ယေဟောဝါကို ချီးမွမ်းနိုင်တဲ့ အခွင့်ထူးတွေ တိုးများလာ
၁။ အဘယ်အစီအစဉ်သစ်ကြောင့် ‘ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်း’ ခွင့် ရရှိကြမှာလဲ။
၁ ဒီနှစ်မတ်လမှာ အစီအစဉ်သစ်တစ်ခု စတင်ခဲ့တယ်။ အဲဒါက ကြေညာသူတွေဟာ မတ်လနဲ့ဧပြီလအပြင် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်တဲ့လတွေမှာလည်း နာရီ ၃၀ နဲ့ အရန်ရှေ့ဆောင်လုပ်နိုင်တဲ့ အခွင့်ထူးဖြစ်တယ်။ တကယ်လို့ တိုက်နယ်ကြီးကြပ်မှူးရဲ့ လည်ပတ်ချိန်က လတစ်လရဲ့အဆုံးနဲ့ နောက်တစ်လရဲ့အစမှာ ဖြစ်နေမယ်ဆိုရင် ကြေညာသူတွေဟာ အဲဒီနှစ်လထဲက တစ်လမဟုတ်တစ်လ နာရီ ၃၀ နဲ့ အရန်ရှေ့ဆောင် လုပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ အရန်ရှေ့ဆာင်လုပ်တဲ့သူတွေ အားလုံးဟာ မှန်မှန်၊ အထူးတွေနဲ့အတူ ရှေ့ဆောင်စည်းဝေးကို အစအဆုံး တက်ရောက်ခွင့် ရရှိကြမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ နာရီ ၅၀ နဲ့ အရန်ရှေ့ဆောင် မလုပ်နိုင်ဘူးဆိုရင်တောင် တစ်နှစ်ကို လေးကြိမ် နာရီ ၃၀ နဲ့ အရန်ရှေ့ဆောင်လုပ်ပြီး ‘ယေဟောဝါကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်း’ လို့ ရပါသေးတယ်။—ဆာ. ၁၀၉:၃၀၊ ကဘ; ၁၁၉:၁၇၁။
၂။ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်အတွင်း အရန်ရှေ့ဆောင်လုပ်တဲ့သူတွေ ဘာအခွင့်အရေးတွေရရှိကြမလဲ။
၂ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်အတွင်း– အခုဆိုရင် ကြေညာသူအတော်များများဟာ တိုက်နယ်ကြီးကြပ်မှူး လည်ပတ်ချိန်အတွင်း အရန်ရှေ့ဆောင်လုပ်နိုင်ကြမှာဖြစ်တယ်။ တိုက်နယ်ကြီးကြပ်မှူးနဲ့အတူ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် အပြန်အလှန် အားပေးခွင့်ရရှိကြမယ်။ (ရော. ၁:၁၁၊ ၁၂) အရန်ရှေ့ဆောင်လုပ်တဲ့သူများစွာက တိုက်နယ်ကြီးကြပ်မှူးနဲ့အတူ တွဲအမှုဆောင်နိုင်ဖို့ ကြားရက်မှာ ခွင့်ယူကောင်းယူပါလိမ့်မယ်။ ကြားရက်မှာအလုပ်လုပ်ရတဲ့သူတွေက စနေ ဒါမှမဟုတ် တနင်္ဂနွေနေ့မှာ မိမိနဲ့တွဲအမှုဆောင်နိုင်မလားဆိုပြီး တိုက်နယ်ကြီးကြပ်မှူးကို မေးမြန်းနိုင်ပါတယ်။ အရန်ရှေ့ဆောင်တွေဟာ မှန်မှန်၊ အထူးတွေနဲ့အတူ ရှေ့ဆောင်စည်းဝေးကိုလည်း တက်ရောက်ခွင့်ရမှာဖြစ်တဲ့အတွက် တကယ့်ကို အားရှိစရာကောင်းမယ်မဟုတ်ဘူးလား။
၃။ အောက်မေ့ရာပွဲကာလဟာ အရန်ရှေ့ဆောင်လုပ်ဖို့ ဘာကြောင့် အကောင်းဆုံးကာလဖြစ်တာလဲ။
၃ မတ်လနဲ့ ဧပြီလအတွင်း– အစီအစဉ်ဟောင်းအရ ကြေညာသူတွေဟာ အောက်မေ့ရာပွဲရှိတဲ့လတစ်လမှာပဲ နာရီ ၃၀ နဲ့ အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့ကြတယ်။ အခုဆိုရင် သူတို့ဟာ အရန်ရှေ့ဆောင်ကို နှစ်လလုပ်ပြီး “ချီးမွမ်းခြင်းယဇ်” ကို ပူဇော်နိုင်ကြပြီ။ (ဟေဗြဲ ၁၃:၁၅) မတ်လနဲ့ ဧပြီလတွေဟာ အရန်ရှေ့ဆောင်လုပ်ဖို့ အကောင်းဆုံးလတွေဖြစ်တယ်။ နှစ်စဉ် အဲဒီလတွေမှာ ကျွန်ုပ်တို့ဟာ တခြားသူတွကို အောက်မေ့ရာပွဲ တက်ရောက်ဖို့ ဖိတ်ခေါ်တဲ့ကင်ပိန်းမှာ ပါဝင်နိုင်တယ်။ ဒါ့အပြင် အောက်မေ့ရာပွဲကာလမှာ ကြေညာသူအတော်များများ တိုးချဲ့အမှုဆောင်တဲ့အတွက် သူတို့နဲ့အတူ ကျွန်ုပ်တို့ တွဲအမှုဆောင်နိုင်ကြတယ်။ အောက်မေ့ရာပွဲတက်ပြီးနောက် စိတ်ဝင်စားခဲ့တဲ့သူတွေဆီ ကျွန်ုပ်တို့ ပြန်လည်ပတ်ပြီး လာမယ့်အထူးဟောပြောပွဲကို သူတို့ တက်ရောက်နိုင်ဖို့ ကြိုးစားကြတယ်။ အဲဒီအခွင့်ထူးတွေကြောင့် သင်ဟာ အရန်ရှေ့ဆောင်လုပ်ချင်စိတ် ဖြစ်ပေါ်လာတယ် မဟုတ်ဘူးလား။—လု. ၆:၄၅။