လေ့လာစရာ အကြံပြုလွှာ
မလေ့လာခင် စိတ်ကို ပြင်ဆင်ပါ
ကျမ်းစာလေ့လာတဲ့အခါ ယေဟောဝါဘုရားအကြောင်း သိလာတာတွေကို ကိုယ့်အတွေး၊ ခံစားချက်၊ ဆန္ဒအပေါ် ကျွန်တော်တို့ သက်ရောက်မှု ရှိစေချင်ကြတယ်။ ‘ယေဟောဝါရဲ့ ပညတ်ကျမ်းကို ရှာဖွေလေ့လာဖို့ စိတ်ကို ပြင်ဆင်ထား’ တဲ့ ဧဇရဟာ ကျွန်တော်တို့အတွက် စံနမူနာရှင်ပါပဲ။ (ဧဇ. ၇:၁၀) ဧဇရလို စိတ်ကို ဘယ်လို ပြင်ဆင်နိုင်သလဲ။
ဆုတောင်းပါ။ မလေ့လာခင် ဆုတောင်းပါ။ လေ့လာမယ့် အကြောင်းအရာကို နားလည်နိုင်ဖို့၊ လက်တွေ့လိုက်နာနိုင်ဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။—ဆာ. ၁၁၉:၁၈၊ ၃၄။
နှိမ့်ချမှုရှိပါ။ ယေဟောဝါက ကိုယ့်ဉာဏ်ရည်ဉာဏ်စွမ်းကို အားကိုးတဲ့ မာနကြီးသူတွေကို အမှန်တရား ဖွင့်မပြဘူး။ (လု. ၁၀:၂၁) ဒါ့အပြင် သိကြောင်းတတ်ကြောင်း ပြဖို့ ရည်ရွယ်ချက်နဲ့ မလေ့လာပါနဲ့။ ကိုယ့်အတွေးအခေါ်ဟာ ယေဟောဝါရဲ့ အတွေးအခေါ်နဲ့ မကိုက်ညီမှန်း သိလာတဲ့အခါ နှိမ့်ချမှုရှိရှိ ပြုပြင်ပြောင်းလဲပါ။
နိုင်ငံတော်သီချင်းတစ်ပုဒ်ပုဒ် နားထောင်ပါ။ တေးဂီတဟာ စိတ်ထိမိနိုင်စွမ်း ရှိတယ်။ ဝတ်ပြုမှုအတွက် စိတ်ကို ပြင်ဆင်ပေးနိုင်တယ်။ ဒါကြောင့် လေ့လာမှုအစမှာ နိုင်ငံတော်သီချင်း နားထောင်တာက စိတ်ကို ပြင်ဆင်ရာမှာ အထောက်အကူပြုနိုင်တယ်။