သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့်အရာ—သင်လုပ်ဆောင်နိုင်သည့်အရာ
ဂျုံ သို့မဟုတ် ဆန်ကို ကယ်ဆယ်ရေးလုပ်သားက ဝေပေးသကဲ့သို့ ကျန်းမာရေးကို ဝေပေး၍မရပါ။ ကျန်းမာရေးသည် ကုန်ပစ္စည်းမဟုတ်ဘဲ အခြေအနေဖြစ်သောကြောင့် ယင်းကိုအိတ်နှင့်ထည့်၍မပို့ပေးနိုင်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ကျန်းမာရေး” ကို “ကာယ၊ စိတ္တနှင့် လူမှုရေးအရ ချမ်းမြေ့သာယာခြင်း ပြီးပြည့်စုံသည့်အခြေအနေ” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ သို့သော် အဆိုပါ ချမ်းမြေ့သာယာခြင်း မည်မျှရှိကြောင်း အဘယ်အရာက အဆုံးအဖြတ်ပေးသနည်း။
တော်ရုံတန်ရုံအိမ်တစ်လုံးကို ပျဉ်ပြား၊ သံနှင့်သွပ်ပြားတို့ဖြင့် ဆောက်လုပ်နိုင်သော်လည်း ၎င်းပစ္စည်းအမျိုးမျိုးကို ထောင့်တိုင်လေးတိုင်ဖြင့် ထောက်ပင့်ထားရသည်။ ထိုနည်းတူစွာ၊ ကျွန်ုပ်တို့၏ကျန်းမာရေးအပေါ် လွှမ်းမိုးသည့်သြဇာအမျိုးမျိုးရှိသော်ငြားလည်း ရှိရှိသမျှတို့သည် “ထောင့်” တိုင်နှင့်တူသော ဩဇာလေးခုနှင့်ဆက်နွှယ်လျက်ရှိကြသည်။ ၎င်းတို့မှာ (၁) အမူအကျင့်၊ (၂) ပတ်ဝန်းကျင်၊ (၃) ဆေးဝါးကုသမှုနှင့် (၄) ဇီဝရုပ်ဖွဲ့စည်းမှုတို့ဖြစ်ကြသည်။ အိမ်တိုင်တို့၏အရည်အသွေးကို မြှင့်တင်ခြင်းအားဖြင့် သင့်အိမ်ကို ခိုင်မာတောင့်တင်းစေနိုင်သကဲ့သို့ အဆိုပါသြဇာလွှမ်းမိုးသော အကြောင်းတရားများ၏ အရည်အသွေးကို တိုးတက်ကောင်းမွန်စေခြင်းအားဖြင့် သင့်ကျန်းမာရေးကို ပို၍ကောင်းမွန်စေနိုင်ပါသည်။ မေးစရာမေးခွန်းမှာ အကန့်အသတ်ရှိသော အရင်းအမြစ်များဖြင့် မည်သို့တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်မည်နည်း ဟူ၍ဖြစ်သည်။
အမူအကျင့်နှင့်ကျန်းမာရေး
အကြောင်းတရားလေးခုအနက် သင်၏အမူအကျင့်သည် သင်အလွယ်တကူ ထိန်းချုပ်နိုင်သည့်အရာဖြစ်သည်။ ယင်းကို တိုးတက်ကောင်းမွန်အောင်ပြုပြင်ပါက ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည်။ ဆင်းရဲမွဲတေခြင်းကြောင့် နေ့စဉ်စားမြဲအစာနှင့် အကျင့်တို့ကို ပြုပြင်ပြောင်းလဲရာ၌ အကန့်အသတ်ရှိမည်မှာမှန်သော်လည်း ရနိုင်သမျှရွေးချယ်စရာများကို အကျိုးရှိရှိ အသုံးချတတ်မည်ဆိုပါက များစွာထူးခြားလာနိုင်ပေသည်။ အောက်ပါသာဓကကို ဂရုပြုမှတ်သားပါ။
မိခင်တစ်ဦးအနေဖြင့် အများအားဖြင့် ကလေးကို မိခင်နို့တိုက်ခြင်းနှင့် နို့ဘူးတိုက်ခြင်းဟူသော ရွေးချယ်စရာနှစ်ခုရှိတတ်ပါသည်။ မိခင်နို့ရည်တိုက်ခြင်းသည် “ကျန်းမာရေးနှင့် စီးပွားရေးရှုထောင့်မှကြည့်လျှင် အမြတ်ဆုံးသောရွေးချယ်မှု” ဖြစ်သည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ကဆိုသည်။ မိခင်၏နို့ရည်သည် “အကောင်းဆုံးသော ကျန်းမာရေးအစာ” ဖြစ်သဖြင့် ကလေးငယ်အား “အချိုးညီညီကြီးထွားရေးအတွက် လိုအပ်သည့်ပရိုတင်းဓာတ်၊ အဆီဓာတ်၊ နို့သကြားဓာတ်၊ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနှင့် စဉ်းငယ်မျှလိုအပ်သော ဒြပ်စင်ဝတ္ထုများကို အချိုးအစား တိတိကျကျမှန်မှန်ကန်ကန်” ပေးသည်။ မိခင်နို့ရည်သည် မိခင်ထံမှကလေးထံသို့ ရောဂါတိုက်ဖျက်သော ပရိုတင်းများ၊ သို့မဟုတ် ပဋိပစ္စည်းများကို ပို့ဆောင်ပေးနိုင်သဖြင့် ကလေးငယ်အား ရောဂါတိုက်ဖျက်ရာ၌ အခြေခံကောင်းကိုရရှိစေသည်။
အထူးသဖြင့် ကျန်းမာသန့်ရှင်းမှုညံ့ဖျင်းသော အပူပိုင်းဒေသများတွင် မိခင်နို့ရည်တိုက်ကျွေးခြင်းသည် အကောင်းဆုံးပင်ဖြစ်သည်။ နို့ဘူးနှင့်မတူဘဲ မိခင်နို့ရည်သည် ငွေချွေတာရန်အတွက် ရေရော၍မရပါ၊ ပြင်ဆင်ရာ၌ အမှားအယွင်းမရှိနိုင်ပါ၊ အမြဲတမ်းလည်း သန့်ရှင်းလတ်ဆတ်နေသည်။ ယင်းနှင့်ဆန့်ကျင်လျက် “ဆင်းရဲသောအသိုင်းအဝိုင်းတွင် နို့ဘူးတိုက်သောကလေးတစ်ဦးသည် ခန့်မှန်းခြေအားဖြင့် မိခင်နို့ရည်ကိုသာ သီးသန့်တိုက်ကျွေးခံရသော ကလေးတစ်ဦးထက် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် သေဆုံးနိုင်သည့်အလားအလာ ၁၅ ဆနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြင့် သေဆုံးနိုင်သည့်အလားအလာ လေးဆပိုများသည်” ဟု ကနေဒါ အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေသောသတင်းလွှာ Synergy တွင် ရေးသားဖော်ပြသည်။
