ကမ္ဘာတစ်ဝန်းမှ မှတ်တမ်း
◼ သမုဒ္ဒရာကျွန်းများ
နယ်မြေအရေအတွက်– ၃၀
လူဦးရေ– ၃၃,၇၇၃,၃၀၄
ကြေညာသူအရေအတွက်– ၉၂,၆၉၁
ကျမ်းစာသင်အံမှုအရေအတွက်– ၄၄,၉၉၉
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်၊ ကျေးလက်ဒေသရှိ ဝေးခေါင်သောရထားဘူတာရုံတစ်ခုတွင် ကြေညာသူနှစ်ဦးသည် ပြည်နယ်တွင်းရှိ ရထားနှစ်စီးထဲမှတစ်စီး ဆိုက်သည့်အခါတိုင်း စာအုပ်စင်တစ်ခုကို ခင်းကျင်းပြသထားကြသည်။ ရထားများ—အင်ဒီယန်းပစိဖိတ်နှင့် သည်ဂမ်—တို့သည် ထိုနေရာတွင် နှစ်နာရီကြာရပ်နားသောကြောင့် ကြေညာသူများသည် ခရီးသည်များနှင့် ကောင်းစွာစကားစမြည်ပြောဆိုခွင့်ရပြီး စာပေစာတမ်းများစွာကို ဝေငှခဲ့ကြသည်။ အပြန်ခရီးတွင် အချို့ခရီးသည်များသည် ကြေညာသူများထံ “ပြန်လည်ပတ်မှု” ပင်ပြုလုပ်သွားကြသည်။
သည်ဂမ်ရထားမှ တွဲစောင့်က ခရီးသည်များ ပျော်ရွှင်စေရန် ရထားဆိုက်သည့်ဘူတာတိုင်းရှိ စိတ်ဝင်စားဖွယ်အချက်များကို ကြေညာပေးလေ့ရှိသည်။ အစောပိုင်းက နိုင်ငံတော်ကြေညာသူများထံမှ နှစ်သက်ဖွယ်ရာများ ရရှိထားကြသောကြောင့် ယခုအခါ သူ၏ကြေညာချက်တွင် ကြေညာသူများ၏ စာအုပ်စင်အကြောင်းကိုပါ ဖော်ပြသည်။ မှန်ပါသည်၊ သီးခြားဒေသရှိ ထိုသက်သေခံများ၏ ကြံရည်ဖန်ရည်ကြောင့် ဩစတြေးလျနှင့် တိုင်းတစ်ပါးမှလာသူ ခရီးသည်အားလုံးတို့သည် ကောင်းသောသက်သေခံချက်ကို ရရှိကြသည်။
မိုက်ခရီနီးရှားကျွန်းစု၊ ကော့စ်ရီကျွန်းမှ သာသနာပြုမောင်နှံစုံသည် အသက် ၈၀ ကျော်နေပြီဖြစ်သော နှစ်ခြင်းဓမ္မဆရာတစ်ဦးကို အသိပညာစာအုပ် ဝေငှခဲ့ကြသည်။ ကော့စ်ရီဘာသာစကားပြောသူ ၁၀,၀၀၀ ပင်မရှိသော်လည်း စာအုပ်ကို ကော့စ်ရီဘာသာစကားဖြင့် ထုတ်ဝေထားခြင်းဖြစ်သည်။ ဓမ္မဆရာသည် ထိုစာအုပ်ရ၍ ကျေးဇူးတင်ကြောင်းပြောခဲ့သည်။ သူ့ထံသို့ မောင်နှံစုံပြန်လည်ပတ်သည့်အခါ သက်သေခံများ၏ စာပေများကိုလက်ခံဖို့ သူ၏အသင်းသားများကို အားပေးခဲ့ကြောင်း ပြောပြသည်။ သာသနာပြုများက အဘယ်ကြောင့် ထိုသို့အားပေးရကြောင်း မေးမြန်းခဲ့ကြသည်။ “ကျွန်တော့်ရဲ့ဘာသာက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဘာသာစကားနဲ့ စာအုပ်တွေကိုမထုတ်နိုင်လို့ပဲ” ဟုပြန်ဖြေခဲ့သည်။ သာသနာပြုမောင်နှံသည် ယခု အသက်ကြီးနေပြီဖြစ်သော ထိုဓမ္မဆရာနှင့် ပုံမှန်ဆွေးနွေးမှုများကို ပြုလုပ်နေကြသည်။
မာရှယ်ကျွန်းစုတွင် သာသနာပြုညီအစ်မတစ်ဦးသည် မလှုပ်ရှားသောညီအစ်မတစ်ဦးနှင့် ဘုရားသခင့်နှုတ်ကပါဌ်တော် လေ့လာပေးရန် တောင်းဆိုခံခဲ့ရသည်။ တုံ့ပြန်မှုကောင်း မရရှိသောကြောင့် သာသနာပြုက အမျိုးသမီးအား “တခြားလူတွေက ညီမကိုချစ်တဲ့အကြောင်း ပြောလာတဲ့အခါ ဘယ်လိုခံစားရသလဲ” ဟုမေးမြန်းခဲ့သည်။ “ကျွန်မကို ဘယ်သူမှ အဲသလို မပြောဖူးဘူး” ဟုစိတ်ရှုပ်ထွေးစွာ ပြန်ဖြေခဲ့သည်။ သာသနာပြုက ကိုယ်ကိုညွတ်ကာ သူမကိုပိုက်ဖက်လိုက်ပြီး “ကျွန်မ ညီမကိုချစ်တယ်။ အဲဒီအပြင် ယေဟောဝါက ညီမကို ပိုပြီးတော့တောင် ချစ်သေးတယ်” ဟုပြောလိုက်သည်။ မလှုပ်ရှားသောညီအစ်မသည် ငိုချလိုက်ပြီး ထိုအချိန်မှစ၍ ယေဟောဝါအပေါ် သူမ၏သဘောထား ပြောင်းလဲခဲ့သည်။ သူမသည် နေ့စဉ်ကျမ်းစာဖတ်ရှုခြင်း အစီအစဉ်ကို အစပြုပြီး အစည်းအဝေးအားလုံးကို တက်ရောက်ကာ အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်လာသည့်အထိပင် ဝိညာဉ်ရေးတွင် တိုးတက်လာခဲ့သည်။ သို့ဖြင့် ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် မှန်မှန်ရှေ့ဆောင်အဖြစ် အမှုဆောင်ရန် လျှောက်လွှာတင်ခဲ့သည်။ ထိုအချိန်မှစ၍ ကျမ်းစာသင်အံမှုများစွာကို စတင်ကျင်းပခဲ့ပြီး သာ၍လိုအပ်သော ဝေးလံသည့်သီးခြားကျွန်းတစ်ကျွန်းတွင် သက်သေခံခြင်းလုပ်ငန်း၌ တစ်လပါဝင်ခဲ့သည်။
နယူးကယ်လီဒိုးနီးယားကျွန်းတွင် သာသနာပြုတစ်ဦးသည် မိတ်ဆွေတချို့နှင့်အတူ ကမ်းခြေတွင် အပန်းဖြေနေစဉ် ထိုကျွန်းတွင်နေထိုင်သော ဆွေမျိုးများထံ လည်ပတ်ရောက်လာသူ ပြင်သစ်နိုင်ငံမှ အမျိုးသမီးငယ်တစ်ဦးကို အလွတ်သဘော သက်သေခံလိုက်သည်။ ထိုအမျိုးသမီးသည် စစ်သမီးတစ်ဦးဖြစ်ပြီး ဆာရာယေဗိုတွင် စစ်မှုထမ်းခဲ့သူဖြစ်သည်။ သာသနာပြုက အမျိုးသမီးအား တစ်ဦးကိုတစ်ဦး အမှန်တကယ်ချစ်မြတ်နိုးကြသည့် လူများအလယ်တွင် နေထိုင်လိုသလောဟု မေးခဲ့သည်။ ထိုစစ်သမီးက နေထိုင်လိုသည်ဟု ဖြေဆိုခဲ့သည်၊ သို့သော် လက်ရုံးရည်နှလုံးရည်ပြည့်ဝသည့် စစ်တပ်ရှိသော တန်ခိုးကြီးသည့်အစိုးရတစ်ခုတည်းကသာ စစ်မှန်သောငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
ထို့နောက် သာသနာပြုက သူမ၏သက်သေခံမိတ်ဆွေများသည် လူမျိုးချင်းကွဲပြားကြသော်လည်း ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းနှင့် မေတ္တာကြောင့် စည်းလုံးကြသည်ဟု ရှင်းပြခဲ့သည်။ နှစ်သက်ဖွယ်ဆွေးနွေးမှုပြီးနောက် သူတို့နှစ်ယောက်သည် နောက်တစ်နေ့တွင် နောက်ထပ်အကြောင်းအရာများကို ဆွေးနွေးရန် စီစဉ်ခဲ့ကြသည်။ စစ်သမီးဖြစ်သူသည် ချိန်းထားသည့်အချိန်တွင် ရောက်လာပြီး ဦးဆုံးကျမ်းစာလေ့လာမှုတွင် ပျော်မွေ့ခဲ့သည်။ ထို့နောက် အစည်းအဝေးအားလုံးကို စတင်တက်ရောက်ခဲ့သည်။ ဝိညာဉ်ရေးရာတွင် ပိုမိုခံတွင်းတွေ့လာပြီး သူမ၏ခွင့်ရက်ကုန်ခါနီးလာသဖြင့် နေ့စဉ်ကျမ်းစာလေ့လာခဲ့သည်။ ထို့နောက် စည်းဝေးပွဲတစ်ခုကို တက်ရောက်ကာ ဒေသခံဌာနခွဲရုံးသို့ လည်ပတ်ခဲ့ပြီးနောက် ပြင်သစ်သို့ပြန်သွားခဲ့သည်၊ ထိုတွင် သူမသည် ဝိညာဉ်ရေးတွင် ဆက်လက်တိုးတက်နေသည်။
ဂျီနီသည် ပါပူဝါ နယူးဂီနီတွင်နေထိုင်သော လူငယ်ကြေညာသူတစ်ဦးဖြစ်သည်။ သူမသည် လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်ကို ကျောင်းသို့ယူသွားလေ့ရှိသည်။ တစ်နေ့တွင် သူတို့၏အင်္ဂလိပ်စာဆရာက အတန်းသားအားလုံးကို သူတို့ကြိုက်ရာရွေးပြီး တိုတုတ်သောဟောပြောချက်တစ်ခုပြင်ဆင်ရန် ပြောခဲ့သည်။ ဂျီနီသည် လူငယ်များအမေးစာအုပ်၊ အပိုင်း ၈ ကိုအခြေခံကာ မူးယစ်ဆေးဝါးနှင့် အရက်အကြောင်း ပြင်ဆင်ခဲ့သည်။ ဆရာက သူ၏ဟောပြောချက်ကို စိတ်စွဲမှတ်သွားပြီး သူမဆန္ဒရှိမည်ဆိုလျှင် သူမ၏ဟောပြောချက်ကို “အတန်းသားအားလုံး၏ရှေ့တွင် ဟောပြော” နိုင်သည်ဟုပြောခဲ့သည်။ သို့ဖြင့် ဂျီနီဟောပြောခဲ့သည်။ ပြီးနောက် သူ၏ဆရာက နောက်နေ့တွင် ဆယ်တန်းအခန်းတွင်လည်း သူ၏ဟောပြောချက်ကို ပေးနိုင်မနိုင် မေးခဲ့သည်။ ဂျီနီသည် ဖိတ်ခေါ်ချက်ကို လက်ခံခဲ့သည်။ သူဟောပြောပြီးနောက် သူ၏အင်္ဂလိပ်စာဆရာက ကျောင်းသားများ စကားပြောဆိုနိုင်သောည ကျင်းပဖြစ်မည်ဆိုလျှင် သူမ၏ဟောပြောချက်ကို အစီအစဉ်တွင် ပါဝင်စေရန် သူကြိုးစားမည်ဟု ပြောခဲ့သည်။ သူမ၏ဟောပြောချက်နှစ်ခုကြောင့် ဂျီနီသည် လူငယ်များအမေးစာအုပ် ၆၄ အုပ်အတွက် တောင်းဆိုစာရရှိခဲ့သည်။ ထို့ပြင် ကျောင်းသူနှစ်ဦးက တောင်းဆိုဘရိုရှာကို တောင်းဆိုခဲ့ပြီး ဂျီနီသည် သူတို့နှစ်ဦးနှင့်အတူ ကျမ်းစာသင်အံမှု စတင်နိုင်ပြီဖြစ်သည်။
