ဆရာဝန်များနှင့် ယေဟောဝါသက်သေများစပ်ကြား ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေသော နှီးနှောဖလှယ်ပွဲ
ခရစ်ယာန်များအား မည်သည့်နည်းနှင့်မျှ သွေးမသွင်းရန် ဘုရားသခင့်ပညတ်တော်က တားမြစ်ထားသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ၎င်းပညတ်တော်ကိုနာခံခြင်းကြောင့် တစ်ခါတစ်ရံ လူတို့က ခရစ်ယာန်များအပေါ် နားလည်မှုလွဲမှားကာ ၎င်းတို့၏ကျန်းမာရေးပြဿနာများအတွက် ထိရောက်မှုရှိသော အခြားဆေးဝါးကုသမှုကိုမပေးဘဲ ငြင်းပယ်တတ်ကြသည်။
ယေဟောဝါသက်သေများသည် ၎င်းတို့နှင့်ဆရာဝန်များစပ်ကြား နားလည်မှုတိုးပွားစေရန်နှင့် ဆရာဝန်များအား သွေးအသုံးမပြုဘဲ ကုသမှုပေးနိုင်ရန်ကူညီသည့်အနေနှင့် အထောက်အကူပြု ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ရပ်ကို ထူထောင်လိုက်သည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့က နယူးယောက်၊ ဘရွတ်ကလင်မြို့တွင် ဆေးရုံပြန်ကြားရေး ဝန်ဆောင်မှုလုပ်ငန်းများ (Hospital Information Services, HIS) ကိုထူထောင်၍ ရွေးချယ်ခံရသောသက်သေခံ အကြီးအကဲများအား ဆေးရုံဆက်သွယ်ရေးကော်မီတီများ (Hospital Liaison Committees, HLCs) တွင် တာဝန်ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးသည်။ ဆေးပညာသုတေသနများစွာပြုလုပ်ပြီး ရရှိသည့်အကျိုးရလဒ်များကို ဆေးရုံဆက်သွယ်ရေးကော်မတီများဆိုင်ရာ နှီးနှောဖလှယ်ပွဲများတွင် ရှင်းလင်းတင်ပြသည်။ ဤသတင်းအချက်အလက်များကို ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုဌာနများသို့ တစ်ဖန်တင်ပြကြသည်။ မလိုအပ်သည့်ထိပ်တိုက်တွေ့ ခြင်းကို ရှောင်ရှားသည့်အနေနှင့် သက်သေခံတို့သည် အတွေ့အကြုံရှိသောဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသည့်အစီအစဉ်များကိုလည်း ပြုလုပ်ကြသည်။
ဤအစီအစဉ် အောင်မြင်၏လော။ တင်ပြသည့် သတင်းအချက်အလက်များသည် အမှန်ပင်အထောက်အကူဖြစ်သလော။ ဆရာဝန်များ မည်သို့တုံ့ပြန်ကြသနည်း။ မကြာမီကကျင်းပခဲ့သည့် ဆေးရုံဆက်သွယ်ရေးကော်မတီ နှီးနှောဖလှယ်ပွဲတစ်ခုကိုတက်ရောက်ခဲ့သည့် ဆရာဝန်တစ်ဦးရေးသားသည့် အောက်ပါအမြင်သဘောထားများသည် ဗဟုသုတဖြစ်စရာ၊ အားတက်စရာကောင်းလှသည်။
“ဤအမြင်သဘောထားများသည် ရိုးသားပွင့်လင်း၍ သင်တို့အဖို့အသုံးဝင်လိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။