၎င်းပြင် စီးပွားရေးအကျိုးအမြတ်လည်း ရှိသေးသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နို့မှုန့်သည်ဈေးကြီးလှသည်။ သာဓကအနေနှင့် ဘရာဇီးနိုင်ငံတွင် ကလေးတစ်ယောက်ကို နို့ဘူးတိုက်ပါက ဆင်းရဲသောမိသားစု၏လစဉ်ဝင်ငွေ ငါးပုံတစ်ပုံကုန်ကျနိုင်သည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် ချွေတာ၍ရသောငွေသည် မိခင်ဖြစ်သူအပါအဝင် တစ်မိသားစုလုံးအတွက် ပို၍အာဟာရပြည့်ဝသည့် အစားအစာကို ဝယ်ယူနိုင်သည်။
မိခင်နို့ရည်တိုက်ကျွေးခြင်းသည် ဤမျှအကျိုးကျေးဇူးရှိသည်ဖြစ်ရာ မိခင်နို့ရည်တိုက်ကျွေးသူ ပို၍ပို၍များပြားလာမည်ဟု သင်မျှော်လင့်ပေမည်။ သို့တစေ၊ ဖိလစ်ပိုင်နိုင်ငံတွင် မိခင်နို့ရည်တိုက်ကျွေးခြင်းသည် “တိမ်ကောပျောက်ကွယ်မည့်အန္တရာယ် ကြီးစွာရင်ဆိုင်နေရသည်“ ဟုဖိလစ်ပိုင်နိုင်ငံမှ ကျန်းမာရေးလုပ်သားများက အစီရင်ခံတင်ပြသည်၊ ၎င်းပြင် အသက်ရှူခြင်းနှင့်ဆိုင်သော ကူးစက်ရောဂါဖြင့် နို့စို့ကလေးများသေဆုံးရသည့် အဓိကအကြောင်းတရားများအနက် တစ်ခုမှာ “မိခင်နို့ရည်တိုက်ကျွေးမှုမရှိခြင်း” ဖြစ်သည်ဟု ဘရာဇီးနိုင်ငံတွင်ပြုလုပ်သည့် လေ့လာမှုတစ်ခုကဖော်ပြသည်။ သို့သော်၊ သင့်ကလေးသည် ဤသို့သောကြမ္မာဆိုးနှင့် ကင်းဝေးနိုင်ပါသည်။ သင်၌ရွေးချယ်စရာ ရှိပါသည်။
သို့ရာတွင် ကလေးငယ်၏ကျန်းမာရေးကို မိခင်ဖြစ်သူက ကြိုးစားကာကွယ်စောင့်ရှောက်စေကာမူ အခြားအိမ်သူအိမ်သားများ၏ မကောင်းသောအမူအကျင့်ကြောင့် မကြာခဏ ထိခိုက်ပျက်စီးလေ့ရှိတတ်သည်။ နီပေါနိုင်ငံမှ မိခင်တစ်ဦး၏အဖြစ်ကို သာဓကအဖြစ်ကြည့်ပါ။ သူမသည် လင်ယောက်ျားဖြစ်သူနှင့် သုံးနှစ်သမီးတို့နှင့်အတူ စိုထိုင်းသောအခန်းတစ်ခန်းတွင် နေထိုင်ကြသည်။ ထိုအခန်းကျဉ်းကလေးသည် မီးဖိုချောင်မှမီးခိုးနှင့် ဆေးလိပ်ငွေ့တို့ဖြင့် မွန်းလျက်ရှိသည်ဟု Panoscope မဂ္ဂဇင်း၌ရေးသားဖော်ပြသည်။ ထိုကလေးသည် အသက်ရှူခြင်းနှင့်ဆိုင်သောကူးစက်ရောဂါ ခံစားနေရသည်။ “ကျွန်မယောက်ျားကို ဆေးလိပ်မသောက်ဖို့ တားလို့ကိုမရဘူး၊ အခုကျွန်မဟာ ယောက်ျားအတွက် စီးကရက်ဝယ်ပေးပြီး ကလေးအတွက် ဆေးဝယ်ပေးနေရပါတယ်” ဟူ၍ မိခင်ဖြစ်သူက ညည်းညူမြည်တမ်းရှာသည်။
ဝမ်းနည်းစရာကောင်းသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ပို၍ပို၍များပြားသည့် ပြည်သူတို့က ဆေးလိပ်ကိုသောက်လာခြင်းဖြင့် အလွန်လိုအပ်သည့်ဝင်ငွေကို ဖြုန်းတီးလာကြသည်နှင့်အမျှ အထက်ပါအမျိုးသမီး၏ အကျပ်အတည်းမျိုးမှာ တစ်နေ့တခြားများပြားလာသည်။ အမှန်ဆိုရလျှင် ဥရောပနှင့်အမေရိကန်ပြည်ထောင်စုတို့တွင် ဆေးလိပ်သောက်သူတစ်ယောက် ဆေးလိပ်ဖြတ်လျှင် လက်တင်အမေရိကနှင့် အာဖရိကတိုက်တို့တွင် ဆေးလိပ်စသောက်သူနှစ်ယောက် တိုးလာသည်။ သွေးဆောင်ဖြားယောင်းသည့်ကြော်ငြာများသည် အဓိကတရားခံပင်ဖြစ်ကြောင်း Roken Welbeschouwd အမည်ရှိ ဒတ်ချ်စာအုပ်ကထောက်ပြသည်။ “ဗာစီတီစီးကရက်– ဦးနှောက်ကို အထူးကြည်လင်စေသည်” နှင့် “ဂိုးလ်လိဖ်စီးကရက်– အရေးအပါဆုံးပုဂ္ဂိုလ်များအတွက် အရေးအကြီးဆုံးစီးကရက်” အစရှိသောဆောင်ပုဒ်များက ဆေးလိပ်သောက်ခြင်းသည် တိုးတက်အောင်မြင်ကြီးပွားခြင်းနှင့် ဆက်စပ်နေသယောင် ဆင်းရဲသားများအား ယုံကြည်လက်ခံစေသည်။ သို့သော် ဆန့်ကျင်ဘက်သာလျှင် အမှန်တရားဖြစ်သည်။ ဆေးလိပ်သောက်ခြင်းသည် ပိုက်ဆံမီးရှို့ခြင်းဖြစ်သည့်အပြင် ကျန်းမာရေးကိုပါ ထိခိုက်ယိုယွင်းစေသည်။