စောလမွန်ကျွန်းစုတွင် လူမျိုးစုအကြမ်းဖက်မှုများကြောင့် ညီအစ်ကိုများစွာသည် အိမ်မြေပိုင်ဆိုင်ရာများ ဆုံးရှုံးခဲ့ကြပြီး ငွေကြေးအခက်အခဲကို ရုန်းကန်ခဲ့ရသည်။ နေအိမ်ပျက်စီးသွားသော မောင်နှံစုံသည် သူတို့၏လက်ကျန်ငွေအားလုံးနီးပါး သုံးပစ်ရမည့်သဘောဖြစ်သော်လည်း မခန့်အပ်သေးသောရပ်ကွက်အချို့တွင် အမှုဆောင်လုပ်ငန်း၌ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ခရီးစဉ်အတွက် သူတို့၏ကနူးလှေကို အသုံးပြုစေခဲ့သည်၊ တွေ့ကြုံခဲ့ဖူးသမျှတွင် အကောင်းဆုံးသက်သေခံခြင်းဖြစ်သည်ဟု နောက်ပိုင်းတွင် သူတို့ဖော်ပြခဲ့သည်။ စိတ်ဝင်စားသူများထံ ပြန်သွားရန်လည်း စီစဉ်ထားကြသည်။ သို့သော် ငွေကြေးကိစ္စကို မည်သို့စီစဉ်ကြမည်နည်း။ ရံဖန်ရံခါသာ အမှုဆောင်သည့်ရပ်ကွက်မှ ပြန်လာပြီး တစ်ပတ်ခန့်အကြာတွင် အမျိုးသားတစ်ဦးသည် ငွေအလုံအလောက်ဖြင့် သူတို့ထံရောက်ရှိလာပြီး တိုက်ပွဲဖြစ်ချိန်အတွင်း သူတို့ထားရစ်ခဲ့သည့် အိမ်မြေကိုဝယ်ယူရန် ကမ်းလှမ်းခဲ့သည်။
ဗန္နူဝါတူးကျွန်းစုမှ စန်တိုကျွန်းပေါ်ရှိ ဒေသခံနိုင်ငံတော်ခန်းမသည် များသောအားဖြင့် ခရိုင်စည်းဝေးကြီး ကျင်းပရာနေရာဖြစ်ခဲ့သည်။ သို့ရာတွင် ၂၀၀၁ ခုနှစ်တွင် ကြေညာသူအရေအတွက်က ခန်းမမဆံ့နိုင်အောင်ဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုအချိန်အထိ အားကစားပွဲများအတွက်သာအသုံးပြုခဲ့သော ထိုဒေသရှိ အားကစားကွင်းငယ်တစ်ခုကို ညီအစ်ကိုများက ငှားရမ်းခဲ့သည်။ ညီအစ်ကိုများက စည်းဝေးကြီးမတိုင်မီနှင့် စည်းဝေးကြီးပြီးနောက် သန့်ရှင်းရေးလုပ်ပေးမည်၊ အချို့ကိုလည်း ပြုပြင်ပေးမည်ဟု အာမခံခဲ့သော်လည်း တက်ရောက်သူများကြောင့် အဆောက်အအုံ ပျက်စီးနိုင်သည်ဟု စိုးရိမ်ကာ မန်နေဂျာက ဈေးကြီးကြီးတောင်းခဲ့သည်။
မန်နေဂျာသည် စတိုးဆိုင်တစ်ခုကို ပိုင်ဆိုင်သောကြောင့် သက်သေခံများ အားကစားကွင်းကို သန့်ရှင်းရေးလုပ်ရန်နှင့် ပြုပြင်ရန် ပစ္စည်းများဝယ်နေသည်ကို တွေ့မြင်ခဲ့သည်။ စူးစမ်းလိုစိတ်ကြောင့် အဘယ်အရာလုပ်ဆောင်နေကြသည်ကို သွားရောက်ကြည့်ရှုခဲ့သည်။ အားကစားကွင်းသို့ သူရောက်သွားသောအခါ စေတနာ့ဝန်ထမ်း ၁၀၀ ကျော်သည် တိုက်ချွတ်ဆေးကြော၊ တံမြက်စည်းလှဲ၊ ဆေးသုတ်နေကြသည့်အပြင် အိမ်သာများကို ပြုပြင်နေကြသည်ကို တွေ့ရှိခဲ့ရသည်။ သူသည် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ မကြာမီ တစ်မြို့လုံးသည် အစွန်းအကွက်မရှိ ပြုပြင်ထားသော အားကစားကွင်းအကြောင်းကို ပြောဆိုနေတော့သည်။ စည်းဝေးကြီးပြီးနောက် ညီအစ်ကိုများက ငှားရမ်းခပေးသောအခါတွင် မန်နေဂျာ၏သဘောထားမှာ လုံးလုံးပြောင်းလဲနေပြီဖြစ်သည်။ သူသည် ၈၀ ရာခိုင်နှုန်း လျှော့ပေးခဲ့ပြီး နောက်နောင်တွင် အားကစားကွင်းကို ယေဟောဝါသက်သေများ အခမဲ့သုံးနိုင်ကြောင်း ပြောခဲ့သည်! ကြေညာသူ ၃၀၀ သည် စည်းဝေးကြီးတွင် တက်ရောက်သူ ၈၃၂ ယောက်ရှိပြီး ၁၃ ယောက်နှစ်ခြင်းခံခဲ့သောကြောင့် ဝမ်းသာပီတိဖြစ်ခဲ့ကြသည်။
▪ အာရှနှင့် အရှေ့အလယ်ပိုင်း
နယ်မြေအရေအတွက်– ၄၇
လူဦးရေ– ၃,၈၆၉,၈၈၁,၉၇၀
ကြေညာသူအရေအတွက်– ၅၆၁,၂၇၆
ကျမ်းစာသင်အံမှုအရေအတွက်– ၃၉၀,၁၅၁
အိန္ဒိယဌာနခွဲသည် ရုပ်မြင်သံကြားဗီဒီယိုထုတ်လွှင့်မှုအစီအစဉ်ကြောင့် တိုင်းပြည်အတွင်း ကောင်းသောသက်သေခံချက်ရရှိခဲ့ကြောင်း မှတ်တမ်းပေးပို့ရ၍ ဝမ်းမြောက်ကြသည်။ ရုပ်မြင်သံကြားဌာနတစ်ခုသည် ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာ—သင့်အသက်တာ၌ ယင်း၏သြဇာတန်ခိုး ဗီဒီယိုခွေအကြောင်း ကြားသိခဲ့သည်။ ထို့ကြောင့် ထိုဌာနက ဟုမ်းရှက်နတီ (ချမ်းမြေ့အိမ်ထောင်) အစီအစဉ်တွင် ထုတ်လွှင့်ခွင့်ပေးရန် နယူးယောက်ကမ္ဘာ့ဌာနချုပ်သို့ စာရေးခဲ့သည်။ ခွင့်ပြုချက်ရခဲ့ပြီး ဗီဒီယိုခွေကို ၂၀၀၂ နှစ်ဆန်းပိုင်းတွင် “တစ်နိုင်ငံလုံးရှိ အိမ်သားတိုင်းအတွက် ထုတ်လွှင့်” ပေးခဲ့သည်ဟု အိန္ဒိယဌာနခွဲက ဆိုသည်။
အစ္စရေးတွင် လက်ဟန်ပြဘာသာစကားကို တတ်ကျွမ်းသူ ညီအစ်မတစ်ဦးသည် လမ်းပေါ်တွင် ဆွံ့အ,နားမကြားသော ဘန်နီနှင့် ရှယ်ရွန်မောင်နှံနှင့် တွေ့ဆုံခဲ့သည်။ သူသည် အိမ်ပြန်မည့်ဘတ်စကားပေါ် တက်လိုက်မည့်အစား ထိုမောင်နှံကို သက်သေခံခဲ့ရာ သူတို့က ညီအစ်မကို အိမ်သို့ဖိတ်ခေါ်ခဲ့သည်။ ဘန်နီ၏ ကနဦးစပ်စုလိုစိတ်မှ နိုင်ငံတော်သတင်းတရားကို အမှန်စိတ်ဝင်စားလာသောကြောင့် မကြာမီ အသင်းတော်အစည်းအဝေးများကို တက်ရောက်ခဲ့သည်။ သို့ရာတွင် သူသည် နားလုံးလုံးမကြားသည့်အပြင် အမြင်အာရုံလည်း အလွန်အားနည်းနေသည်။ ထို့ကြောင့် အစည်းအဝေးသို့သွားရန်နှင့် လက်ဟန်ပြဘာသာပြန်ဆိုမှုကို နားလည်သဘောပေါက်ရန် အလွန်ကြိုးစားအားထုတ်ခဲ့ရသည်။ သို့သော် သူသည် ကြိုးစားအားထုတ်ခဲ့သည့်အပြင် တစ်ချိန်တည်းတွင် သူ့အသက်တာနှင့် ဥပဓိရုပ်ကို သမ္မာကျမ်းစာမူနှင့်ကိုက်ညီစေရန် ဆက်ကြိုးစားခဲ့သည်။
ဘင်နီ၏မသန်စွမ်းမှုကိုထောက်သော် သူ၏တိုးတက်မှုသည် ထူးခြားသည်။ သူသည် အစည်းအဝေးများတွင် မှတ်ချက်ပေးသည်၊ စကားပြန်မှတစ်ဆင့် တင်ဆက်နေရသည့်တိုင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားဟောပြောချက်များပေးနေသည်၊ မကြာသေးမီက နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်လာခဲ့သည်။ သူ၏ဇနီး ရှယ်ရွန်သည်လည်း အကြားအမြင်အာရုံ အကန့်အသတ်သာရှိသော်လည်း နောက်ပိုင်းတွင် ကျမ်းစာစတင်လေ့လာခဲ့ပြီး ကောင်းစွာတိုးတက်နေသည်။ ဘင်နီနှင့် ရှယ်ရွန်သည် သူတို့အသစ်တွေ့ရှိထားသော ယုံကြည်ချက်ကို အကြားအာရုံချို့တဲ့သော သူတို့၏အသိမိတ်ဆွေများအား ဝေမျှနေကြသည်။
ဂျပန်မှ ဖုကူးအမည်ရှိ ညီအစ်မတစ်ဦးသည် သူမ၏သားသမီးသုံးဦးမှတစ်ဆင့် တွေ့ဆုံရသူများသည် သူ၏အထူးရပ်ကွက်ဖြစ်သည်ဟု သတ်မှတ်ထားသည်။ သူမ၏ရပ်ကွက်တွင် အိမ်နီးချင်းများ၊ နေ့ကလေးထိန်းကျောင်းနှင့် စာသင်ကျောင်းတွင် သူတွေ့ဆုံရသော မိဘများ၊ မိဘဆရာကျောင်းအစည်းအဝေးများတွင် တွေ့ရသောမိဘများပါဝင်သည်။ မိမိကိုယ်ကို မိတ်ဆက်သည့်အခါတိုင်း သူ၏သားသမီးများကို ပြုစုပျိုးထောင်ရာတွင် သမ္မာကျမ်းစာသည် အဖိုးထိုက်သောအထောက်အကူဖြစ်ကြောင်း ရိုးရိုးလေးနှင့် လှိုက်လှိုက်လှဲလှဲ ထုတ်ဖော်ပြောဆိုသည်။ ပြီးနောက် ပညာရှိစွာဖြင့် တခြားအကြောင်းအရာများကို ပြောဆိုလေသည်။ ရင်းနှီးဖော်ရွေစွာ အစပြုချဉ်းကပ်ပြောဆိုခြင်းသည် အကျိုးဆက်အနေနှင့် ကျမ်းစာဆွေးနွေးမှု ဖြစ်လာစေရန် များစွာလွယ်ကူကြောင်း သူမတွေ့ရှိခဲ့သည်။ ဖုကူး၏နည်းလမ်းသည် အကျိုးရှိခဲ့သလော။ ရှိခဲ့ပါသည်၊ သူသည် ယခုအချိန်ထိ လူ ၁၂ ယောက်ကို နှစ်ခြင်းခံရန် ကူညီပေးခဲ့ပြီး သူတို့ထဲမှငါးဦးသည် ယခုရှေ့ဆောင်လုပ်နေကြသည်။ ဖုကူးကိုယ်တိုင် အလွတ်သဘောသက်သေခံခြင်းအားဖြင့် သမ္မာတရားရရှိခဲ့သောကြောင့် ယင်းနည်းကို ကြိုးစားလုပ်ဆောင်လျက်ရှိသည်။
