အင်ဒိုနီးရှားနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံအကြောင်း ခြုံငုံသုံးသပ်ချက်
နယ်မြေ ဩစတြေးလျတိုက်နဲ့ အာရှတိုက်ကြား အီကွေတာကို ခွလျက်တည်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးကျွန်းစုနိုင်ငံ ဖြစ်ပါတယ်။ ကျွန်းပေါင်း ၁၇,၅၀၀ ကျော်ရှိပြီး ကျောက်သားထူထပ်တဲ့တောင်တန်းတွေ၊ အပူပိုင်းသစ်တောကြီးတွေ ရှိတယ်။ မီးတောင်ရှင် ၁၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်မှာ မီးတောင်ရှင်အများဆုံးဒေသ ဖြစ်တယ်။
လူမျိုး (တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုပြီးရင်) ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံပါ။ လူမျိုးစုပေါင်း ၃၀၀ ကျော်ရှိပြီး လူဦးရေတစ်ဝက်ကျော်လောက်က ဂျာဗားနဲ့ဆွန်ဒါလူမျိုးစု ဖြစ်တယ်။
ဘာသာရေး ၉၀ ရာခိုင်နှုန်းလောက်က အစ္စလာမ်ဘာသာ ကိုးကွယ်ကြတယ်။ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေလည်း ရှိတယ်။ အများစုက မိရိုးဖလာဓလေ့ထုံးစံတွေကို လိုက်ကြတယ်။
ဘာသာစကား ဘာသာစကား ၇၀၀ ကျော် ပြောဆိုတယ်။ အများသုံးစကားကတော့ မလေးစကားကနေ ဆင်းသက်လာတဲ့ အင်ဒိုနီးရှားစကားဖြစ်ပြီး အိမ်မှာတော့ ဒေသသုံးဘာသာစကားကို ပြောကြတယ်။
အသက်မွေးဝမ်းကျောင်း အသေးစားလယ်ယာလုပ်ငန်း၊ အသေးစားအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြတယ်။ သစ်၊ ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့ နဲ့ တွင်းထွက်ပစ္စည်း အများဆုံးထွက်ပြီး ရာဘာနဲ့ စားအုန်းဆီက အဓိကပို့ကုန်ဖြစ်တယ်။
အစားအစာ ဆန်က အဓိကအစားအစာပါ။ လူကြိုက်များတဲ့ အစားအစာတွေထဲမှာ နာဆီဂေါရန်း (အသီးအရွက်နဲ့ ကြက်ဥထမင်းကြော်)၊ ဆာတေး (အသားတုတ်ထိုးကင်)၊ ဂါဒို-ဂါဒို (မြေပဲဆော့စ်နဲ့ အရွက်သုပ်) တို့ပါတယ်။
ရာသီဥတု ပူအိုက်စိုစွတ်တယ်။ မုတ်သုံလေကြောင့် ခြောက်သွေ့ရာသီနဲ့ စိုစွတ်ရာသီ နှစ်မျိုးရှိပြီး မုန်တိုင်းကျလေ့ရှိတယ်။