ဤအချက်ကို စဉ်းစားသုံးသပ်ကြည့်ပါ။ လူတစ်ဦးသည် စီးကရက်တစ်လိပ်ကို သောက်လိုက်သည့်အခါတိုင်း သူ၏သက်တမ်း ဆယ်မိနစ်တိုသွားသည့်အပြင် နှလုံးရောဂါနှင့် လေဖြတ်ခြင်းမှစ၍ အဆုတ်၊ လည်ချောင်း၊ ပါးစပ်ကင်ဆာများနှင့် အခြားသောရောဂါများ ဖြစ်ပွားစေသည့်အန္တရာယ်ကို တိုးပွားစေသည်။ “ဆေးလိပ်သောက်သုံးခြင်းသည် ကမ္ဘာပေါ်တွင် အချိန်မတန်သေဆုံးရခြင်းနှင့် မစွမ်းမသန်ဖြစ်ရခြင်း အကြောင်းတရားများအနက် ကြို၍တားဆီးနိုင်သည့် တစ်ခုတည်းသောအကြီးဆုံး အကြောင်းတရားဖြစ်သည်” ဟု UN Chronicle မဂ္ဂဇင်းကဆိုသည်။ ‘ကြို၍တားဆီးနိုင်သည့်အကြောင်းတရား’ ဟူ၍ဆိုထားသည်ကိုသတိပြုပါ။ သင့်အနေဖြင့် နောက်ဆုံးစီးကရက်မီးကိုငြိမ်းသတ်၍ ဆေးလိပ်ကိုဖြတ်ပစ် နိုင် ပါသည်။
သင့်ကျန်းမာရေးအပေါ် ဩဇာလွှမ်းမိုးသည့် အမူအကျင့်ဆိုင်ရာ ရွေးချယ်စရာ အမြောက်အမြားရှိသည်မှာ ဆိုဖွယ်မရှိပါ။ ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမရှိ စာကြည့်တိုက်တွင် ဖတ်ရှုနိုင်သည့်အကြောင်းအရာအချို့ကို ဤဆောင်းပါး၏စာမျက်နှာ ၁၁ မှလေးထောင့်ကွက်တွင် ဖော်ပြထားပါသည်။ မှန်ပါသည်၊ဗဟုသုတတိုးပွားရေးအတွက် အပတ်တကုတ် အားထုတ်ကြိုးပမ်းရန်လိုသည်။ သို့ရာတွင် “ကျန်းမာရေးအခြေအနေအကြောင်း အသိပညာဗဟုသုတရှိသည့် အသိဉာဏ်အလင်းရပြီးသူများ ပါဝင်ခြင်းမရှိပါက ကျန်းမာသောလူ့ဘောင် ဖြစ်လာနိုင်မည်မဟုတ်” ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရာရှိတစ်ဦးကဆိုသည်။ ထို့ကြောင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေရန် တစ်ပြားတစ်ချပ်မျှ ကုန်စရာမလိုသော မိမိကိုယ်ကိုပညာပေးရေးခြေလှမ်းကို တက်လှမ်းပါလေ။
ကျန်းမာရေးနှင့် နေအိမ်ဝန်းကျင်
သင့်ကျန်းမာရေးကို အများဆုံးသြဇာလွှမ်းမိုးသည့် ပတ်ဝန်းကျင်မှာ သင့်နေအိမ်နှင့် သင့်အိမ်နီးချင်းဖြစ်သည်ဟု The Poor Die Young စာအုပ်ကဖော်ပြသည်။ သင့်ပတ်ဝန်းကျင်သည် သောက်သုံးရေကြောင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ ကူးစက်ရောဂါ၊ အရေပြားရောဂါ၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါ၊ တိုက်ဖွိုက်ရောဂါနှင့် အခြားသောရောဂါတို့သည် အန္တရာယ်ကင်းသောသောက်သုံးရေ မလုံလောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
သင်သည် ရေပိုက်ခေါင်းကိုဖွင့်လိုက်ရုံနှင့် လက်ဆေး၍ရသည်ဆိုလျှင် အိမ်ထဲ၌ ရေပိုက်သွယ်တန်းထားခြင်းမရှိသူများသည် ရေရရှိရေးအတွက် နေ့စဉ်နှင့်အမျှ အချိန်မည်မျှပေးရသည်ကို သင်နားလည်သဘောပေါက်ရန် လွယ်ကူမည်မဟုတ်။ များသောအားဖြင့် ဘုံဘိုင်ခေါင်းတစ်ခုကို လူပေါင်း ၅၀၀ မက စုပေါင်းသုံးရတတ်သည်။ သို့နှင့် တန်းစီစောင့်ရသည်။ ဝင်ငွေနည်းသူများသည် ပို၍အချိန်ကြာကြာအလုပ်လုပ်ရသဖြင့် စောင့်ဆိုင်းရခြင်းသည် “၎င်းတို့ငွေရှာနိုင်သည့်အချိန်ကို ကုန်ဆုံးစေသည်” ဟု Environmental Problems in Third World Cities စအုပ်ကထောက်ပြထားသည်။ ထို့ကြောင့် လူခြောက်ယောက်ရှိသော မိသားစုသည် တစ်ရက်လျှင် ရေ ၃၀ ပုံးလိုအပ်သော်လည်း အချိန်ကိုချွေတာသည့်အနေနှင့် ရေကိုလျှော့၍ထမ်းကြသည်မှာ မထူးဆန်းပါ။ သို့နှင့် အစားအစာ၊ ပန်းကန်ခွက်ယောက်နှင့် အဝတ်အစားများကို ဆေးကြောလျှော်ဖွပ်ရန်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေအလွန်နည်းပေမည်။ ယင်းကြောင့် မိသားစု၏ကျန်းမာရေးကို အန္တရာယ်ပြုသည့် သန်းနှင့်ယင်ကောင်များကို လက်ယပ်ခေါ်သည့် အခြေအနေများ ဖြစ်ပေါ်လာရပြန်သည်။