ကာဇက်စတန်နိုင်ငံ၊ မြို့ငယ်လေးတစ်မြို့မှ အမျိုးသမီးတစ်ဦး၏ ကလေးငယ်သည် ဖျားပြီး သေဆုံးသွားခဲ့သည်။ တစ်ဖန် သူ၏ဒုတိယကလေးမှာလည်း မွေးပြီးမကြာမီပင် သေဆုံးသွားပြန်သည်။ စိတ်ရောကိုယ်ပါ ဒုက္ခဝေဒနာခံစားရသဖြင့် နောက်ဆုံးတွင် အမျိုးသမီးကို ဆေးရုံတင်လိုက်ရသည်။ တစ်ည အိပ်ရာထဲလဲနေချိန်တွင် သူနာပြုဆရာမတစ်ဦး၏ တီးတိုးရေရွတ်ပြောဆိုသံကို ကြားလိုက်ရသည်။ အသေအချာနားထောင်လိုက်သည့်အခါ ယေဟောဝါသက်သေတစ်ဦးဖြစ်သော ထိုသူနာပြုဆရာမသည် သူ၏နာမည်ကိုတပ်ကာ ဆုတောင်းပေးနေကြောင်း သူသိလိုက်ရသည်။ နောက်နေ့နံနက်တွင် သူနာပြုဆရာမက အမျိုးသမီးအား ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ဖြင့် နှစ်သိမ့်ပေးခဲ့သည်။ ထို့နောက် မကြာမီ အမျိုးသမီးသည် ဆေးရုံမှဆင်းသွားသည်။
ငါးနှစ်ကြာပြီးနောက် ရက်တစ်ရက်တွင် သူမဆေးရုံတက်နေစဉ် သူ၏ဆွေမျိုးသားချင်းများသည် လူတစ်ဦးနှင့် သူနာပြုဆရာမ ပြောပြခဲ့သည့် ထပ်တူအကြောင်းအရာကို ပြောဆိုနေကြသည်ကို အမှတ်တမဲ့ကြားလိုက်သည်။ သူစိမ်းသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ရမည်ဟု ယူမှတ်ပြီး မိမိကိုယ်ကိုမိတ်ဆက်ခဲ့ရာ ကျမ်းစာသင်အံမှုတစ်ခု စီစဉ်ခဲ့ကြသည်။ နောက်ထပ်ငါးနှစ် အကုန်မခံတော့ဟု ဆုံးဖြတ်ကာ လုံ့လဝီရိယရှိစွာ လေ့လာခဲ့ပြီး ဝိညာဉ်ရေးတွင် ကောင်းစွာတိုးတက်ခဲ့သည်။ မကြာမီ သူ၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့သည်။ သူမ ပထမဆုံးအကြိမ်တက်ရောက်ခဲ့သော စည်းဝေးပွဲတွင် လွန်ခဲ့သော ငါးနှစ်ကျော်က မိမိအားနှစ်သိမ့်ပေးခဲ့သည့် သူနာပြုဆရာမနှင့် ဆုံတွေ့ခဲ့ချိန်တွင် သူမည်မျှစိတ်လှုပ်ရှားခဲ့မည်ကို မြင်ယောင်ကြည့်ပါ! မျက်ရည်ကျကာ သူဤသို့ဆို၏– “ဆေးရုံမှာတုန်းက ရှင့်ရဲ့ဆုတောင်းသံကို ကျွန်မ,မကြားခဲ့ရဘူးဆိုရင် သမ္မာတရားကို လက်ခံခဲ့မှာမဟုတ်ဘူး။ အဲဒီဆုတောင်းချက်ဟာ ကျွန်မရဲ့နှလုံးကို ထိမိခဲ့တယ်။”
ထိုင်ဝမ်ရှိဘဏ်တစ်ခုတွင် အခြားအမျိုးသမီး ၂၀ နှင့်အတူ အလုပ်လုပ်နေသော ညီအစ်မတစ်ဦးသည် သူ၏အလုပ်ဖော်များ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စိတ်ဝင်စားလာရန် ကြိုးစားရာတွင် ချဉ်းကပ်နည်းအသစ်သုံးရန် ဆုံးဖြတ်ခဲ့သည်။ “နေ့လယ်နားချိန်အတွင်း တစ်ပတ်လျှင်တစ်ကြိမ် ၃၀-၄၅ မိနစ်ခန့်ကြာမည့် အခမဲ့ကျမ်းစာဆွေးနွေးမှုကို တက်ရောက်ဖို့” ဖိတ်ခေါ်သည့်စာကို တစ်နေ့,နေ့လယ်နားချိန်အတွင်း ပြင်ဆင်ခဲ့သည်။ ထိုဆွေးနွေးမှုက “သင့်အား သမ္မာကျမ်းစာ၏ အခြေခံအသိပညာရရှိရန် အထောက်အကူပြုမည်” ဟုဖော်ပြထားသည်။ ညီအစ်မသည် ဖိတ်စာပေါ် လက်မှတ်ရေးထိုးပြီး ရုံးခန်းရှိစားပွဲတိုင်းတွင် တစ်စောင်စီ တင်ထားခဲ့သည်။ ထိုနေ့,မွန်းလွဲတွင် သူ၏ကမ်းလှမ်းချက်ကို လေးယောက်လက်ခံခဲ့သည်။
ထိုင်းနိုင်ငံတွင် အရောန်အမည်ရှိ အမျိုးသားတစ်ဦးသည် အလုပ်ဖော်တစ်ဦးမှတစ်ဆင့် ယေဟောဝါသက်သေများကို စိတ်ဝင်စားလာခဲ့သည်။ “ကျွန်တော့်ရဲ့အလုပ်ဖော်ဟာ သက်သေခံတွေနဲ့ စပေါင်းသင်းတဲ့အချိန်ကစပြီး သူ့အသက်တာမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေလုပ်ခဲ့တာကို ကျွန်တော် သတိထားမိတယ်၊ ကျွန်တော်လည်း အဲဒီလိုပဲဖြစ်ချင်တယ်” ဟုအရောန်,ရှင်းပြခဲ့သည်။ အရောန်သည် လောင်းကစားသည့်အပြင် မူးယစ်ဆေးလည်းသုံးသည်။ ယင်းအကျင့်ဆိုးများကို ဖြတ်ဖို့ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ သူ,အိမ်ထောင်ပြုခဲ့ပြီး ကလေးရှိလာမည်ဆိုလျှင် ပိုမိုစဉ်းစားချင့်ချိန်လာတတ်မည်ဟု စဉ်းစားခဲ့သည်။ သို့သော် သမီးမွေးဖွားလာသော်လည်း ဘာမျှမပြောင်းလဲခဲ့ပါ။ “နောက်ဆုံးတော့ ကျွန်တော့်ဇနီးဟာ ဆက်ပြီးသည်းမခံနိုင်တော့ဘူး၊ ကျွန်တော့်ကိုထားခဲ့ပြီး သမီးကိုတော့ အဒေါ်တစ်ယောက်က ကြည့်ရှုပေးခဲ့တယ်။”
အရောန် စိတ်ဓာတ်ကျနေချိန်တွင် သူ၏အလုပ်ဖော်က နိုင်ငံတော်ခန်းမသို့ ဖိတ်ခေါ်ခဲ့သည်။ အရောန် သွားရောက်ခဲ့ရာ စင်မြင့်မှပြောဆိုရာများကို အနည်းငယ်သာ နားလည်ခဲ့သော်လည်း နွေးထွေးပြီး ဖော်ရွေသည့်ဝန်းကျင်တွင် သူပျော်မွေ့ခဲ့သည်။ ယင်းနောက် သူသည် အစည်းအဝေးများကို ပုံမှန်တက်ရောက်ခဲ့ပြီး ကျမ်းစာသင်အံမှုကမ်းလှမ်းသည်ကို လက်ခံကာ သူသိရှိလာရာကို စတင်ကျင့်သုံးခဲ့သည်။ သူ၏အိမ်ထောင်ကို ပြန်လည်ထူထောင်လိုစိတ်ပြင်းပြသောကြောင့် သူ့ဇနီးအား အကြောင်းစုံပြောပြခဲ့သော်လည်း သူအမှန်တကယ်ပြောင်းလဲခဲ့ပြီဖြစ်ကြောင်းကို မယုံကြည်ခဲ့ချေ။ အရောန်က ဤသို့ပြောပြ၏– “ကျွန်တော် သူ့ကိုသက်သေခံပြီး ကျွန်တော့်ရဲ့ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံဖို့ သူ့ကိုဖိတ်ခေါ်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော် လှည့်စားခံနေရတယ်လို့ပြောပြီး ငြင်းခဲ့တယ်။ ဒါပေမဲ့ သူ့ဆီ ကျွန်တော်မပြတ်သွားလည်ပြီး ဆက်အားပေးခဲ့တယ်။ ငါးလလောက်အကြာမှာ သူ့စိတ်တွေပျော့လာပြီး ကျွန်တော်နဲ့အတူ အစည်းအဝေးလိုက်တက်တယ်။ အဲဒီနောက် မကြာခင် သူလည်း ကျမ်းစာသင်အံမှုကို လက်ခံခဲ့တယ်။”
ယခု အရောန်နှင့် သူ့ဇနီး၊ သူတို့၏သမီးတို့သည် စည်းလုံးပျော်ရွှင်သော မိသားစုဖြစ်နေပြီ။ မိဘနှစ်ဦးစလုံးသည် ၂၀၀၁ ခုနှစ် ဘန်ကောက်ခရိုင်စည်းဝေးကြီးတွင် နှစ်ခြင်းခံခဲ့ကြသည်။ ထို့ပြင် အရောန်၏ညီသည် ယခင်က အကျင့်ပျက်သောအသက်တာနှင့် နေခဲ့သော်လည်း သတင်းကောင်းကိုတုံ့ပြန်ကာ ယခုအခါ နှစ်ခြင်းမခံရသေးသော ကြေညာသူဖြစ်နေပြီ။
▪ ဥရောပ
နယ်မြေအရေအတွက်– ၄၅
လူဦးရေ– ၇၂၇,၅၅၀,၂၀၀
ကြေညာသူအရေအတွက်– ၁,၄၅၆,၃၀၉
ကျမ်းစာသင်အံမှုအရေအတွက်– ၆၄၇,၂၇၉