“ဦးဆုံးအနေနှင့်၊ နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်မှ ရောက်ရှိလာသည့် ဆေးရုံပြန်ကြားရေး ဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ထမ်းအဖွဲ့ဝင်များ ရှင်းလင်းတင်ပြသည့် ဒုတိယအကြိမ် ဆေးရုံဆက်သွယ်ရေးကော်မတီ နှီးနှောဖလှယ်ပွဲကိုတက်ရောက်ရန် ဖိတ်ကြားခြင်းခံရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။ ဤအစည်းအဝေးနှင့်ပတ်သက်သည့် ကျွန်ုပ်၏မျှော်လင့်ချက်များသည် ပြည့်ဝရုံမျှမက များစွာပင်ကျော်လွန်ခဲ့ပါသည်။ သဘာပတိဖြစ်သူ၏ အဖွင့်အမှာစကားများက နှစ်ရက်တာအစီအစဉ်၏ သဘောသဘာဝကို ဖွင့်ဆိုပြသွားသည်။ သူက ဆေးရုံဆက်သွယ်ရေးကော်မတီသည် ဖျားနာသောသက်သေခံများ ဆေးရုံတက်နေစဉ်အတွင်း လိုအပ်သည့်အကူအညီများကို ပံ့ပိုးဖြည့်ဆည်းပေးသည့် ယန္တရားတစ်ခုသက်သက်မျှသာ မဟုတ်ကြောင်း အလေးထားပြောကြားသွားသည်။ ဤကော်မတီက သက်သေခံများနှင့်ပတ်သက်၍ အများပြည်သူနှင့်ဆရာဝန်များ၊ ဆေးရုံစီမံအုပ်ချုပ်သူများနှင့် အခြားသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ယေဘုယျအားဖြင့် လက်ခံယုံကြည်ထားသည့် ယုံတမ်းစကားများစွာ၏ သရုပ်မှန်ကိုဖော်ထုတ်ရန် အခွင့်ထူးရရှိစေသည်။
“ယေဟောဝါသက်သေများသည် ဆေးပညာဆိုင်ရာယုံကြည်ချက်များတွင် ခရစ်ယာန်သိပ္ပံပညာရှင်များအသင်းနှင့် လုံးလုံးမတူကြောင်း ထိုသူတို့သိလာသည့်အခါ အလွန်ပင်အံ့အားသင့်ကြသည်။ သက်သေခံများသည် မည်သို့သေဆုံးမည်ဟူသော ‘သေခြင်းအခွင့်အရေး’ ကိုကျင့်သုံးခြင်းမရှိသကဲ့သို့ မိမိတို့ကိုယ်ကို အာဇာနည်သူရဲကောင်းဘွဲ့ခံယူရန်လည်း မကြိုးစားကြပါ။ ထိုနည်းတူ သွေးပြဿနာမှာလည်း အဖွဲ့အစည်းဆိုင်ရာ ထင်မြင်ယူဆချက်မဟုတ်ဘဲ လူတစ်ဦး နှစ်နှစ်ခြိုက်ခြိုက်ယုံကြည်လက်ခံသည့် ပုဂ္ဂလိကယုံကြည်ချက်သာဖြစ်ပါသည်။ ဤသို့သော ဖွင့်ဟအသိပေးမှုများက ဆေးရုံဆက်သွယ်ရေးကော်မတီသည် ပညာရေးကဏ္ဍတွင် အမှန်ပင်အကျိုးပြုကြောင်း ပေါ်လွင်ထင်ရှားသည်။ မှန်ပါသည်၊ ထူးခြားမှတ်သားစရာကောင်းသည်မှာ ဆရာဝန်များပင် ပညာယူစရာ၊ သွေးမပါသည့်အခြားကုထုံးများနှင့်စပ်လျဉ်း၍ လေ့လာဆည်းပူးစရာများစွာရှိပေသည်။ ဤအစီအစဉ်အားဖြင့်တင်ပြသည့် သုတေသနပြုချက်ဆိုင်ရာနယ်ပယ်နှင့် နက်ရှိုင်းမှုတို့သည် ကျွန်ုပ်အဖို့အံ့မခန်းဖွယ်ရာများပင်ဖြစ်သည်။ အကြောင်းအရာများစွာသည် ကျွန်ုပ်အဖို့ အသစ်အဆန်းလုံးလုံးဖြစ်သည်။ ဆေးရုံဆက်သွယ်ရေးကော်မတီ၏ ပညာရေးဆိုင်ရာဆောင်ရွက်ချက်များသည် ဤမျှသာမဟုတ်ပါ။ ဤအကြောင်းအရာများသည် ဆေးရုံစီမံအုပ်ချုပ်သူများ၊ လူမှုရေးအကျိုးဆောင်များ၊ ဥပဒေဆိုင်ရာနှင့် တရားစီရင်ရေးဆိုင်ရာအရာရှိများကိုပါ အကျိုးပြုပါသည်။