ဤအခြေအနေကို စဉ်းစားကြည့်ပါ။ အကယ်၍ သင့်အနေဖြင့် ရပ်ဝေး၌အလုပ်ဆင်းရန် စက်ဘီးကိုအားထားနေရသည်ရှိသော် ချိန်းကြိုးကိုဆီထည့်ရန်၊ ဘရိတ်ပြုပြင်ရန်၊ သို့မဟုတ် စပုတ်တိုင်လဲရန်အတွက် အပတ်စဉ် အချိန်အနည်းငယ်အသုံးပြုရသည်ကို ဆုံးရှုံးမှုဟု သင်ယူမှတ်မည်လော။ ယူမှတ်မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် ပြုပြင်ထိန်းသိမ်းမှု မလုပ်ဘဲထားခြင်းအားဖြင့် အချိန်အနည်းအကျဉ်း ချွေတာနိုင်မည်ဖြစ်သည့်တိုင်အောင် နောက်ပိုင်းတွင် စက်ဘီးပျက်သွားသည့်အခါ တစ်ရက်လုံးအလုပ်ပျက်သွားနိုင်သည်။ အလားတူစွာ၊ သင့်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရေအလုံအလောက် မထမ်းဘဲနေမည်ဆိုပါက တစ်ပတ်လျှင် အချိန်နှင့်ငွေအနည်းအကျဉ်း ပို၍ရရှိနိုင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်မှု ညံ့ဖျင်းမှုကြောင့် သင့်ကျန်းမာရေးပျက်ပြားလာသည့်အခါ ရက်ပေါင်းများစွာ၊ ငွေများစွာ ဆုံးရှုံးရပေမည်။
ရေအလုံအလောက်ရရှိရေးကို မိသားစုစီမံချက်တစ်ရပ်အနေနှင့် ဆောင်ရွက်နိုင်ပေသည်။ အရပ်ဒေသယဉ်ကျေးမှုအရ ရေထမ်းခြင်းတာဝန်ကို မိခင်ဖြစ်သူနှင့်သားသမီးများက ယူရသည့်တိုင်အောင် စိုးရိမ်ကြောင့်ကြတတ်သောဖခင်ဖြစ်သူသည်လက်ပိုက်ကြည့်နေမည်မဟုတ်ဘဲ ကိုယ်တိုင်ခွန်အားစိုက်ထုတ်၍ ဝိုင်းဝန်းကူညီမည်ဖြစ်သည်။
သို့သော် အိမ်သို့ ရေရောက်လာပြီးနောက် ရေကိုသန့်သန့်ရှင်းရှင်း မည်သို့ထားရမည်နည်းဟူသော ဒုတိယပြဿနာပေါ်လာပြန်သည်။ သောက်ရေကို အခြားအတွက်သုံးသည့်ရေနှင့်အတူ တစ်နေရာတည်း၌မထားပါနှင့်ဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတို့က အကြံပေးကြသည်။ ရေအိုးရေပုံးများကို အဖုံးလုံလုံဖြင့် အမြဲတစေဖုံးအုပ်ထားပါ။ ရေထဲမှအညစ်အကြေးများ အနည်ထိုင်စေရန် ရေကို ခေတ္တမျှငြိမ်ငြိမ်ထားပါ။ ခပ်သုံးသည့်အခါ၌ ရေကိုလက်နှင့်မထိစေဘဲ လက်ကိုင်ပါသော သန့်ရှင်းသည့်ခွက်ကိုသုံးပါ။ ရေအိုးရေပုံးများကို ချွတ်ဆေးဖြင့် မှန်မှန်သန့်ရှင်းပေးပါ၊ ၎င်းနောက် ရေသန့်ဖြင့်ကျင်းပေးပါ။ မိုးရေကောမည်သို့နည်း။ (မိုးရွာခဲ့သည်ရှိသော်) မိုးရေသည်အဆစ်ဖြစ်သည့်ပြင် အကယ်၍ မိုးရေနှင့်အတူ ရေလှောင်ကန်ထဲသို့ အညစ်အကြေးများပါမလာပါက၊ အကယ်၍ ရေလှောင်ကန်ကို အင်းဆက်ပိုးများ၊ကိုက်ဖျက်တတ်သောသတ္တဝါများနှင့် အခြားတိရစ္ဆာန်များ၏ရန်မှ ကောင်းစွာကာကွယ်ထားသည်ဆိုပါက မိုးရေသည် အန္တရာယ်ကင်းပါသည်။
ရေသည် အန္တရာယ်ကင်းမကင်း မသေချာလျှင် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် သို့မဟုတ် ကယ်လဆီယမ် ဟိုက်ပိုကလိုရိုက်ကဲ့သို့သော ကလိုရင်းဓာတ်ထုတ်ဝတ္ထုကို ထည့်ပေးပါ။ ဤဓာတုပစ္စည်းများသည် ထိရောက်မှုရှိသည့်ပြင် ဈေးလည်းသက်သာပါသည်။ ဥပမာ၊ ပီရူးနိုင်ငံတွင် ဤနည်းကိုအသုံးပြုခြင်းဖြင့် သာမန်မိသားစုတစ်စုအတွက် တစ်နှစ်လျှင် နှစ်ဒေါ်လာပင်မကုန်ကျချေ။
ကျန်းမာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု
သာမန်အားဖြင့် ဆင်းရဲသားများ၏အမြင်တွင် ကျန်းမာရေးစောင့်ရှောက်မှု နှစ်မျိုးသာရှိသည်။ ၎င်းတို့မှာ (၁) ရနိုင်သော်လည်း မတတ်နိုင်သောစောင့်ရှောက်မှုနှင့် (၂) တတ်နိုင်သော်လည်း မရနိုင်သောစောင့်ရှောက်မှုတို့ဖြစ်သည်။ ဆောပေါလိုမြို့ရှိ ဆင်းရဲသားရပ်ကွက်တွင်နေထိုင်သူ ၆၅၀,၀၀၀ နီးပါးထဲမှတစ်ယောက်ဖြစ်သူ ဒွန်နာ မာရီယာက ကျန်းမာရေးစောင့်ရှောက်မှု ပထမအမျိုးအစားနှင့်ပတ်သက်၍ ဤသို့ရှင်းပြသည်– “ကျွန်မတို့အဖို့ ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာ ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီးတစ်ခုရဲ့ မှန်ဘီရိုကြီးထဲမှာပြထားတဲ့ ပစ္စည်းတစ်ခုလိုပါပဲ။ မြင်သာမြင်ရပြီး မကြင်ရတဲ့အရာပါ။” (Vandaar မဂ္ဂဇင်း) မှန်ပါသည်၊ ဒွန်နာ မာရီယာသည် နှလုံးသွေးကြောခွဲစိတ်ကုသမှု၊ အင်္ဂါအစိတ်အပိုင်းမျာ အစားထိုးကုသမှု၊ ကွန်ပျူတာဓာတ်မှန် (CAT scans) နှင့်အခြားအခြားသော အဆင့်မြင့်နည်းပညာဖြင့် ကုသမှုများပြုလုပ်သည့် ဆေးရုံများတည်ရှိရာ မြို့ကြီးပြကြီးတစ်ခုတွင် နေထိုင်သူဖြစ်ပါသည်။ သို့သော် သူမအဖို့ ထိုအရာများသည် သူမမတတ်နိုင်သည့်အရာများဖြစ်သည်။