အယ်လ်ဘေးနီးယားနိုင်ငံ၊ တီရာနာမြို့တွင်နေထိုင်သော အသက် ၂၅ နှစ်အရွယ် အီဗာသည် မွေးရာပါချို့ယွင်းမှုကြောင့် သူ၏အရပ်သည် ၄၄ လက်မသာ ရှိသည်။ သို့သော် သူ၏အရပ်အမောင်းကြောင့် လူတချို့၏ နောက်ပြောင်မှုကို ခံရသည့်တိုင်အောင် အခက်အခဲများကြားမှ သူသည် အရန်ရှေ့ဆောင်လုပ်ငန်းတွင် ပျော်မွေ့နေသည်။ နောက်ပြောင်မှုကို ဒေါသဖြင့်တုံ့ပြန်မည့်အစား အီဗာသည် လူတိုင်းကို လေးလေးစားစားဆက်ဆံပြီး အမြဲပြုံးနေတတ်သည်၊ ယင်းကို စာနာတတ်သူများက သတိပြုမိကြသည်။ ထိုသူတို့ထဲမှတစ်ဦးမှာ စိတ်ကျဝေဒနာခံစားနေရသော ၂၆ နှစ်အရွယ်သမီးရှိသူ အမျိုးသမီးတစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးသည် သူ့သမီးကို ကုသနိုင်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဆေးရုံများနှင့် ဘာသာရေးအဖွဲ့အစည်းများစွာသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့ဖြင့် တစ်နေ့တွင် သူသည် အီဗာ၏ ပျော်ပျော်နေတတ်သောသဘောထားကို သတိပြုမိပြီး သူ့အိမ်သို့ လည်ပတ်ရန် ဆုံးဖြတ်ခဲ့သည်။ အီဗာက တံခါးဖွင့်လိုက်သည့်အခါ အမျိုးသမီးက သူ၏သမီးကို ကျမ်းစာသင်ပေးနိုင်မနိုင် မေးမြန်းခဲ့သည်။ သင်ပေးနိုင်ပါသည်ဟု အီဗာပြန်ဖြေခဲ့သည်။ မကြာမီ သမီးဖြစ်သူ၏ ကျန်းမာရေးသည် စပြီးတိုးတက်ကောင်းမွန်လာခဲ့ရာ သူ၏မိခင်ပါ သင်အံမှုတွင်ပါဝင်ရန် တောင်းဆိုသည့်အထိဖြစ်သည်။ ယခု အီဗာသည် အမေနှင့် သမီးတို့ကို အစည်းအဝေးများသို့ ပုံမှန်ခေါ်လာပြီး နှစ်ဦးစလုံးသည် ဝိညာဉ်ရေးတွင် ကောင်းစွာတိုးတက်နေသည်။
ဘယ်လ်ဂျီယံနိုင်ငံတွင် ဘင်ဂျမင်အမည်ရှိ လူငယ်တစ်ဦးသည် ခရစ်ယာန်မိသားစုတွင် ကြီးပြင်းလာခဲ့သည်။ သို့သော် ဘင်ဂျမင်သည် ဆယ်ကျော်သက်အရွယ် အစောပိုင်းတွင် နှစ်ဘဝစံခဲ့သည်။ သမ္မာကျမ်းစာမူများနှင့်အညီ နေထိုင်ဟန်ဆောင်သော်လည်း သောက်ကြူး၊ မူးယစ်ဆေးစွဲပြီး ဆေးရွက်ကြီးသုံးသော လူငယ်အုပ်စုနှင့် ပေါင်းဖော်ခဲ့သည်။ ဘင်ဂျမင်သည် ယုတ်ညံ့သောတေးဂီတကိုလည်း နားထောင်ခဲ့သည်။ မကြာမီ သူသည် နတ်ဆိုးနှောင့်ယှက်မှုနှင့် အရက်နာကျသည့် ဝေဒနာကို စတင်ခံစားလာခဲ့သည်၊ သို့တိုင် မူးယစ်ဆေးအပြင်းစားများကို ဆက်လက်သုံးစွဲခဲ့သည်။ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အသိပညာအားလုံးမရှိတော့ဘဲ အပြင်းဖျားလေတော့သည်။ ဤသို့စိတ်ဓာတ်ကျနေချိန်တွင် သူ၏မိတ်ဆွေဟု ဆိုသူများသည် သူ့ကိုအရေးမစိုက်ကြကြောင်း တွေ့ရှိခဲ့သည်! ထိုအချိန်ရောက်မှ ဘင်ဂျမင်သည် သူ၏အသက်တာကို မည်သို့ပြုပြင်သင့်သည်ကို လေးလေးနက်နက် စဉ်းစားလာသည်။ သူ့အပေါ် မေတ္တာစစ်ပြမည့် သူ့မိသားစုနှင့် ယေဟောဝါထံသို့ ပြန်လှည့်ရန် ပညာရှိစွာ ဆုံးဖြတ်ခဲ့သည်။
သို့သော် ထိုအချိန်မှစ၍ ဘင်ဂျမင်၏ဆုံးဖြတ်ချက်မှာ စမ်းသပ်ခံခဲ့ရသည်။ သူသည် နတ်ဆိုး၏တိုက်ခိုက်မှုကို အပြင်းအထန်ခံခဲ့ရသည်၊ သူ၏ရည်စားက သက်သေခံများနှင့် မပေါင်းရန် တောင်းပန်ခဲ့သည်။ သူမသည် သူ့ကိုဖျောင်းဖျရန် ကက်သလစ်ဘုန်းကြီးများနှင့် အယူဖောက်ပြန်သူများကိုပင်သုံးကာ ကြိုးစားခဲ့သည်။ သို့သော် သူ့မိဘများနှင့် အသင်းတော်အကြီးအကဲများ၏ မေတ္တာပါပါ၊ စိတ်ရှည်ရှည်ကူညီဖေးမမှုကြောင့် ဘုရားသခင့်ပညတ်တော်သည် အမှန် “စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကိုပြုပြင်တတ်” ကြောင်း ဘင်ဂျမင် သိရှိလာပြီး ယေဟောဝါအပေါ် ရှင်သန်သောယုံကြည်ချက်ကို စတင်တည်ဆောက်လာသည်။ (ဆာ. ၁၉:၇) ရလဒ်မှာ နောက်ဆုံးတွင် သူသည် ယခင်အသက်တာကို ကျောခိုင်းခဲ့သည်။ ဘင်ဂျမင်၏ကျန်းမာရေး ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူသည် စစ်မှန်သောပျော်ရွှင်မှုကို ရှာတွေ့နေပြီဖြစ်သည်။
ဗြိတိန်နိုင်ငံရှိ ပြင်သစ်စကားပြောအသင်းတော်တစ်ခုမှ မောင်နှံစုံသည် လမ်းပေါ်သက်သေခံခြင်းတွင် ပါဝင်နေကြစဉ် ဇင်ဘာဘွေအမျိုးသမီးနှစ်ဦးထံ ချဉ်းကပ်ခဲ့ကြသည်။ သက်သေခံများက အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို ကမ်းလှမ်းနေကြောင်း ရှင်းပြပြီး ထိုအမျိုးသမီးများအား ပြင်သစ်စကားပြောတတ်,မတတ်ကို မေးမြန်းခဲ့သည်။ သူတို့သည် ပြင်သစ်စကားမပြောတတ်သော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို လေ့လာလိုကြောင်း ဖော်ပြခဲ့ကြသည်။ အမျိုးသမီးနှစ်ဦးစလုံးသည် မကြာမီ အသင်းတော်စာအုပ်ကြီးသင်တန်းကို စတင် တက်ရောက်ခဲ့ကြသည်။ သူတို့၏ပထမဆုံးအကြိမ်တက်ရောက်သော စာအုပ်ကြီးသင်တန်းအပြီးတွင် ညီအစ်ကိုတစ်ဦးက သူတို့ကို ၂၀၀၂ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၂၀ တွင်ဖော်ပြထားသော ဇင်ဘာဘွေနိုင်ငံမှ ညီအစ်ကို နေသန်မူချင်ဂူရီ၏တွေ့ကြုံမှုကို ပြခဲ့သည်။ သူတို့သည် စာမျက်နှာ ၂၁ တွင်ပါရှိသော ညီအစ်ကိုနှင့် ညီအစ်မမူချင်ဂူရီတို့၏ ဓာတ်ပုံကိုမြင်သောအခါ တအံ့တသြဖြစ်သွားကြသည်။ ထိုဓာတ်ပုံမှာ သူတို့၏အဘိုးအဘွားပုံဖြစ်နေသည်! ထိုအမျိုးသမီးများ ဇင်ဘာဘွေတွင်နေထိုင်စဉ် သူတို့၏မိသားစုဝင်များနှင့်ဝေးသော ဒေသတွင် နေထိုင်ကြသဖြင့် သူတို့နှင့် အဆက်အသွယ်ပြတ်သွားခဲ့ကြောင်း ရှင်းပြသည်။ သူတို့က နှစ်ချုပ်စာအုပ် ရလိုကြောင်း ပြောကြသည်။ ထိုအမျိုးသမီးနှစ်ဦးသည် သူတို့ဘိုးဘွားများ၏ သစ္စာရှိသောပုံသက်သေကြောင့် အားပေးမှုဖြစ်ခဲ့ပြီး ယခုအခါ ပုံမှန်ကျမ်းစာလေ့လာနေကြပြီဖြစ်သည်။
ချက်ပြည်သူ့သမ္မတနိုင်ငံရှိ သီးခြားရပ်ကွက်တစ်ခုတွင် အမှုဆောင်နေစဉ် ညီအစ်မနှစ်ဦးသည် အိမ်ထဲဖိတ်ခေါ်သော ဧည့်ဝတ်ကျေပွန်သည့် အမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ သို့သော် ထိုအမျိုးသမီးသည် “ဝိညာဉ်ဆုကျေးဇူး” ရရှိခြင်း၏ အဓိပ္ပာယ်အစရှိသည့် တချို့သော ကျမ်းစာအကြောင်းအရာများကို တိတိကျကျသိလိုခဲ့သည်။ (၁ ကော. ၁၄:၁၂) ထို့ပြင် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှ ဖတ်ပြသည်ကို လက်မခံဘဲ သူမ၏အများသုံးဘာသာပြန်ကျမ်းကိုသာ အသုံးပြုရန် ပိုနှစ်သက်သည်။ အကျိုးရှိပုံမရသော တစ်နာရီကြာ ဆွေးနွေးမှုပြီးနောက် ညီအစ်မများက ရထားမီရန် မြန်မြန်ထွက်ခွာခဲ့ကြသည်။ ထိုနေရာမှ သူတို့ထွက်လာနိုင်ခဲ့သည့်အတွက် သူတို့အလွန်စိတ်သက်သာရာရသွားခဲ့ကြသည်။ သို့ရာတွင် ညီအစ်မတစ်ဦး၏ကျမ်းစာအုပ်နှင့် မှတ်စုစာအုပ်သည် ထိုအမျိုးသမီး၏အိမ်တွင် ကျန်ခဲ့သောကြောင့် ထိုအိမ်သို့ ပြန်သွားရန် အကြောင်းပေါ်လာသည်။ နှစ်သက်ဖွယ်အံ့အားသင့်စရာက သူတို့ကို စောင့်ကြိုနေသည်! အမျိုးသမီးက ညီအစ်မ၏ကျမ်းစာကို ခွင့်ပြုချက်မရဘဲ ဆန်းစစ်လေ့လာမိကြောင်းပြောဆိုခဲ့ပြီး ဘာသာပြန်ဆိုမှု အရည်အသွေး၊ ပြန်လှန်အညွှန်းများနှင့် မှန်ပြမာတိကာများပါရှိခြင်းကို ချီးမွမ်းခဲ့သည်။ ထို့နောက် သူက ကမ္ဘာသစ်ဘာသာပြန်ကျမ်းတစ်အုပ် ရလိုကြောင်း တောင်းဆိုခဲ့သည်။ ထို့ပြင် ကျမ်းစာသင်အံမှုကိုလည်း လက်ခံခဲ့သည်။ ထိုအချိန်မှစ၍ သူ၏မိခင်လည်း သင်အံမှုတွင် ပါဝင်ခဲ့သည်။
