်ပေးပါ။
၃။ သူစိမ်းခွေးကို မပွတ်သပ်မီ ပိုင်ရှင်၏ခွင့်ပြုချက်ကို တောင်းပါ။
၄။ အခြေခံအမိန့်များကို နာခံတတ်ရန် သင့်ခွေးကိုလေ့ကျင့်ပေးပါ။
၅။ သင့်ခွေးသည် ပွေ့ဖက်ခံရခြင်းကို အကျွမ်းဝင်ရန်ပြုလုပ်ပေးပါ။
၆။ ရန်လိုသောကစားနည်းများကိုရှောင်ပါ။