အကယ်၍ မတတ်နိုင်သော ကျန်းမာရေးစောင့်ရှောက်မှုသည် ကုန်တိုက်တစ်ခုရှိ ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ဖြစ်ပါက တတ်နိုင်သောကျန်းမာရေးစောင့်ရှောက်မှုသည် ဝယ်ယူသူရာပေါင်းများစွာ တစ်ပြိုင်တည်း အလုအယက်တိုးဝှေ့ဝယ်ယူသည့် ဈေးနှုန်းချိုသာသောပစ္စည်းမျိုးနှင့် ပို၍တူပေလိမ့်မည်။ တောင်အမေရိကနိုင်ငံတစ်ခုမှ မကြာမီကရရှိသည့်သတင်းတစ်ပုဒ်က ဤသို့ဆို၏– ‘လူနာများသည် ဆရာဝန်နှင့်တွေ့ရန် နှစ်ရက်ကြာတန်းစီစောင့်ရသည်။ ကုတင်လွတ်များမရှိ။ ပြည်သူ့ဆေးရုံများ၌ ငွေမရှိ၊ ဆေးမရှိ၊ အစားအစာလည်းမရှိ။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုယ်နှိုက်က ချူချာနေသည်။’
အများပြည်သူ၏ကျန်းမာရေးကို စောင့်ရှောက်ပေးသည့်စနစ်၏ ဆိုးရွားနေသည့်အခြေအနေကို တိုးတက်ကောင်းမွန်စေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လူထုကို ရောဂါကာကွယ်ရေးနှင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးခြင်းအားဖြင့် ၎င်းတို့၏လုပ်ငန်းကို ရောဂါထိန်းချုပ်ရေးမှသည် ကျန်းမာရေးမြှင့်တင်ရေးဆီသို့ တဖြည်းဖြည်းချင်းပြောင်းရွှေ့လိုက်သည်။ သင့်တော်မျှတသည့်အာဟာရ၊ ဘေးကင်းသောသောက်သုံးရေနှင့် အခြေခံကျသော ကျန်းမာသန့်ရှင်းရေးအစရှိသော အထွေထွေကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်သည့်အစီအစဉ်များကြောင့် “ကမ္ဘာတစ်ဝန်း ကျန်းမာရေးအခြေအနေ သိသိသာသာတိုးတက်မှု” ရရှိလာသည်ဟု UN Chronicle စာစောင်ကဆိုသည်။ ၎င်းအစီအစဉ်များမှ သင်လည်းအကျိုးခံစားရပါသလော။ အစီအစဉ်တစ်ခုမှ သင်အကျိုးခံစားရဖွယ်ရှိသည်။ အဘယ်အစီအစဉ်နည်း။ EPI (ကျယ်ပြန့်သော ကာကွယ်ဆေးတိုက်ကျွေးခြင်းအစီအစဉ်) ဖြစ်ပါသည်။
“ကျောက်ဆေးထိုးဆရာက စာပို့သမားနေရာကိုယူ၍ ကျေးရွာအနှံ့ အိမ်တိုင်ရာရောက် အရောက်အပေါက်များလာသည်” ဟု EPI နှင့်ပတ်သက်သော အစီရင်ခံစာကဆိုသည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အာမေဇုန်မြစ်ဝှမ်းမှ ဟိမဝန္တာတောင်တန်းအထိ ကျောက်ဆေးထိုးခဲ့သည့်အပြင် ၁၉၉၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာပေါ်ရှိကလေး ၈၀ ရာခိုင်နှုန်းကို သေစေတတ်သောရောဂါခြောက်မျိုးအတွက် ကာကွယ်ဆေးများထိုးနှံပေးခဲ့သည်။ တစ်နှစ်တစ်နှစ်လျှင် EPI အစီအစဉ်က ကလေးသူငယ်သုံးသန်းကျော်၏အသက်ကို ကယ်တင်လျက်ရှိသည်။a မသန်မစွမ်းဖြစ်သွားနိုင်သော အခြားကလေးသူငယ် ၄၅၀,၀၀၀ မှာလည်းလမ်းလျှောက်၊ ပြေးလွှား၊ ကစားနိုင်ကြသည်။ သို့နှင့် ရောဂါများကိုကြိုတင်ကာကွယ်ရန်အတွက် မိဘအများအပြားတို့က သားသမီးများကို ကာကွယ်ဆေးတိုက်ကျွေးရန် မိမိတို့စိတ်နှင့်မိမိတို့ဘာသာ ဆုံးဖြတ်ကြသည်။
တစ်ခါတစ်ရံ မဖျားမနာရအောင် တားနိုင်မည်ကားမဟုတ်ပေ၊ သို့တိုင်အောင် ရောဂါမပြန့်ပွားရအောင်ကိုမူ ထိန်းချုပ်၍ရနိုင်ပါသည်။ “ကျန်းမာရေးစောင့်ရှောက်မှု ထက်ဝက်ကျော်မှာ ကိုယ်ထူကိုယ်ထစောင့်ရှောက်မှု သို့မဟုတ် မိသားစုဝင်များကပေးသော စောင့်ရှောက်မှုဖြစ်သည်” ဟု World Health မဂ္ဂဇင်းကဆို၏။ ကိုယ်ထူကိုယ်ထစောင့်ရှောက်နိုင်သည့် လွယ်ကူသောနည်းတစ်နည်းမှာ အကုန်အကျမများသော ဓာတ်ဆားရည် (ORS) ဟုခေါ်သည့် ဆားနှင့်သကြားကို ရေသန့်သန့်နှင့်ဖျော်ထားသော ဖျော်ရည်ပင်ဖြစ်သည်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူအများက ဓာတ်ဆားရည်တိုက်ကျွေးခြင်းကို ဝမ်းလျှောခြင်းကြောင့် ကိုယ်ခန္ဓာမှ ရေဓာတ်ယုတ်လျော့ခြင်းအတွက် အထိရောက်ဆုံးကုသနည်းအဖြစ် ယူဆကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ နှစ်စဉ်ဖြစ်ပွားလေ့ရှိသော ဝမ်းလျှောရောဂါဖြစ်စဉ် ၁.