အိုက်စလန်၊ ရက်ယာဗစ်မြို့မှ ညီအစ်မတစ်ဦးသည် ရေကြောင်းသုတေသနတက္ကသိုလ်တွင် ငါးဖမ်းလုပ်ငန်း သင်တန်းအစီအစဉ်အတွက် နေရာထိုင်ခင်းများစီမံပေးရသည့် အလုပ်လုပ်ကိုင်သည်။ မကြာသေးမီက ဖွဲ့ဖြိုးဆဲနိုင်ငံအသီးသီးမှ လူ ၁၄ ဦးသည် ခြောက်လကြာသင်တန်းကို တက်ရောက်ခဲ့ကြသည်။ ညီအစ်မက သင်တန်းသားယောက်တိုင်းအား သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါး ရှိပါသလောစာအုပ်တစ်အုပ်စီ ကမ်းလှမ်းခဲ့သည်။ သူမတွင် တရုတ်၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ စပိန်နှင့် ဗီယက်နမ်ဘာသာစကားဖြင့် စာအုပ်များရှိသည်။ ထို ၁၄ ယောက်စလုံး စာအုပ်ကို လက်ခံခဲ့ကြသည်။ ဗီယက်နမ်မှလာသော အမျိုးသားနှင့် အမျိုးသမီးသည် သူတို့၏ကိုယ်ပိုင်ဘာသာစကားဖြင့် စာအုပ်ကို တွေ့ရသောကြောင့် သူတို့၏မျက်နှာမှာ ဝင်းပသွားသည်။ အမျိုးသားက “မယုံနိုင်စရာပဲ! ကျွန်တော် သိပ်အံ့သြတယ်။ ဒါကို ခင်ဗျား ဘယ်လိုရတာလဲ” ဟုမေးခဲ့သည်။ ယူဂန်ဒါ အမျိုးသားတစ်ဦးမှာ ထိုစာအုပ်နှင့် အကျွမ်းတဝင်ရှိထားသူဖြစ်၍ စာအုပ်ကောင်းဖြစ်ကြောင်း အခြားသူများကို ပြောပြခဲ့သည်။ ကျူးဘားအမျိုးသမီးတစ်ဦးက သူ၏ ၁၃ နှစ်အရွယ်သမီးသည် အသက်နှင့်ပတ်သက်သော ခက်ခဲသည့်မေးခွန်းများကို မေးလာပြီဖြစ်သောကြောင့် တစ်အုပ်လိုချင်ကြောင်း တောင်းဆိုခဲ့သည်။
သင်တန်းသားများ သူတို့တိုင်းပြည်အသီးသီးသို့မပြန်မီ ညီအစ်မသည် အခြားစာပေစာတမ်းများ (အသိပညာစာအုပ် ၁၀ အုပ်၊ မဂ္ဂဇင်းအစောင် ၃၀ နှင့် ဘရိုရှာ ၁၀ အုပ်) ကို အိမ်အပြန်လေယာဉ်ပေါ်ဖတ်ရန် ယူသွားကြဖို့ စာသင်ခန်းထဲမှ စားပွဲတစ်လုံးပေါ်တွင်တင်ထားပေးကြောင်း အသိပေးခဲ့သည်။ သူတို့ထွက်ခွာသွားပြီး တနင်္လာနေ့နံနက်တွင် ညီအစ်မ အရင်ဆုံးလုပ်သည့်အရာမှာ ထိုစားပွဲသို့ သွားခြင်းဖြစ်သည်။ ညီအစ်မက “စားပွဲပေါ်မှာ အသိပညာစာအုပ်နဲ့ မဂ္ဂဇင်းတချို့တော့ ကျန်ခဲ့မယ်လို့ ကျွန်မမျှော်လင့်ထားတာ၊ ဒါပေမဲ့ စားပွဲပေါ်မှာ ဘာမှမကျန်ဘူး!” ဟုပြောခဲ့သည်။
လတ်ဗီးယားမှ အာသာဟုခေါ်သည့် လူငယ်တစ်ဦးသည် ဘုရားသခင်အကြောင်း စိတ်မဝင်စားခဲ့ပါ။ သို့သော် လူများသည် လူဝံများမှ အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာသည်ဟူသည့်အယူအဆကို လက်ခံရန်လည်း အခက်တွေ့နေသည်။ ၁၉၉၆ ခုနှစ်တွင်၊ ဆိုးရွားသောအရေးအခင်းတွင် ပါဝင်ခဲ့သဖြင့် ထောင်ချခံခဲ့ရသည်။ ထောင်ထဲတွင် အသက်နှင့်ပတ်သက်၍ အလေးအနက် စတင်စဉ်းစားလာခဲ့သည်။ သူ၏မိဘများ လာလည်ပတ်သောအခါ သမ္မာကျမ်းစာက သူ့ကိုအထောက်အကူပြုနိုင်သည်ဟု ယူမှတ်ပြီး ယင်းကိုဖတ်ရန် အားပေးခဲ့ကြသည်။ ထို့နောက် ၁၉၉၈ ခုနှစ်၊ နေ့တစ်နေ့၌ အာသာစာရေးနေစဉ် အကျဉ်းသားအဖော်တစ်ဦးက စာရွက်ကိုအောက်ခံခုရေးရန်အတွက် စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။ ထိုစာအုပ်မှာ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဖြစ်သည်။ စူးစမ်းလိုစိတ်ကြောင့် အာသာသည် စာအုပ်ကိုဖွင့်လိုက်ပြီး စိတ်ဝင်စားလာရာ သုံးရက်အတွင်း အစမှအဆုံးဖတ်လိုက်သည်။ သူ၏အခန်းကျဉ်းထဲရှိ နောက်အခန်းဖော်တစ်ဦးထံတွင် အသိပညာစာအုပ်ရှိသည်။ ကျမ်းစာကို အာသာစိတ်ဝင်စားကြောင်း သူသတိပြုမိသဖြင့် ထိုစာအုပ်ကို ပေးခဲ့သည်။ သူသိထားသော သက်သေခံတစ်ဦး၏ လိပ်စာကိုပါ ပေးခဲ့သည်။
အာသာသည် သက်သေခံထံသို့ စာရေးခဲ့ပြီး နောက်ပိုင်းတွင် စာဖြင့်သင်အံမှု စတင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီလတွင် ထောင်မှလွတ်လွတ်ချင်း အသင်းတော်အစည်းအဝေးများကို စတင်တက်ရောက်ခဲ့သည်။ သို့သော် အစောပိုင်းက သမ္မာကျမ်းစာဖတ်ရန် အားပေးခဲ့သော သူ့မိဘများကော အသို့နည်း။ အာသာသည် အသစ်တွေ့ရှိထားသော သူ၏ယုံကြည်ချက်အကြောင်း မိဘတို့အား ဝေမျှခဲ့သည်။ ရလဒ်မှာ အဘယ်နည်း။ သူတို့လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စတင်လေ့လာခဲ့ကြသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင်ကျင်းပသော အထူးစည်းဝေးပွဲ၌ သူတို့သုံးဦးစလုံး နှစ်ခြင်းခံချိန်တွင် သူတို့၏ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါလေ!
စပိန်နိုင်ငံမှ အရိုးခွဲစိတ်ဆရာဝန်တစ်ဦးသည် ငယ်စဉ်က ဘာသာရေးဓမ္မအမှုဆောင်ဖြစ်လို၍ ဘာသာရေးကျောင်းတွင် လေ့လာသင်ယူခဲ့သည်။ စိတ်ရှုပ်ထွေးလာသောကြောင့် သုံးနှစ်အကြာတွင် ဘုရားမဲ့ဝါဒီတစ်ဦးအဖြစ် ကျောင်းမှနုတ်ထွက်ခဲ့သည်။ သူသည် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ အပျက်သဘောရှိသော်လည်း နှစ်နှင့်ချီ ကျမ်းစာသင်ကျောင်းတက်ထားလျက်နှင့် အနည်းငယ်သာ သူတတ်သိခဲ့သည့်ကျမ်းစာကို ဤ “သာမန်” လူများက စွဲမြဲစွာ မည်သို့ကိုင်စွဲထားနိုင်ကြသည်ကို သိလိုခဲ့သည်။ တစ်ခါတွင် ဆေးရုံအမှုထမ်းများက သူ့အား စိတ်စွန်းကွက်မှုတင်ပြခဲ့ချိန်တွင် သက်သေခံများအပေါ် သူ၏စိတ်ဝင်စားမှုမှာ ပိုကြီးမားလာခဲ့သည်။ ယင်းက သူ့အား သက်သေခံများလည်း တစ်ခါတစ်ရံ ယင်းသို့သော စိတ်စွန်းကွက်မှုကြုံရပုံကို သတိရစေခဲ့သည်။ ယင်းအတွေ့အကြုံကြောင့် ထိုခွဲစိတ်ဆရာဝန်သည် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ မကြာမီ သူသင်ယူခဲ့ရာကို အလွန်စိတ်ဝင်စားလာပြီး တစ်ပတ်လျှင် သုံးကြိမ် လေ့လာခဲ့သည်! အစည်းအဝေးအားလုံးကိုလည်း စတင်တက်ရောက်ခဲ့ပြီး သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌လည်း ပါဝင်ခဲ့သည်။ မကြာသေးမီက သူနှစ်ခြင်းခံခဲ့သည်။
▪ အာဖရိက
နယ်မြေအရေအတွက်– ၅၆
လူဦးရေ– ၇၃၉,၅၄၃,၅၇၁
ကြေညာသူအရေအတွက်– ၉၁၅,၂၆၂
ကျမ်းစာသင်အံမှုအရေအတွက်– ၁,၅၅၀,၅၇၂
ဘီနင်နိုင်ငံမှ နိုင်ငံတော်ခန်းမဆောက်လုပ်ရေးသည် ညီအစ်ကိုများအလယ်တွင် စိတ်အားထက်သန်မှုကိုဖြစ်ပေါ်စေပြီး ကောင်းသောသက်သေခံချက် ဖြစ်စေခဲ့သည်။ နိုင်ငံတော်ခန်းမတစ်ခု ဆက်ကပ်အပ်နှံပွဲတွင် ဒေသခံရပ်ကွက်မှ အထင်ကရပုဂ္ဂိုလ်တစ်ဦးက ယေဟောဝါသက်သေတစ်ဦးကို ဤသို့ပြောဆိုခဲ့၏– “ခင်ဗျားတို့ရဲ့ချာ့ချ်ဟာ ဒီဒေသမှာ အလှဆုံးဝတ်ပြုရာနေရာပါပဲ၊ အမြဲတမ်းလည်း အလှဆုံးဖြစ်နေလိမ့်မယ်။ ထက်သန်တဲ့ ကက်သလစ်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဘာကြောင့် ဒီလိုစကားမျိုးပြောရသလဲဆိုတော့၊ မကြာသေးခင်တုန်းက ကျွန်တော်တို့ကက်သလစ်အသင်းဟာ ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက စတင်ဆောက်လုပ်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ချာ့ချ်ကို အပြီးသတ်ဖို့အတွက် စီအက်ဖ်အေ ၁၇,၀၀၀,၀၀၀ [အမေရိကန်ဒေါ်လာ ၂၃,၀၀၀] ကိုပေးခဲ့တယ်။ ဒါပေမဲ့ ဓမ္မဆရာက ငွေတွေကို တလွဲသုံးခဲ့တယ်။ မြို့ရဲ့တခြားဒေသက ကက်သလစ်အသင်းကလည်း သူတို့ရဲ့ဒေသမှာ ချာ့ချ်တစ်ခုဆောက်လုပ်ဖို့ စီအက်ဖ်အေ ၃,၀၀၀,၀၀၀ [အမေရိကန်ဒေါ်လာ ၄,၀၀၀] စုဆောင်းခဲ့ကြတယ်၊ ဒါပေမဲ့ အဲဒီငွေတွေလည်း ‘ပျောက်ခြင်းမလှပျောက်သွား’ ပြန်တယ်။ အဲဒါကြောင့် ဒီအဆောက်အအုံဟာ မြို့ထဲမှာ အလှဆုံးဖြစ်တယ်၊ အလှဆုံးဆက်ဖြစ်နေလိမ့်မယ်လို့ ကျွန်တော်ပြောနိုင်တာပေါ့။”