“၎င်းကော်မတီတို့သည် သက်သေခံများ၏ယုံကြည်ချက်နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြသည့် ဆရာဝန်များကိုရှာဖွေပြီး အဆက်အသွယ်ပြုလုပ်ကာ အကူအညီရအောင်အထူးကြိုးပမ်းကြသည်။ ဤဆောင်ရွက်ချက်သည် ဆရာဝန်များနှင့်သာအကျုံးဝင်သည်မဟုတ်ပါ။ ဆေးရုံဆက်သွယ်ရေးကော်မတီသည် ဆေးရုံများ၊ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများ၊ ရှေ့နေများနှင့် တရားသူကြီးများနှင့်လည်း အလုပ်သဘောအရ ဆက်ဆံရေးများကို ထူထောင်ပေးလျက်ရှိသည်။ ဤကော်မတီကထုတ်ပြန်သည့် ထူးခြားထင်ရှားသော သတင်းစကားမှာ ယေဟောဝါသက်သေများသည် အကျိုးသင့်အကြောင်းသင့်ရှိသူများဖြစ်သည်၊ အယူသီးသူများမဟုတ်၊ သွေးမပါသည့်အခြားကုထုံးများကို ရယူလိုသူများသာဖြစ်ကြပါသည်။ . . . သွေးသွင်းခြင်း၌ သိသာထင်ရှားသည့်အန္တရာယ်များရှိသည်။ ဆေးရုံဆက်သွယ်ရေးကော်မတီက အဆိုပါအန္တရာယ်များကိုဖော်ထုတ်ရာတွင် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ထမ်းဆောင်သည့်အပြင် သွေးနှင့်သွေးမှထုတ်လုပ်သည့်ပစ္စည်းများ၏ ဖြစ်နိုင်ဖွယ်ရှိသောအန္တရာယ်များကိုလည်း ဆေးလောကအသိုင်းအဝိုင်းကို ပဓာနပြုကာတင်ပြသည်။
“ဆေးရုံပြန်ကြားရေး ဝန်ဆောင်လုပ်ငန်းများနှင့် ကင်းမျှော်စင်အသင်းတို့က ဆေးရုံဆက်သွယ်ရေးကော်မတီထံပေးပို့သည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ ကျွန်ုပ်အစဉ်သဖြင့် အံ့သြမဆုံးဖြစ်မိသည်။ သို့သော် အလုပ်ကျွမ်းကျင်သူ မည်သူမဆို ကောင်းစွာသိရှိသည့်အတိုင်း မည်သည့်အလုပ်မဆို သင့်တော်သောလက်နက်ကိရိယာများရှိလျှင် မုချအောင်မြင်ပြီးစီးနိုင်ပါသည်။ . . . ဆေးဘက်ဆိုင်ရာ အရေးပေါ်ကိစ္စ အားလုံးနီးပါးအတွက် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်ပေးနိုင်သည့် အစီအစဉ်များကို စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြားသိလိုက်ရသဖြင့် အလွန်ပင်စိတ်ဝင်စားမိသည်။ ဆေးရုံဆက်သွယ်ရေးကော်မတီဝင် တစ်ဦးစီအား အရေးကြီးသည့် ဖွားသေစာရင်းဆိုင်ရာ အချက်အလက်များရယူရန်၊ ဆရာဝန်များနှင့် ဆေးရုံများ၏သဘောထားကို လျင်မြန်စွာအကဲခတ်တတ်စေရန်၊ အရေးပေါ်အခြေအနေနှင့် တရားရုံးအမိန့်ဖြင့် သွေးသွင်းခြင်းကဲ့သို့သော ဆေးရုံမှဥပဒေကြောင်းအရ အရေးယူလာနိုင်ဖွယ်ရှိသည့် ခြိမ်းခြောက်မှုတို့၏ အတိမ်အနက်ကို မှန်မှန်ကန်ကန်အကဲဖြတ်တတ်ရန် လေ့ကျင့်သင်ကြားပေးသည်။