၅ သန်းကိုထိန်းချုပ်ရန် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုမည်ဆိုပါက တစ်ဆယ်ဆင့်သာတန်သော ဓာတ်ဆားထုပ်လေးသည် ဝမ်းလျှောရောဂါဖြင့် နှစ်စဉ်သေဆုံးရသောကလေးသူငယ် ၃.၂ သန်းထဲမှ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပေမည်။
ကယ်တင်နိုင်ပါသည်၊ သို့သော် အချို့နိုင်ငံများတွင် ဝမ်းပိတ်ဆေးများကိုသုံးစွဲမှုသည် “ဓာတ်ဆားရည်သုံးစွဲမှုထက် များပြားလျက်ပင်” ရှိနေသေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှထုတ်ဝေသည့် Essential Drugs Monitor သတင်းလွှာ၌ဖော်ပြထားသည်။ သာဓကအနေနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့တွင် ဝမ်းလျှောရောဂါကိုကုသရာ၌ ဓာတ်ဆားရည်ထက် ဆေးဝါးများကိုသုံးဆ ပို၍သုံးစွဲလေ့ရှိကြသည်။ “ဤသို့မလိုအပ်ဘဲ ဆေးဝါးများကိုသုံးစွဲခြင်းသည် ငွေကုန်ကြေးကျများပြားလှသည်” ဟု ထိုသတင်းလွှာကဆိုသည်။ ဆင်းရဲသောမိသားစုတို့သည် ဆေးဖိုးဝါးခအတွက် စားစရာများကိုပင် ရောင်းချကြရသည်။ ထို့ပြင် ဝမ်းပိတ်ဆေးများသည် လက်တွေ့အားဖြင့် တန်ဖိုးမရှိသည့်အပြင် အချို့သည် ဘေးအန္တရာယ်ပင် ဖြစ်စေနိုင်သည်ဟုလည်း သတိပေးထားသည်။ “ဆရာဝန်များအနေဖြင့် ထိုသို့သောဆေးဝါးများကို မပေးသင့်ပါ၊ . . . မိသားစုများအနေဖြင့်လည်း ထိုဆေးဝါးများကို မဝယ်သင့်ပါ။”
ဆေးဝါးများကိုညွှန်းမည့်အစား ဝမ်းလျှောရောဂါကုသရေးအတွက် ယခုအခါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စည်းမျဉ်းငါးချက် ချမှတ်လိုက်သည်။ (၁) ကလေးငယ်အား ထမင်းရည် သို့မဟုတ် လက်ဖက်ရည်ကဲ့သို့သော အရည်များများ တိုက်ကျွေးခြင်းအားဖြင့် ကိုယ်ခန္ဓာရေဓာတ်ယုတ်လျော့ခြင်းကို ကာကွယ်ပါ။ (၂) ရေဓာတ်ဆက်လက်ဆုတ်ယုတ်နေပါက ကျန်းမာရေးမှူးထံပြသ၍ ကလေးငယ်အား ဓာတ်ဆားရည်တိုက်ကျွေးပါ။ (၃) ဝမ်းလျှောရောဂါဖြစ်နေစဉ်နှင့် ဖြစ်ပြီးနောက်တွင် ကလေးငယ်အား ပုံမှန်အတိုင်းအစာကျွေးပါ။ (၄) ကလေးငယ်သည် အလွန်အမင်း ရေဓာတ်ယုတ်လျော့နေပါက အကြောမှတစ်ဆင့် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးသင့်သည်။b
အကယ်၍ ဓာတ်ဆားရည်ထုပ် အသင့်မရနိုင်ပါက လွယ်ကူသောဤအညွှန်းအတိုင်း ဂရုတစိုက်လိုက်နာပါ– ဟင်းခတ်ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းပြည့်ပြည့်၊ သကြား လက်ဖက်ရည်ဇွန်း ရှစ်ဇွန်းပြည့်ပြည့်ကို ရေသန့်တစ်လီတာ (၂၀၀ မီလီမီတာရှိသောခွက်နှင့် ငါးခွက်အပြည့်) နှင့်ရော၍ဖျော်ပါ။ ဝမ်းတစ်ခါသွားပြီးတိုင်း တစ်ခွက်တိုက်ပေးပါ။ ကလေးငယ်များကို ခွက်တစ်ဝက်တိုက်ပေးပါ။ ဤအကြောင်းကို ပိုမိုသိရှိနိုင်ရန် စာမျက်နှာ ၁၀ မှ လေးထောင့်ကွက်ကိုရှု။
သို့သော် အမှတ်စဉ်လေး အကြောင်းတရားဖြစ်သည့် ကျွန်ုပ်တို့၏ ဇီဝဖွဲ့စည်းမှုအကြောင်းနှင့်ပတ်သက်၍ အဘယ်ဆိုစရာရှိသနည်း။ ၎င်းကို မည်သို့သြဇာအရှိန် လွှမ်းမိုးနိုင်မည်နည်း။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးထားပါသည်။
[အောက်ခြေမှတ်ချက်များ]
a ထိုရောဂါခြောက်မျိုးမှာ ဆုံဆို့နာရောဂါ၊ ဝက်သက်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ အဆုတ်ရောဂါနှင့် ကြက်ညှာချောင်းဆိုးရောဂါတို့ဖြစ်ကြသည်။ ယခုအချိန်၌ အေအိုင်ဒီအက်စ်ရောဂါထက်ပင် လူကိုသေစေသည့် အသည်းရောင်-ဘီရောဂါကိုလည်း ကာကွယ်ဆေးအစီအစဉ်တွင် ထည့်သွင်းသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထောက်ခံတင်ပြထားသည်။