နိုင်ငံတချို့တွင် အဆောင်ပစ္စည်းများကို စွဲလမ်းခြင်းသည် လူသစ်များအား ကျမ်းစာသမ္မာတရားဘက် ရပ်တည်ရန် ခက်ခဲစေသည်။ ကုတ်ဒ်အဗွားနိုင်ငံမှ မိသားစုတစ်စု၏ နမူနာကို သုံးသပ်ကြည့်ပါ၊ သူတို့သည် အဆောင်ပစ္စည်းများရှေ့တွင် ထုံးတမ်းစဉ်လာအရ နေ့စဉ်ဝတ်ပြုကိုးကွယ်ကြသည်။ သူတို့ထဲမှ မိန်းကလေးတစ်ဦးသည် ကျမ်းစာသမ္မာတရားဘက် ရပ်တည်လာပြီး မှောက်မှားသောဝတ်ပြုမှုတွင် ပါဝင်ရန်ငြင်းဆိုသည့်အခါ မိသားစုက သူမအပေါ် ကျိန်ခြင်းကျမည်ကို စိုးရိမ်တကြီးဖြစ်ခဲ့ကြသည်။ သို့သော် မိန်းကလေးသည် အခိုင်အမာဆက်လက်ရပ်တည်ခဲ့ရာ ဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အိမ်မှ နှင်ချခံခဲ့ရသည်။ သို့ရာတွင် သူမသည် သူ့မိသားစုအပေါ် အခဲမကျေမဖြစ်ဘဲ သူတို့ထံ ဆက်၍လည်ပတ်ခဲ့သည်။
ရလဒ်မှာ သူမ၏အဘွားသည် သမ္မာကျမ်းစာကို စတင်စိတ်ဝင်စားလာပြီး သူမ၏မြေးကို အိမ်သို့ပြန်လာစေသဖြင့် သူမအိမ်သို့ပြန်လာခဲ့သည်။ အဘွားဖြစ်သူသည် ဝိညာဉ်ရေးတွင် ဆက်တိုးတက်လာပြီး အသက် ၆၂ နှစ်အရွယ်တွင် နှစ်ခြင်းခံခဲ့သည်။ အဘွားဖြစ်သူ သင်ယူခဲ့ရာကို စိတ်စွဲမှတ်သွားရာ မိန်းကလေး၏ မိခင်လည်း ဘုရားသခင့် နှုတ်ကပါဌ်တော်ကို စတင်လေ့လာခဲ့ပြီး ယခုအခါ သူလည်း အခြားသူများကို သက်သေခံနေပြီဖြစ်သည်။ မှန်ပါသည်၊ မျိုးဆက်သုံးဆက်သည် မှောက်မှားသောဝတ်ပြုရေးမှ လွတ်မြောက်လာခဲ့သည်၊ ယင်းတို့အားလုံးသည် ယေဟောဝါအပေါ် သူမ၏သမာဓိကို စောင့်ထိန်းပြီး သူမမိသားစုအပေါ် ချစ်မြတ်နိုးမှုကို မပြတ်တမ်းတင်ပြခဲ့သောကြောင့်ဖြစ်သည်။
မိုဇမ်ဘစ်တွင် ညီအစ်ကိုများသည် အကျဉ်းသားများနှင့် ကျမ်းစာလေ့လာမှုသင်တန်းများကျင်းပရန် အကျဉ်းထောင်များသို့ မှန်မှန်လည်ပတ်ကြသည်။ ၂၀၀၁ ခုနှစ်တွင် ထိုအကျဉ်းထောင်များအနက်တစ်ခု၌ ထောင်ဖောက်ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့သည်။ သို့ရာတွင် ကျမ်းစာလေ့လာမှုသင်တန်းများကို တက်ရောက်သူများသည် ထွက်ပြေးရန် ငြင်းဆိုခဲ့ကြသည်။ ယင်းကို အာဏာပိုင်များ သတိပြုမိခဲ့ကြရာ ယေဟောဝါသက်သေများ၏အလုပ်ကို ချီးမွမ်းခဲ့ကြသည်။ ယခု အာဏာပိုင်များက အကျဉ်းသားအားလုံးကို ညီအစ်ကိုများနှင့် ကျမ်းစာလေ့လာရန် အားပေးနေကြသည်။ သူတို့၏အကျင့်အကြံတွင် ထူးခြားစွာတိုးတက်လာမှုကြောင့် အကျဉ်းသားနှစ်ဦးမှာ ထောင်ဒဏ်သက်တမ်း လျှော့ချပေးခြင်းခံရပြီဖြစ်သည်။ သူတို့ထဲမှတစ်ဦးသည် နောက်လာမည့် ခရိုင်စည်းဝေးကြီးတွင် နှစ်ခြင်းခံရန် စောင့်မျှော်နေသည်။
နမီးဘီးယားတွင်နေထိုင်သော အသက် နှစ်ဆယ့်ခုနစ်နှစ်အရွယ် ဂျူဒိသ်သည် ယာဉ်တိုက်မှုတစ်ခုတွင် ထိခိုက်ခဲ့သောကြောင့် လည်ပင်းမှစ၍အောက်ပိုင်းတစ်ခုလုံး အကြောသေသွားသည်။ “ငါကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဟုတွေးကာ ကိုယ့်ကိုယ်ကိုသတ်သေဖို့ စတင်စဉ်းစားလာခဲ့သည်။ ချာ့ချ်အသီးသီးမှ လူများသည် သူမထံသို့လာရောက်လည်ပတ်ကြကာ လမ်းပြန်လျှောက်နိုင်ရန် ဆုတောင်းပေးကြသည်။ သူတို့၏ဆုတောင်းချက်များ မပြည့်သောအခါ အကြောင်းတစ်ခုခုကြောင့် သူမကို ဘုရားသခင် အပြစ်ပေးခြင်းဖြစ်ရမည်ဟု ဂျူဒိသ်ကို ပြောခဲ့ကြသည်။ ယင်းကြောင့် ဂျူဒိသ်မှာ ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ် ပိုမိုဖြစ်ပေါ်လာခဲ့သည်။ သို့သော် သူ့အား ဘုရားသခင် အပြစ်ပေးရသည့်အကြောင်းရင်းကို အရင်သိလိုခဲ့သည်။ ထို့ကြောင့် တစ်နေ့တွင် ဒေသခံချာ့ချ်မှ သင်းအုပ်ဆရာကို အိမ်သို့ဖိတ်ခေါ်ရန် မိခင်အား တောင်းဆိုခဲ့သည်။ ဓမ္မဆရာအလာကို ဂျူဒိသ်စောင့်နေစဉ် ယေဟောဝါသက်သေများ ရောက်လာခဲ့သည်။ ဂျူဒိသ်က မိမိ၏စိတ်ရှုပ်ထွေးဖွယ်မေးခွန်းများကို သမ္မာကျမ်းစာမှ ဖြေဆိုပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် သက်သေခံများကမ်းလှမ်းသော အသိပညာစာအုပ်အသုံးပြုသည့် အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ အခန်း ၈၊ “ဒုက္ခဆင်းရဲကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း” ကိုလေ့လာသည့်အခါ သူမကြုံခဲ့ရသော မတော်တဆမှုသည် ဘုရားသခင်ကြောင့်မဟုတ်ကြောင်း သိလာခဲ့သည်။ “မကောင်းတဲ့အရာတွေဟာ ဘုရားသခင်ဆီက လာတာမဟုတ်ဘူးဆိုတာကို ကျွန်မသိလိုက်ရတဲ့အခါ ကျွန်မရဲ့ စိတ်သက်သာရာရမှု၊ ရွှင်လန်းမှုကို မြင်ယောင်ကြည့်ပါ!” ဟုပြောခဲ့သည်။ ဂျူဒိသ်သည် ဆက်လက်လေ့လာခဲ့ပြီး သူမ၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့သည်၊ ယခု သူသည် ကျန်းမာရေးသုခ ပြန်ခံစားရမည့် စနစ်သစ်ကို မျှော်လင့်စောင့်စားနေပါသည်။
၁၉၉၄ ခုနှစ်တွင်၊ ရဝမ်ဒါ၌ မျိုးဖြုတ်သတ်ဖြတ်မှု ဖြစ်ပွားစဉ်အတွင်း ချန်တာလ်အမည်ရှိ အမျိုးသမီးငယ်တစ်ဦးသည် အိမ်နီးချင်းဘရွန်ဒီနိုင်ငံသို့ ထွက်ပြေးခဲ့သည်။ ထိုတွင်ရှိစဉ် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို ရရှိခဲ့ပြီး အစအဆုံး ဖတ်ရှုခဲ့သည်။ ရဝမ်ဒါသို့ပြန်လာပြီးနောက် သူမ၏မိသားစုသည် သီးခြားဒေသတစ်ခုတွင် နေထိုင်ကြသောကြောင့် သက်သေခံများကို ရှာမတွေ့နိုင်ဘဲဖြစ်ခဲ့သည်။ သို့ရာတွင် သူမ၏မိခင်သည် ဈေးတွင်သက်သေခံနေသော နိုင်ငံတော်ကြေညာသူနှစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သို့နှင့် သူတို့သည် ချန်တာလ်နှင့်တွေ့ဆုံနိုင်ရန် ဈေးတွင် သူတို့အမှုဆောင်မည့်ရက်များကို စာရွက်တစ်ရွက်တွင် ရေးချပေးပြီး ချန်တာလ်၏မိခင်ကို ပေးခဲ့ကြသည်။ သူတို့သတ်မှတ်ထားသော ရက်တစ်ရက်တွင် ချန်တာလ်သည် ဈေးဝင်ပေါက်တွင်ထိုင်ကာ ဖြတ်သွားသူအားလုံးမြင်နိုင်ရန် စာရွက်ပိုင်းလေးကို ကိုင်မြှောက်ထားသည်။ ညီအစ်ကိုများက သူမကိုတွေ့သွားပြီး သူတို့ကိုယ်ကို မိတ်ဆက်ကြသောအခါ သူအလွန်ဝမ်းသာခဲ့သည်! သူမ၏ စိတ်ရင်းမှန်သောစိတ်ဝင်စားမှုကို တွေ့ရှိရသောကြောင့် လာမည့်သတိရအောက်မေ့ပွဲကို ဖိတ်ခေါ်ခဲ့သည်၊ ချန်တာလ်သည် အစည်းအဝေးကျင်းပသည့် နေရာသို့ရောက်အောင် နှစ်ရက်လမ်းလျှောက်ခဲ့ရသည့်တိုင် အောက်မေ့ရာပွဲကို တက်ရောက်ခဲ့သည်!
