အချိန်တိကျသူဖြစ်အောင် ကြိုးစားပါ
၁။ ယေဟောဝါက အချိန်တိကျမှုမှာ ဘယ်လိုပုံနမူနာပြသလဲ။
၁ ယေဟောဝါက အမြဲတမ်း အချိန်တိတိကျကျ လုပ်ဆောင်တတ်တယ်။ ဥပမာ၊ မိမိကိုဝတ်ပြုတဲ့သူတွေ “အကူအညီ လိုအပ်ချိန်” မှာ ကူညီပေးတတ်တယ်။ (ဟေဗြဲ ၄:၁၆) ပုံဆောင်အစာကိုလည်း “အချိန်တန်” ကျွေးမွေးတယ်။ (မ. ၂၄:၄၅) ဒါကြောင့် ဘုရားသခင်ရဲ့ အမျက်တော်နေ့ကြီးဟာ “နောက်မကျဘဲ” ရောက်လာလိမ့်မယ်လို့ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဟဗ. ၂:၃) ယေဟောဝါရဲ့ အချိန်တိကျမှုကနေ ကျွန်ုပ်တို့ အကျိုးအများကြီး ရရှိကြတယ်။ (ဆာ. ၇၀:၅) ဒါပေမဲ့ မစုံလင်တဲ့လူသားတွေအနေနဲ့ အလုပ်များတဲ့ခေတ်မှာ အချိန်တိကျဖို့ဆိုတာ မလွယ်ပါဘူး။ အချိန်တိကျသူဖြစ်အောင် ကျွန်ုပ်တို့ ဘာကြောင့်ကြိုးစားသင့်သလဲ။
၂။ အချိန်တိကျတာက ဘာကြောင့် ယေဟောဝါကို ဂုဏ်တင်ရာရောက်သလဲ။
၂ နောက်ဆုံးနေ့ရက်တွေမှာ လူတွေဟာ ကိုယ့်အတွက်ပဲကိုယ်ကြည့်ပြီး ချုပ်တည်းခြင်းမရှိကြတော့တဲ့အတွက် အချိန်မတိကျသူတွေ ဖြစ်လာတယ်။ (၂ တိ. ၃:၁-၃) ဒါပေမဲ့ ယေဟောဝါသက်သေတွေဟာ အလုပ်၊ ချိန်းထားတဲ့နေရာ၊ အလုပ်ကိစ္စနဲ့ဆိုင်တဲ့ အစည်းအဝေးတွေကို အချိန်အတိအကျ ရောက်သွားတဲ့အခါ တခြားသူတွေ သတိပြုမိကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ အချိန်တိကျမှုက ယေဟောဝါကို ဂုဏ်တင်ရာရောက်တယ်။ (၁ ပေ. ၂:၁၂) ကျွန်ုပ်တို့က လောကအလုပ်ကိုတော့ အချိန်အတိအကျရောက်ပြီး ဝတ်ပြုရေးနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ နောက်ကျတတ်သလား။ အဖွင့်သီချင်းဆိုတာ၊ ဆုတောင်းတာတွေမတိုင်ခင် ခန်းမကိုကြိုရောက်နေတာက စည်းစနစ်ကျတဲ့ ကောင်းကင်ဖခင်ကို တုပချင်စိတ်ရှိတယ်ဆိုတာ ဖော်ပြနေတာဖြစ်ပါတယ်။—၁ ကော. ၁၄:၃၃၊ ၄၀။
၃။ အချိန်တိကျတာက တခြားသူတွေကို ထောက်ထားစာနာတယ်လို့ ဘာကြောင့်ပြောနိုင်သလဲ။
၃ အချိန်တိကျတာက တခြားသူတွေကို ထောက်ထားစာနာရာလည်း ရောက်ပါတယ်။ (ဖိ. ၂:၃၊ ၄) ဥပမာ၊ လယ်ကွင်းတွေ့ဆုံမှုအပါအဝင် စည်းဝေးတွေကို အချိန်မီ ရောက်လာမယ်ဆိုရင် ကိုယ့်ကြောင့် ညီအစ်ကို၊ ညီအစ်မတွေ စိတ်အနှောင့်အယှက် ဖြစ်တော့မှာမဟုတ်ဘူး။ ကိုယ်က နောက်ကျတတ်တဲ့အကျင့် ရှိမယ်ဆိုရင် ကိုယ့်ရဲ့အချိန်က ပိုတန်ဖိုးရှိတယ်လို့ ဖော်ပြနေတာနဲ့တူသွားပါလိမ့်မယ်။ အချိန်တိကျသူဟာ အားကိုးလို့ရတယ်၊ ဝီရိယရှိတယ်၊ ယုံကြည်စိတ်ချလို့ရတယ်ဆိုတာ ဖော်ပြနေတာပဲ။ အဲဒီလို အချိန်တိကျတဲ့သူကို လူတော်တော်များများက လေးစားကြတယ်။
၄။ ကိုယ့်မှာ နောက်ကျတတ်တဲ့အကျင့် ရှိတယ်ဆိုရင် အဲဒီအကျင့်ကို ဘယ်လိုပြုပြင်နိုင်မလဲ။
၄ သင့်မှာ နောက်ကျတတ်တဲ့အကျင့် ရှိနေတယ်ဆိုရင် အကြောင်းရင်းကို ဆန်းစစ်ကြည့်ပါ။ အလုပ်တွေကို ပြီးသင့်တဲ့အချိန်မှာ ပြီးအောင်လုပ်နိုင်ဖို့ လက်တွေ့ကျဇယား ဆွဲပါ။ (ဒေ. ၃:၁; ဖိ. ၁:၁၀) ယေဟောဝါဆီ အကူအညီတောင်းပါ။ (၁ ယော. ၅:၁၄) အချိန်တိကျတာက ဘုရားသခင်နဲ့ လူသားချင်းကို ချစ်ပါဆိုတဲ့ အကြီးမြတ်ဆုံးပညတ်နှစ်ခုကို လိုက်နာကြောင်းဖော်ပြတဲ့ နည်းတစ်နည်းဖြစ်ပါတယ်။—မ. ၂၂:၃၇-၃၉။