b ကလေး၏ဝမ်းဗိုက်အရေပြားကို ဆွဲကြည့်ပါ။ အရေပြားသည် ပုံမှန်အခြေအနေပြန်ရောက်ရန် နှစ်စက္ကန့်ထက်ပို၍ အချိန်ကြာပါက ထိုကလေးသည် ကိုယ်ခန္ဓာရေဓာတ်ယုတ်လျော့ခြင်း ဆိုးဆိုးရွားရွားဖြစ်နေနိုင်သည်။
[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်]
အခြေခံကျန်းမာရေးစောင့်ရှောက်မှု—မည်သို့လှုပ်ရှားဆောင်ရွက်သနည်း
ဤမေးခွန်း၏အဖြေ ရရှိရေးအတွက် နိုးလော့! မဂ္ဂဇင်းက တောင်အမေရိကဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဌာနေကိုယ်စားလှယ်ဖြစ်သူဒေါက်တာ မိုက်ကယ် အိုကယ်ရလ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ အောက်ပါတို့မှာ ကောက်နုတ်ချက်အချို့ဖြစ်သည်။
‘ကျွန်တော်တို့ဟာ အစဉ်အလာအားဖြင့် ဆေးဝါးကုသမှုနဲ့ ခွဲစိတ်ကုသမှုတို့အပေါ်အခြေခံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လက်ခံကျင့်သုံးလာခဲ့ကြတယ်။ အကယ်၍ ဖျားလာနာလာလို့ရှိရင် ဆရာဝန်ဆီသွားပြကြတယ်။ ကိုယ်က ဝီစကီနှစ်ပုလင်းသောက်ခဲ့တာကို သတိမရဘူး။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုံးဝမယူတာကိုလည်း မေ့ထားတယ်။ ဆရာဝန်နဲ့တွေ့လိုက်တာနဲ့ “ဆရာ၊ ကျွန်တော့်ရောဂါကို ပျောက်အောင်ကုပေးပါ” ဆိုပြီးပြောတတ်ကြတယ်။ ဒါနဲ့ ဆရာဝန်က ခင်ဗျားပါးစပ်ထဲကို တစ်ခုခုထည့်ပေးလိုက်မယ်၊ ခင်ဗျားလက်မောင်းမှာ တစ်ခုခုထိုးပေးလိုက်မယ်၊ ခင်ဗျားကိုယ်ထဲက တစ်ခုခုကိုဖြတ်ထုတ်ပစ်မယ်၊ ဒါမှမဟုတ် တစ်ခုခုကိုအစားထိုးပေးလိုက်မယ်။ ကျွန်တော်က အခုလက်ရှိအခြေအနေကို ခင်ဗျားသဘောပေါက်အောင် အကြမ်းဖျင်းသဘောနဲ့ ပြောနေတာကို ခင်ဗျားနားလည်မှာပါ။ ဒါပေမဲ့ ဒီလိုဆေးဝါးကုသမှုဟာ သမားရိုးကျလိုဖြစ်လာခဲ့တယ်။ လူ့အဖွဲ့အစည်းကြီးရဲ့ ပြဿနာတွေကို ကျွန်တော်တို့က ဆေးပညာနဲ့လွဲမှားစွာ အဖြေရှာခဲ့ကြတယ်။ ဒါနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှု၊ အာဟာရချို့တဲ့မှုနဲ့ မူးယစ်ဆေးဝါးအလွဲသုံးမှုတွေဟာ ဆေးပညာရဲ့ပြဿနာတွေ ဖြစ်လာကြတယ်။ တကယ်တမ်းဆိုရင် ဆေးပညာနဲ့မဆိုင်ပါဘူး။ ကျန်းမာရေးပြဿနာတွေတောင်မှ မဟုတ်ပါဘူး။ ဒီပြဿနာတွေဟာ ကျန်းမာရေးနဲ့ ဆေးပညာအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ လူမှုရေးပြဿနာတွေသာဖြစ်ပါတယ်။
‘နောက်ပိုင်းကျတော့မှ လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်းမှာ လူတွေက “ဟေး၊ ခဏလောက်အချိန်ယူ စဉ်းစားကြရအောင်။ ကျွန်တော်တို့တော့ လမ်းမှားလိုက်မိနေပြီ၊ကျန်းမာရေးဆိုတာဘာလဲဆိုတာကို အဓိပ္ပာယ်သတ်မှတ်ဖို့လိုလာပြီ” ဆိုပြီးပြောလာကြတယ်။ ဒီလိုနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် အခြေခံမူအချို့ကို ချမှတ်ခဲ့ကြတယ်။ ဥပမာ–
‘ရေရှည်မှာ ရောဂါကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုပြီးသနားကြင်နာရာရောက်ပြီး ပိုပြီးတော့လည်း တွက်ခြေကိုက်တယ်။ ဥပမာ၊ ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို အရေးမလုပ်ဘဲ နှလုံးရောဂါခွဲစိတ်ကုသဆောင်ကို ဆောက်လုပ်မယ်ဆိုရင် ဒီအခြေခံနဲ့ ဆန့်ကျင်ရာရောက်မယ်။ ဒီလိုပြောလိုက်လို့ ရောဂါဖြစ်လာရင် ဆေးမကုရဘူးလို့ ပြောနေတာမဟုတ်ပါဘူး။ ဆေးကတော့ကုရမှာပေါ့။ တကယ်လို့ လမ်းမပေါ်မှာ ချိုင့်ခွက်တစ်ခုရှိနေမယ်။ ဒီချိုင့်ခွက်ကြောင့် နေ့စဉ်နဲ့အမျှ မတော်တဆထိခိုက်မှုတွေ ဖြစ်ပွားနေမယ်ဆိုရင် ချိုင့်ခွက်ထဲကျလို့ ခြေထောက်ကျိုးသွားတဲ့ သနားစရာကောင်းတဲ့သူတွေကို ခင်ဗျားဆေးကုပေးမှာပဲ၊ ဒါပေမဲ့ ပိုပြီးသနားကြင်နာရာရောက်ပြီး ပိုပြီးတော့လည်း တွက်ခြေကိုက်တဲ့လုပ်ဆောင်မှုကတော့ ချိုင့်ခွက်ကိုဖို့လိုက်ရုံပါပဲ။