ထိုအချိန်မှစ၍ ချန်တာလ်သည် ဝေးသော်လည်း အစည်းအဝေးများကို မှန်မှန်တက်ရောက်ခဲ့သည်။ ဝမ်းနည်းစရာမှာ သူမ၏မိသားစုသည် သူမကို ဆန့်ကျင်ခဲ့သည်။ တစ်ခါကဆိုလျှင် သူ၏အစ်ကိုတစ်ဦးက ဓားမကြီးကိုင်ကာ သူ့ကို အိမ်မှမောင်းထုတ်သည့်အထိပင် ဖြစ်ခဲ့သည်! သို့သော် ချန်တာလ်သည် ဆက်၍ခံရပ်တည်ကြည်ခဲ့သည်။ တစ်နှစ်ကြာပြီးနောက် အစည်းအဝေးများ ကျင်းပသည့်နေရာသည် သူမအိမ်နှင့် ပိုနီးလာသည်၊ သို့တိုင် ရှစ်နာရီကြာ လမ်းလျှောက်ရဆဲဖြစ်သည်။ သို့ဖြစ်စေကာမူ ယခုအခါ ချန်တာလ်အတွက် ကျမ်းစာသင်အံမှုကို ပထမဦးဆုံးအကြိမ် ကျင်းပပေးနိုင်ပြီဖြစ်သည်။ မကြာမီပင် သူမ၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံခဲ့ပြီး ယခု မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်နေသည်။ သူ၏မိသားစုကော မည်သို့နည်း။ သူတို့၏သဘောထားများ လုံးလုံးပြောင်းလဲသွားခဲ့ပြီ။ သူမကို အိမ်မှမောင်းထုတ်သော အစ်ကိုသည် ယခု မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်နေသည်၊ အခြားမောင်လေးတစ်ဦးလည်း မကြာသေးမီက နှစ်ခြင်းခံခဲ့ပြီး သူမ၏မိခင်မှာ နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်နေပြီ။ ထို့ပြင် သူတို့၏ဒေသတွင် သီးခြားအုပ်စုတစ်ခုကို ဖွဲ့စည်းပေးခဲ့သဖြင့် ယခုအခါ သူတို့မိသားစုသည် အစည်းအဝေးကျင်းပသည့်နေရာသို့ ငါးမိနစ်သာ လမ်းလျှောက်ရတော့သည်။
ဆွာဇီလန်နိုင်ငံ၊ မင်းမျိုးမင်းနွယ်များ၏ စုပေါင်းခြံဝင်းအနီးတွင်နေထိုင်သော သမ်ဘီစလီသည် ထက်သန်သောညီအစ်မတစ်ဦး ဖြစ်သည်။ သူသည် ထိုခြံဝင်းတွင်နေထိုင်သူများကို သက်သေခံလိုသော်လည်း တင်းကျပ်သောလုံခြုံရေးက စိန်ခေါ်ချက်တစ်ခုဖြစ်စေခဲ့သည်။ ယင်းကိစ္စကိုဆုတောင်းပြီး ရဲဆေးတင်ကာ ခြံဝင်းအနီးသို့ ချဉ်းကပ်ခဲ့သည်။ သူသည် အစောင့်များကို သက်သေခံခဲ့ရာ သူတို့ထဲမှတစ်ဦးက သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်ဘရိုရှာကို လက်ခံခဲ့သည်! သူမကို မေးမြန်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် အထဲဝင်ခွင့်ပြုသောကြောင့် သူအလွန်ဝမ်းသာခဲ့သည်။ သမ်ဘီစလီသည် အိမ်ရှင်များ၏ ဖော်ရွေမှုကြောင့် ပို၍ပင်အံ့အားသင့်ခဲ့ရသည်။ ယခု သူသည် ထိုရပ်ကွက်တွင် ပုံမှန်အမှုဆောင်နေပြီး ကျမ်းစာသင်အံမှု သုံးခုစတင်ကျင်းပနေပြီဖြစ်သည်။ ထို့ပြင် ယခု ရဲများသည် သူမကို လှိုက်လှဲစွာကြိုဆိုကြသည်။ တစ်နေ့တွင် အစောင့်တစ်ဦးက “အားမနာနဲ့၊ ဝင်သာဝင်ပါ။ ခင်ဗျားဟာ ဒီနေရာမှာ သိပ်ကောင်းတဲ့ အလုပ်ကို လုပ်နေတဲ့သူပဲ” ဟုပြောခဲ့သည်။
▪ အမေရိက
နယ်မြေအရေအတွက်– ၅၆
လူဦးရေ– ၈၀၇,၅၁၇,၅၃၄
ကြေညာသူအရေအတွက်– ၃,၀၂၃,၀၆၂
ကျမ်းစာသင်အံမှုအရေအတွက်– ၂,၆၇၆,၂၈၈
အာဂျင်တီးနားနိုင်ငံ မြို့ငယ်လေးတစ်မြို့တွင် အထူးရှေ့ဆောင်နှစ်ဦးသည် ဒဏ်ရာရထားသော ခွေးတစ်ကောင်ကို လက်တွန်းလှည်းပေါ်တင်တွန်းသွားနေသော ဇနီးမောင်နှံနှင့် တွေ့ဆုံခဲ့သည်။ ရှေ့ဆောင်များက တိရစ္ဆာန်ဆေးကုဆရာဝန်ထံသို့ ကားမောင်းပို့ပေးမည်ဟု သူတို့ကို ကမ်းလှမ်းခဲ့သည်။ အထူးသဖြင့် သူတို့၏အိမ်နီးချင်းတစ်ယောက်ကမျှ အကူအညီမပေးကြသောကြောင့် ထိုမောင်နှံစုံသည် ကမ်းလှမ်းမှုကို ကျေးဇူးတင်စွာ လက်ခံခဲ့သည်။ အမျိုးသားဖြစ်သူသည် ကက်သလစ်ဘာသာရေးဆိုင်ရာ အမေးအဖြေသင်ပြပေးသူတစ်ဦးဖြစ်ပြီး သူ၏ဇနီးနှင့်အတူ စိန့်များအားဂုဏ်ပြုသည့် ဒေသခံစီတန်းလှည့်လည်ပွဲအားလုံးတွင် ပါဝင်သူများဖြစ်ကြောင်း ရှေ့ဆောင်များသိရှိခဲ့ကြသည်။ သို့သော် သူတို့သည် ကက်သလစ်ချာ့ချ်တွင် ထက်သန်စွာပါဝင်သူများဖြစ်သည့်တိုင် ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများကို လက်ခံခဲ့သည်။ နှစ်နှစ်ခန့် ထိုမောင်နှံထံလည်ပတ်ပြီးနောက် ရှေ့ဆောင်များက သတိရအောက်မေ့ပွဲသို့ ဖိတ်ခေါ်ခဲ့သည်။ ထိုညတွင် မိုးသည်းထန်စွာရွာနေသည့်တိုင် ထိုမောင်နှံရောက်ရှိလာပြီး လှိုက်လှိုက်လှဲလှဲကြိုဆိုခံရမှုကြောင့် စိတ်စွဲမှတ်သွားခဲ့သည်။ ထို့ပြင် သခင့်ညစာစားပွဲ၏ အဓိပ္ပာယ်ကို ပထမဦးဆုံး သဘောပေါက်ခြင်းဖြစ်သည်ဟု သူတို့က ပြောခဲ့သည်။ ယခု သူတို့သည် ပုံမှန်ကျမ်းစာလေ့လာမှုတွင် ပျော်မွေ့နေကြပြီး သူတို့၏ ကက်သလစ်အိမ်နီးချင်းများ၏ ပြောဆိုချက်များကို တွေးပူမနေကြဘဲ အစည်းအဝေးအားလုံးကို တက်ရောက်နေကြသည်။
ဘာဘေးဒိုးစ်နိုင်ငံတွင် ရှေ့ဆောင်ညီအစ်မတစ်ဦးနှင့် နောက်သက်သေခံတစ်ဦးတို့သည် လမ်းတစ်လျှောက်သက်သေခံနေစဉ် အိမ်တံခါးဝတွင် ရပ်နေသော အမျိုးသမီးတစ်ဦးထံ သွားခဲ့ကြသည်။ သူတို့စ၍သက်သေခံလိုက်သည်နှင့် အမျိုးသမီးက တစ်ယောက်ယောက်ကို မျှော်နေသည့်ပုံဖြင့် “ကျေးဇူးပြု၍ အထဲဝင်ပါ။ ကျွန်မ ကျမ်းစာယူလိုက်ဦးမယ်” ဟုပြောလိုက်ရာ သူတို့အလွန်အံ့သြခဲ့ကြသည်။ ညီအစ်မများက အိမ်ထဲဝင်ပြီး အိမ်ရှင်နှင့်အတူထိုင်ကာ တောင်းဆိုဘရိုရှာ သင်ခန်းစာ ၁ ကိုအသုံးပြု၍ သင်အံမှုအစီအစဉ်ကို သရုပ်ပြကြသည်။ ထို့နောက် အမျိုးသမီးက ရှေ့ဆောင်ညီအစ်မအား ဤနံနက် သူ့ထံဖုန်းဆက်ကာ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းခဲ့သူလောဟု မေးသည်။ ရှေ့ဆောင်ညီအစ်မက “ဖုန်းဆက်တာ ကျွန်မ,မဟုတ်ဘူး။ ဖုန်းဆက်တဲ့သူက မလာတာဖြစ်နိုင်တယ်။ ဒါပေမဲ့ သင်အံမှုကျင်းပမယ့် နံနက် ၁၁:၃၀ နာရီအတိမှာ ကျွန်မတို့ရောက်လာလို့ ဝမ်းသာပါတယ်” ဟုရှင်းပြခဲ့သည်။ ထိုအမျိုးသမီးသည် ကောင်းစွာတိုးတက်နေပြီး အစည်းအဝေးများကို တက်ရောက်နေပြီဖြစ်သည်။
လေဟာပြင်ဈေးများသည် သက်သေခံလုပ်ငန်းအတွက် အသီးသီးပွင့်သော ရပ်ကွက်တစ်ခုဖြစ်နိုင်ပါသည်။ ဘိုလီးဗီးယားနိုင်ငံမှ သာသနာပြုတစ်ဦး ဤသို့ပြန်ပြောပြသည်– “လယ်သမားဈေးထဲမှာ လှည်းပေါ်ကပစ္စည်းတွေရောင်းနေတဲ့ အမျိုးသမီးတစ်ဦးကို ကျွန်မရဲ့ခင်ပွန်းက ဝေစာတစ်စောင်ဝေငှခဲ့တယ်။ သူမဟာ ဖော်ဖော်ရွေရွေရှိတဲ့အတွက် ကျွန်မ သူ့ဆီပြန်လည်ပတ်ခဲ့တယ်၊ တောင်းဆိုဘရိုရှာကိုသုံးပြီး ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းခဲ့တယ်။ ‘ဒီနေရာမှာပဲ ကျွန်မတို့ လေ့လာကြမှာလား’ လို့သူကမေးတယ်။ ‘ရတယ်လေ၊ ကိစ္စမရှိဘူး။ ကျွန်မလုပ်နေကျပါ’ လို့ပြန်ဖြေလိုက်တယ်။ အဲဒီလိုနဲ့ အခု ကျွန်မရောက်သွားပြီဆိုရင် သူရဲ့ခွေးခြေထိုင်ခုံလေးကို ကမ်းပေးပြီး သူ့ရဲ့လှည်းဘေးမှာ ကျမ်းစာလေ့လာကြပါတယ်။ ဝယ်သူရောက်လာရင် ဈေးရောင်းပေးလိုက်တယ်၊ ပြီးတာနဲ့ ကျွန်မတို့ လေ့လာမှုကိုဆက်လုပ်ကြတယ်။”
ကနေဒါနိုင်ငံမှ အမျိုးသမီးတစ်ဦးသည် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်းစာအုပ်ကို မိတ်ဆွေတစ်ဦးထံမှ ရရှိခဲ့သည်။ ကျမ်းစာဖတ်ရခြင်းကို သူအလွန်ပျော်မွေ့သောကြောင့် ပိုမိုလေ့လာရန် ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသက်သေများ၏ တရားဝင်အင်တာနက်ဆိုက်မှ (www.watchtower.org) ကျမ်းစာသင်အံမှုနှင့် အသိပညာစာအုပ်ကို တောင်းဆိုသည့် စာတစ်စောင်ရေးခဲ့သည်။ ညီအစ်မနှစ်ယောက် ရောက်လာပြီး သူမကိုစာအုပ်ပေးသည့်အခါ သူသည် စာအုပ်ကို တင်းကျပ်စွာဆုပ်ကိုင်ပြီး မနက်ဖြန်နံနက်မိုးလင်းလျှင် စာအုပ်တစ်အုပ်လုံးကို အပြီးဖတ်မည်ဟု ပြောခဲ့သည်! နောက်နေ့ညနေပိုင်းတွင် အစည်းအဝေးကို ဦးဆုံးတက်ရောက်ခဲ့ပြီး ညီအစ်ကို၊ ညီအစ်မများအလယ်တွင် သက်သောင့်သက်သာရှိသည်ဟု ချက်ချင်း ခံစားခဲ့သည်။ သူသည် ဝိညာဉ်ရေးတွင် လျင်မြန်စွာတိုးတက်လာခဲ့ပြီး ယခု မဝေးသောအနာဂတ်တွင် နှစ်ခြင်းခံဖို့ ရည်ရွယ်ထားသော နှစ်ခြင်းမခံရသေးသည့် ကြေညာသူတစ်ဦး ဖြစ်နေပြီ။