“ကျွန်ုပ်တို့သည် သက်သေခံလူမမာများ၏ လိုအပ်ချက်များနှင့် လိုအင်ဆန္ဒကိုရှင်းပြသည့်နည်းလမ်းများ၊ မယုံကြည်သောဆွေမျိုးများကို မည်သို့ကိုင်တွယ်ရမည့်နည်းလမ်းများအပြင် လူမမာအား လက်ရှိကုသပေးနေသည့်ဆရာဝန်များကို မည်သို့အဆက်ဖြတ်၍ သက်သေခံများ၏လိုအပ်ချက်များကို ပို၍တုံ့ပြန်လိုက်လျောသည့် အခြားဆေးရုံများသို့ မည်သို့ပြောင်းရွှေ့ရမည့်နည်းလမ်းများကို ရှာကြံကြသည်။ ဆေးရုံဆက်သွယ်ရေးကော်မတီနှင့် လူထုဆက်သွယ်ရေးယန္တရားတို့၏ အပြန်အလှန်ဆက်သွယ်မှုကိုလည်း ပဓာနပြုဆွေးနွေး၍ လမ်းညွှန်ချက်များချမှတ်ပြီး သက်သေခံများသည် ဆေးကုထုံးမှန်သမျှကို ငြင်းပယ်ခြင်းမဟုတ်ဘဲ သွေးကိုသာငြင်းပယ်ခြင်းဖြစ်ကြောင်း ထပ်မံ၍အလေးပေးတင်ပြသွားသည်။ သဘောအားဖြင့် ဘာသာတရားကိုင်းရှိုင်းသော ကက်သလစ်တစ်ဦးက သန္ဓေဖျက်ချခြင်းကိုငြင်းပယ်သော်လည်း ခွဲစိတ်ကုသမှုအားလုံးကို ငြင်းပယ်ခြင်းမပြုသည်နှင့်တူသည်ဟု မှတ်ယူနိုင်ပေသည်။
“ဆက်သွယ်ရေးကော်မတီဝင်များသည် ဆေးရုံနှင့်ဆရာဝန်များသာမက တစ်ခါတစ်ရံတွင် သက်သေခံများကိုယ်တိုင် မေးမြန်းတတ်သည့် သာမန်မေးခွန်းအများအပြားကို ဖြေရှင်းတတ်ရန်လည်း လေ့ကျင့်သင်ကြားပေးထားသည်။ ၎င်းမေးခွန်းများအနက် ရောဂါပြီး ဂလိုဗျူလင်များ (immunoglobulins)၊ အယ်လ်ဗျူမင် (albumin) တို့ကိုလက်ခံခြင်း၊ ခရိုင်ယိုအနည် (cryoprecipitate)၊ သို့တည်းမဟုတ် သွေးကျဲခြင်း (hemodilution)၊ ခန္ဓာကိုယ်ပြင်ပသွေးလှည့်ပတ်မှု (extracorporeal circulation)၊ ဆဲလ်ဆေဗာ (cell saver)၊ သို့မဟုတ် ဟီမိုဒိုင်ယာလစ်ဆစ် hemodialysis) အစရှိသော ဆေးကုသမှုဆိုင်ရာနည်းပညာများကို သုံးစွဲခြင်းတို့ပါဝင်ဖွယ်ရှိသည်။
“သက်သေခံများနှင့် သူတို့၏ယုံကြည်ချက်အတွက် ခုခံကာကွယ်ရာ၌ တရားဥပဒေကို သိရှိနားလည်၍ အသုံးပြုခြင်းအကြောင်းပါဝင်သည့် စိတ်ဝင်စားဖွယ်ကောင်းသော ဥပဒေရေးရာ သုံးသပ်ဆွေးနွေးခန်းကို ကျွန်ုပ်အထူးနှစ်သက်စွဲလမ်းမိသည်။ သက်သေခံတို့၏ ဆေးကုသမှုဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို ကာကွယ်ရေးအတွက် အခြေခံဖြစ်သည့် တရားရေးဆုံးဖြတ်ချက်များအကြောင်းသည် ပို၍စိတ်ဝင်စားဖွယ်ကောင်းသော ဆွေးနွေးခန်းဖြစ်ပေသည်။ အချို့သူတို့အဖို့ ဆေးရုံဆက်သွယ်ရေးကော်မတီ၏အလုပ်သည် အပိုအလုပ်၊ မလိုအပ်သောအလုပ်ဖြစ်သည်ဟု ထင်ကောင်းထင်မည်။ သို့သော် အမှန်အတိုင်းဆိုရလျှင် ဤအထောက်အကူပြုကွန်ယက်လုပ်ငန်းသည် မရှိမဖြစ်လိုအပ်ပေသည်။ ကျွန်ုပ်သည် ဆေးရုံအသိုင်းအဝိုင်းအကြောင်း ကောင်းကောင်းမသိသော၊ သွေးမပါသောအခြားကုသမှု များစွာရှိသည်ကိုပင်မသိသော သက်သေခံလူနာများကို နေ့စဉ်နှင့်အမျှတွေ့ဆုံရသည်။ ထို့ပြင်၊ ဆေးရုံဆက်သွယ်ရေးကော်မတီက သိရှိထားသည့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသော ဆရာဝန်အားလုံးကို သိကျွမ်းနိုင်မည်မဟုတ်သကဲ့သို့ သွေးမပါသောဆေးကုသမှုကိုရှာဖွေရာ၌ ကျွန်ုပ်တို့တစ်ဦးစီ၌ရှိသော ဥပဒေဆိုင်ရာအခွင့်အရေးများနှင့် တစ်ဦးစီရင်ဆိုင်ရသော ဥပဒေဆိုင်ရာတာဝန်များအကြောင်းတို့ကို သိရှိသူ အလွန်တရာနည်းပေသည်။