‘အခြေခံမူနောက်တစ်ချက်ကတော့ ကျန်းမာရေးစွမ်းပကားတွေကို ထိထိရောက်ရောက် သုံးစွဲဖို့ပဲဖြစ်ပါတယ်။ အိမ်မှဖြေရှင်းလို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုအတွက်နဲ့ လူနာကိုဆေးခန်းပို့မယ်ဆိုရင် ဒီမူနဲ့ဆန့်ကျင်ရာရောက်မယ်။ ဒါမှမဟုတ် ဆေးခန်းမှာပဲဖြေရှင်းလို့ရနိုင်တဲ့ ပြဿနာအတွက်နဲ့ လူနာကို ခေတ်မီဆန်းပြားတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ဆေးရုံကို ပို့မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဒါမှမဟုတ်၊ တက္ကသိုလ်တစ်ခုမှာ ဆယ်နှစ်ဆယ်မိုး လေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်တစ်ယောက်ကို ခြောက်လသင်တန်းတက်ရုံနဲ့ ဘယ်သူမဆိုလုပ်နိုင်တဲ့ ကာကွယ်ဆေးထိုးအလုပ်ကိုလုပ်ဖို့ စေလွှတ်မယ်ဆိုရင်လည်း ဒီအတိုင်းပါပဲ။ အဲဒီဆရာဝန်ဟာ သူသင်ကြားလေ့ကျင့်ထားတဲ့အလုပ်လုပ်ဖို့ အကြောင်းပေါ်လာလို့ရှိရင် အဆင်သင့်ရှိနေရပါမယ်။ ကျွန်တော်တို့ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုက သင်ပေးလိုက်တာတွေက လူထုကို ကျန်းမာရေးအသိပညာပေးပါ၊ ရောဂါကိုကြိုတင်ကာကွယ်ပါ၊ ပြီးတော့ ကျန်းမာရေးစွမ်းပကားတွေကို ပညာရှိရှိသုံးစွဲပါ ဆိုတာတွေပါပဲ။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
ဝမ်းလျှောရောဂါအတွက် ဓာတ်ဆားရည်နောက်တစ်မျိုး
ကာလဝမ်းရောဂါဖြစ်ပွားသော လူနာများကိုကုသရာ၌ စံအဖြစ်သတ်မှတ်ထားသော ဂလူးကို့စ်အခြေခံဓာတ်ဆားရည် (ORS) အစား ဆန်ကိုအခြေခံသည့်ဓာတ်ဆားရည်ကို အသုံးပြုရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယခုထောက်ခံထားသည်။ ဆန်အခြေခံဓာတ်ဆားရည်ဖြင့်ကုသသည့် ကာလဝမ်းရောဂါလူနာများသည် စံအဖြစ်သတ်မှတ်ထားသည့် ဓာတ်ဆားရည်ထုပ်တိုက်ကျွေးသည့် ကာလဝမ်းရောဂါလူနာများထက် ဝမ်းသွားမှု ၃၃ ရာခိုင်နှုန်းလျော့နည်းသည့်အပြင် ဖြစ်ပွားချိန်လည်းတိုတောင်းကြောင်း လေ့လာတွေ့ရှိမှုကဖော်ပြသည်။ သကြားတစ်အောင်စအစား ဆန်လှော်မှုန့်အကျက် နှစ်အောင်စသုံးအောင်စ ထည့်လိုက်ရုံနှင့် ဆန်အခြေခံဓာတ်ဆားရည် တစ်လီတာကိုရရှိနိုင်သည်။—Essential Drugs Monitor.
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]
. . . အကြောင်း နောက်ထပ်ဖတ်ရှုစရာများ
အမူအကျင့်– “ကောင်းမွန်သောကျန်းမာရေး—မည်သို့ပြုမှရရှိနိုင်သနည်း” (နိုးလော့! ၁၉၈၉၊ ဒီဇင်ဘာ ၈ ရက်၊ [လိပ်]) “ဆေးလိပ်နှင့်သင့်ကျန်းမာရေး—ဆက်နွှယ်မှုအမှန်ရှိသလော” (နိုးလော့! ၁၉၈၉၊ ဇူလိုင် ၈ ရက်၊ [လိပ်]) “ကလေးသူငယ်များအား ဆက်လက်အသက်ရှင်ရန် ကူညီပေးခြင်း!” (နိုးလော့! ၁၉၈၈၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]) “အရက်ယမကာက သင့်ခန္ဓာကိုယ်အပေါ် သက်ရောက်စေသည့်အကျိုး”—နိုးလော့! ၁၉၈၀၊ မတ် ၈ ရက်၊ [လိပ်]။
ပတ်ဝန်းကျင်– “သန့်ရှင်းခြင်းဆိုင်ရာစိန်ခေါ်မှုကို ရင်ဆိုင်ခြင်း” (နိုးလော့! ၁၉၈၈၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]) “သန့်ရှင်းလျှင်ကျန်းမာမည်!”—နိုးလော့! ၁၉၇၇၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]။
ကျန်းမာရေးစောင့်ရှောက်မှု– “အခြားသော အသက်ကယ်နည်းများ” (နိုးလော့! ၁၉၈၈၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]) “အသက်ကယ်သောဓာတ်ဆားရည်!”—နိုးလော့! ၁၉၈၅၊ စက်တင်ဘာ ၂၂ ရက်၊ [လိပ်]။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရေထမ်းရသည်မှာ တန်းစီစောင့်ရသည့်အပြင် အလုပ်အကိုင်လည်းပျက်သည်
[Credit Line]
Mark Peters/Sipa Press
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ဘေးကင်းသောရေ အလုံအလောက်ရရှိရေး—ကောင်းမွန်သောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်
[Credit Line]
Mark Peters/Sipa Press