ကိုလံဘီယာတွင် စိုလ်အမည်ရှိ အမျိုးသမီးတစ်ဦးသည် မသန်မစွမ်းဖြစ်မှုကြောင့် အိပ်ရာထဲတွင် လဲနေခဲ့ရသည်။ သူ၏မိသားစုဝင်များမှလွဲ၍ အခြားသူများနှင့်တွေ့ဆုံရန် ငြင်းဆိုခဲ့သည်။ တစ်နေ့တွင် ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အိမ်နီးချင်းက စိုလ်အတွက် ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းတချို့ကို စိုလ်၏မိခင်အား ပေးခဲ့သည်။ နောက်ဆုံးတွင် စိုလ်သည် မိမိနှင့်အတူ ကျမ်းစာသင်အံမှုပြုရန် ကမ်းလှမ်းသော ထိုအိမ်နီးချင်းနှင့် တွေ့ဆုံရန် သဘောတူခဲ့သည်။ စိုလ်လက်ခံပြီး တစ်နှစ်ခန့်အကြာတွင် သူသည် အောက်မေ့ရာပွဲကို တက်ရောက်ခဲ့သည်။ ယင်းသည် ခုနစ်နှစ်အတွင်း ဦးဆုံးအကြိမ် အိမ်ပြင်ထွက်ခြင်းဖြစ်သည်။ နှစ်ရက်ကြာပြီးနောက် သူမအတွက် ဦးဆုံးစည်းဝေးပွဲကို တက်ရောက်ခဲ့သည်။ သူသည် ထထိုင်ခြင်းပင် မပြုနိုင်သည့်တိုင် ယခု လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နေပြီဖြစ်သည်။ မည်သို့အားဖြင့်နည်း။ သူမအတွက် ညီအစ်ကိုများ အထူးပြုလုပ်ထားသော အိပ်ရာလှည်းဖြင့် ညီအစ်ကိုများသည် တစ်အိမ်မှတစ်အိမ် တွန်းပေးကြသည်။ စိုလ်၏ပုံသက်သေနှင့် အားပေးမှုကြောင့် သူမ၏မိခင်သည် ယခု နှစ်ခြင်းခံပြီးဖြစ်ကာ သူမ၏မွေးချင်းနှစ်ဦးမှာ ရှေ့ဆောင်များဖြစ်နေကြပြီ။
ကော့စ်တာရီကာတွင် ခန့်အပ်ခံခါစ အထူးရှေ့ဆောင်မောင်နှံတစ်စုံသည် သူတို့ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦးထံ လည်ပတ်ခဲ့ကြသည်။ သူတို့ရောက်သွားသောအခါ သူတို့က အမျိုးသမီးအား အမေရိကန်ပြည်ထောင်စုတွင် နေထိုင်သော သက်သေခံတစ်ဦးဖြစ်သည့် ထိုအမျိုးသမီး၏ချွေးမက ဒေသခံဌာနခွဲရုံးသို့ ဖုန်းဆက်ကာ သူမ၏ယောက္ခမထံ တစ်ယောက်ယောက်လည်ပတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြောပြသည်။ ရှေ့ဆောင်မောင်နှံ ဤသို့ပြန်ပြောပြခဲ့သည်– “ကျွန်တော်တို့ အံ့သြသွားတာက ၆၅ နှစ်ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသမီးဟာ စပြီးငိုပါလေရော။ သူ့ရဲ့ချွေးမက ယေဟောဝါသက်သေတွေပြောတာကို နားထောင်ဖို့ မကြာသေးခင်တုန်းကမှ ဖုန်းဆက်အားပေးခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့ရောက်နေတာကို သူမယုံနိုင်ဖြစ်ခဲ့တယ်။ အဲဒီလောက် မြန်မြန်ရောက်လာလိမ့်မယ်လို့ သူမထင်ခဲ့ဘူး။”
ရှေ့ဆောင်များပြောပြချက်အရ သက်သေခံများနှင့် ထိုအမျိုးသမီး လိုလိုလားလားစကားပြောဆိုခြင်းမှာ ယင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် တက်ကြွသောကက်သလစ်တစ်ဦးဖြစ်ပြီး အခြားသူများကို သွန်သင်ပေးရန်အတွက် လွန်ခဲ့သော ၁၂ နှစ်လုံးလုံး ကက်သလစ်ယုံကြည်ချက်များကို အသေးစိတ်လေ့လာခဲ့သည်။ ရှေ့ဆောင်များက သမ္မာကျမ်းစာ၊ ယေဟောဝါသက်သေတို့နှင့်ပတ်သက်သော သူမ၏မေးခွန်းများစွာကို ဝမ်းမြောက်စွာ ဖြေဆိုပေးခဲ့ကြပြီးနောက် ကျမ်းစာလေ့လာရန် သဘောတူခဲ့သည်။ သူ၏ခင်ပွန်းနှင့် သမီးတို့ကလည်း ဘုရားသခင့်နှုတ်ကပါဌ်တော်အကြောင်း ပို၍လေ့လာလိုကြသည်။
ပွာတီရီကိုမှ ဗေသလအိမ်သားတစ်ဦးက ဤသို့ဆိုသည်– “‘ရဲများ—သူတို့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် လိုအပ်သနည်း’ လို့ခေါင်းစဉ်ရှိတဲ့ ဇူလိုင် ၈၊ ၂၀၀၂ နိုးလော့! [လိပ်] ကိုယူပြီး ရဲဌာနချုပ်က ရဲမှူးကိုပေးဖို့ ကျွန်တော်စီစဉ်ခဲ့ပါတယ်။ သူဟာ ဆောင်းပါးတွေကို သဘောကျသွားပြီး ဒေသခံမြို့တော်ဝန်နဲ့ အဲဒီဒေသမှာရှိတဲ့ တခြားရဲစခန်းတွေကိုလည်းပေးဖို့ မဂ္ဂဇင်းတွေထပ်ယူလာဖို့ပြောတယ်။ တခြားအရာရှိတစ်ယောက်က တခြားရဲစခန်းတွေအားလုံးကို ရဲကားနဲ့ လိုက်ပို့ပေးဖို့စီစဉ်ပေးခဲ့တယ်။ ဒါ့အပြင် အဲဒီရဲအရာရှိက သူ့လက်အောက်မှာရှိတဲ့သူတွေအတွက် နောက်စာစောင်တွေကိုလည်း ယူလာခွင့်ပေးခဲ့တယ်။ သူက ‘ဒါတွေဟာ ရဲတပ်ဖွဲ့မှာ လိုအပ်နေတဲ့—စိတ်ပိုင်းနဲ့ ဝိညာဉ်ရေးဆိုင်ရာ အထောက်အကူပေးလိမ့်မယ်’ လို့ပြောခဲ့ပါတယ်။” ဤဗေသလအိမ်သားသည် တစ်လအတွင်း ရဲစခန်းရှစ်ခုသို့ လည်ပတ်ခဲ့ပြီး အရာရှိများစွာက နောက်ထပ်မဂ္ဂဇင်းများကို တောင်းဆိုခဲ့ကြသည်။ မဂ္ဂဇင်းပေါင်း ၁၆၄ စောင်ဝေငှခဲ့ပြီး သူ၏မဂ္ဂဇင်းလမ်းကြောင်းတွင် ငါးဦးထပ်တိုးခဲ့သည်။
ထရီနီဒက်နှင့် တိုဘာဂိုကျွန်းရှိ နာဇရန်းချာ့ချ်တွင် ၂၅ နှစ်လုံးလုံး ထင်ပေါ်သူတစ်ဦးဖြစ်ခဲ့သော အမျိုးသမီးတစ်ဦးသည် အလုပ်ဖော်ဖြစ်သူ၏ ဖိတ်ခေါ်မှုကြောင့် တိုက်နယ်ကြီးကြပ်မှူး၏ ဟောပြောချက်ကို တက်ရောက်နားထောင်ခဲ့သည်။ အစည်းအဝေးပြီးနောက် တိုက်နယ်ကြီးကြပ်မှူးသည် ထိုအမျိုးသမီးထံချဉ်းကပ်ကာ ဖော်ဖော်ရွေရွေဖြင့် စကားစမြည်ပြောဆိုခဲ့သည်။ ယင်းက သူမကို အံ့အားသင့်စေခဲ့သည်၊ အကြောင်းမှာ သူမ၏ချာ့ချ်ရှိလူများသည် လူမျိုးရေးအဆင့်အတန်းခွဲ၍ ပေါင်းသင်းဆက်ဆံကြသောကြောင့်ဖြစ်သည်။ သူမသည် သူမ၏ခင်ပွန်းနှင့် လူမျိုးချင်းမတူသောကြောင့် သူမ၏ချာ့ချ်သည် သူ့ကို စိမ်းကားစွာဆက်ဆံကြသည်။ ထို့ကြောင့် နိုင်ငံတော်ခန်းမတွင် သူမကြုံတွေ့ရမှုနှင့် တိုက်နယ်ကြီးကြပ်မှူးထံမှ ပုဂ္ဂိုလ်ရေးအားပေးမှုတို့က ကျမ်းစာသင်အံမှုလက်ခံရန် လှုံ့ဆော်မှုဖြစ်စေခဲ့သည်။ ခြောက်လအတွင်း သူသည် နှစ်ခြင်းမခံရသေးသော ကြေညာသူတစ်ဦးဖြစ်လာပြီး လစဉ်ဓမ္မအမှုတွင် နာရီ ၇၀ မှ ၁၀၀ အထိပါဝင်နေသည်။ သူမသည် ၂၀၀၂ ခုနှစ်၊ “ထက်သန်သော နိုင်ငံတော်ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးတွင် နှစ်ခြင်းခံခဲ့ပြီး မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်လာရန် မျှော်လင့်နေသည်။ ယခု သီအိုကရက်တစ်ကျောင်းတွင် ပါဝင်နေပြီဖြစ်သော သူမ၏ ခုနစ်နှစ်အရွယ် သမီးကိုလည်း ကူညီပေးနေသည်။
ယူရုဂွေးတွင် သခင်ယေရှုခရစ်ကို ကားတိုင်တင်ထားသည့်ပုံပါသော ဆွဲကြိုးများကို တစ်အိမ်မှတစ်အိမ်လိုက်လံရောင်းချသော အရောင်းသမားတစ်ဦးသည် သက်သေခံတစ်ဦး၏အိမ်သို့ ရောက်ရှိလာသည်။ ညီအစ်မဖြစ်သူက သူ၏ပစ္စည်းကို အဘယ်ကြောင့် မဝယ်နိုင်ကြောင်း ကျမ်းစာမှရှင်းပြရန် အခွင့်အရေးယူခဲ့သည်။ အရောင်းသမားသည် သူ၏ပြောဆိုချက်ကို လေးစားရုံမျှသာမက ဝိညာဉ်ရေးရာကို စိတ်ဝင်စားကြောင်း ဖော်ပြခဲ့သည်။ အမှန်မှာ၊ သူသည် အခြားဘာသာတရားများစွာနှင့် ပေါင်းသင်းခဲ့သော်လည်း သူ့မေးခွန်းများ၏အဖြေကို မရရှိခဲ့ကြောင်း ပြောပြခဲ့သည်။ နောက်ဆုံးတွင် ချာ့ချ်များသည် လူများကို ဝိညာဉ်ရေးရာတွင် အကူအညီပေးရေးထက် ငွေရရှိရေးကိုသာ အာရုံစိုက်ကြကြောင်း သူကောက်ချက်ချခဲ့သည်။ သူမပြန်မီ ညီအစ်မက နိုင်ငံတော်ခန်းမသို့ ဖိတ်ခေါ်ခဲ့သည်။
ထိုအချိန်မှစ၍ သူ့ကို မတွေ့ရတော့ဘဲ နောက်တစ်နှစ်ခန့်ကြာမှ ညီအစ်မ၏ အိမ်တံခါးဝသို့ ပြန်ရောက်လာသည်။ “ဒီတစ်ခေါက် ကျွန်တော်ရောက်လာတာက တစ်ခုခုရောင်းဖို့ မဟုတ်ပါဘူး၊ အသိပညာစာအုပ်နဲ့ ကျမ်းစာလေ့လာနေတာ အခန်း ၁၅ ရောက်နေပြီဆိုတာကို လာပြောပြတာပါ” ဟုဆိုသောကြောင့် ညီအစ်မ အကြီးအကျယ် အံ့သြခဲ့ရသည်။ သူ၏မိသားစုတစ်ခုလုံးလည်း ကျမ်းစာလေ့လာနေပြီး အစည်းအဝေးများကို တက်ရောက်နေကြပြီဖြစ်ကြောင်း ရှင်းပြသည်။ “နောက်အပတ် စည်းဝေးပွဲမှာ ပြန်ဆုံကြမယ်” ဟုပြောပြီး ပြန်သွားခဲ့သည်။