“ဆေးရုံကော်မတီ၏ ကြိုးပမ်းအားထုတ်မှုအကြောင်းကို အလျဉ်းသင့်၍ချီးမွမ်းပါရစေ။ ကျွန်ုပ်ကိုယ်တိုင်သည် နှလုံးရောဂါအထူးကုဆရာဝန်ကြီး ဖြစ်သော်ငြားလည်း ကျွန်ုပ်၏ဘာသာရပ်နှင့် တိုက်ရိုက်သက်ဆိုင်သည့် ဂျာနယ်အများအပြားကိုဖတ်ရှုရန် အချိန်များများမပေးနိုင်သည်ကို တွေ့ရပါသည်။ နယ်ပယ်အပိုင်းအခြား ပို၍ကျယ်ဝန်းသည့် အထွေထွေရောဂါကုဆေးပညာ (internal medicine) အကြောင်းဆိုလျှင် ပို၍ပင်ဆိုဖွယ်မရှိပေ။ ကျွန်ုပ်၏လူနာများအား သွေးမပါသည့်ကုထုံးဖြင့် ကုသပေးရာ၌ ရင်ဆိုင်ရသည့်ပြဿနာများအတွက် အလွန်တိကျသည့်အဖြေရရှိရန် များပြားလှသည့် ဆေးပညာစာပေများတွင် ရှာဖွေရသည်မှာ ကောက်ရိုးပုံတွင် အပ်ရှာရသည်နှင့်တူပေသည်။ ဤနေရာ၌လည်း ကင်းမျှော်စင်အသင်းက လိုအပ်သောအကူအညီပေးထားသည်။ ကောက်ရိုးပုံနှင့်တူသော ဂျာနယ်ဆောင်းပါးများထဲမှ အပ်နှင့်တူသော သက်ဆိုင်ရာအကြောင်းအရာကို ဆွဲထုတ်နိုင်သည့် သံလိုက်ကိုပေးထားသည်။
“ဘရွတ်ကလင်ဌာနချုပ်မှ ခေတ်နှင့်အညီအဆက်မပြတ် ပြုပြင်မွမ်းမံသည့်အကြောင်းအရာများက ကျွန်ုပ်၏လုပ်ငန်းအပေါ် အကျိုးပြုသည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် ထောက်ကူပေးသည်။ ဤအကြောင်းအရာများသည် ကျွန်ုပ်ရင်းနှီးသော ကွန်ပျူတာဝန်ဆောင်လုပ်ငန်းမှရရှိသော မည်သည့်ဆေးပညာဂျာနယ် ဝေဖန်ချက်ထက်မဆို အသေးစိတ်ကျပြီး ပို၍အရေးကြီးပါသည်။ သို့ဖြစ်ရကား၊ သေရေးရှင်ရေးကိစ္စဖြစ်နေသောကြောင့် ဤအကြောင်းကိုစဉ်းစားသုံးသပ်အပ်ပေသည်။”—အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဘေးဒေသမှ နှလုံးရောဂါအထူးကု ဆရာဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာ စတင်ဖင် အီး. ပုပ် ပေးပို့သည်။
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်
• အမေရိကန်ပြည်ထောင်စုတွင် ယေဟောဝါသက်သေများနှင့်ပူးပေါင်း၍ သွေးမပါသောဆေးကုသမှုပေးလိုသည့် ဆရာဝန်ပေါင်း ၁၈,၀၀၀ ခန့်ရှိသည်။ တစ်ကမ္ဘာလုံးတွင် ၅၀,၀၀၀ ရှိသည်။
• အမေရိကန်ပြည်ထောင်စုတွင် သွေးမပါသည့်ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ဆေးကုဌာနပေါင်း ၄၅ ခုရှိသည်။ တစ်ကမ္ဘာလုံးတွင် ၈၀ ရှိသည်။