ကျွန်ုပ်တို့ ဟောပြောဖို့ ဘာက လှုံ့ဆော်ပေးသလဲ
၁။ ချစ်ခြင်းမေတ္တာနဲ့ အမှုဆောင်လုပ်ငန်းက ဘယ်လိုဆက်နွှယ်မှုရှိသလဲ။
၁ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောခြင်းက ကနေ့ ကျွန်ုပ်တို့လုပ်ဆောင်နိုင်တဲ့ အရေးပါဆုံး လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်းအားဖြင့် ယေဟောဝါဘုရားသခင်နဲ့ လူသားချင်းကို ချစ်ပါဆိုတဲ့ အကြီးမြတ်ဆုံးပညတ်နှစ်ခုကို လိုက်လျှောက်နေကြောင်း ကျွန်ုပ်တို့ ဖော်ပြကြတယ်။ (မာ. ၁၂:၂၉-၃၁) ချစ်ခြင်းမေတ္တာက အမှုဆောင်လုပ်ငန်းမှာ စိတ်အားထက်သန်စွာ ပါဝင်ဖို့ လှုံ့ဆော်ပေးပါတယ်။—၁ ယော. ၅:၃။
၂။ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ပါဝင်ခြင်းက ယေဟောဝါကိုချစ်ကြောင်း ဘယ်လိုဖော်ပြသလဲ။
၂ ယေဟောဝါကိုချစ်တဲ့မေတ္တာ– ကျွန်ုပ်တို့ရဲ့မိတ်ဆွေ ယေဟောဝါဘုရားသခင်ကို ချစ်တဲ့မေတ္တာက ကိုယ်တော်ဘက်ကနေ ရပ်တည်ပြောဆိုဖို့ လှုံ့ဆော်ပေးပါတယ်။ စာတန်က ဘုရားသခင်ကို ပုတ်ခတ်ပြောဆိုခဲ့တာ အနှစ် ၆,၀၀၀ တောင်ရှိနေပါပြီ။ (၂ ကော. ၄:၃၊ ၄) ဒါကြောင့် ဘုရားသခင်က အပြစ်သားတွေကို မီးငရဲထဲမှာ ညှဉ်းဆဲတယ်၊ နားလည်ရခက်တဲ့ သုံးပါးပေါင်းတစ်ဆူဘုရားဖြစ်တယ်၊ လူသားတွေကို ဂရုမစိုက်ဘူးဆိုပြီး လူတွေ ယူမှတ်ကြတယ်။ ဘုရားသခင် မရှိဘူးလို့တောင် လူအများက ယူဆလာကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ လူတွေကို ကောင်းကင်ခမည်းတော်နဲ့ပတ်သက်တဲ့ အမှန်တရား သိစေချင်ကြတယ်။ အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ကြိုးစားပါဝင်တဲ့အခါ ဘုရားသခင်ကို စိတ်ရွှင်လန်းစေပြီး စာတန်ကိုတော့ ဝမ်းနည်းစေမှာ သေချာတယ်။—သု. ၂၇:၁၁; ဟေဗြဲ ၁၃:၁၅၊ ၁၆။
၃။ ကျွန်ုပ်တို့ရဲ့ဟောပြောခြင်းက လူသားချင်းကိုချစ်ကြောင်း ဘယ်လိုနည်းနဲ့ ဖော်ပြသလဲ။
၃ လူသားချင်းကိုချစ်တဲ့မေတ္တာ– တစ်ဦးတစ်ယောက်ကို ကျွန်ုပ်တို့ဟောပြောတဲ့အခါတိုင်း သူ့ကိုချစ်ကြောင်း ဖော်ပြရာရောက်တယ်။ ခက်ခဲကျပ်တည်းတဲ့ ဒီကာလမှာ သတင်းကောင်းကို လူတွေကြားဖို့အတွက် အလွန်အရေးကြီးပါတယ်။ ယောနခေတ်က နိနေဝေမြို့သားတွေလိုပဲ ဒီနေ့ခေတ် လူအများဟာ “ကိုယ့်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိ” ကြဘူး။ (ယောန ၄:၁၁) ပျော်ရွှင်ပြီး အောင်မြင်တဲ့အသက်တာနဲ့ လူတွေ ဘယ်လိုနေထိုင်နိုင်မယ်ဆိုတာကို ဟောပြောခြင်းအားဖြင့် ကျွန်ုပ်တို့ သွန်သင်ပေးနေပါတယ်။ (ဟေရှာ. ၄၈:၁၇-၁၉) ဒါကြောင့် လူတွေဟာ မျှော်လင့်ချက်ရှိလာကြတာ ဖြစ်တယ်။ (ရော. ၁၅:၄) သူတို့သိရှိလာရာတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် “ကယ်တင်” ခံရပါလိမ့်မယ်။—ရော. ၁၀:၁၃၊ ၁၄။
၄။ ဘယ်အရာကို ယေဟောဝါ အမြဲ အမှတ်ရနေမှာလဲ။
၄ လိမ္မာတဲ့သားသမီးတွေဟာ တစ်ခါတလေပဲ မိဘတွေကိုချစ်ကြောင်း ပြသကြမှာမဟုတ်ပါဘူး။ အမြဲတမ်း ချစ်ကြောင်း ကြိုးစားပြသပါတယ်။ အလားတူပါပဲ၊ ဘုရားသခင်နဲ့ လူသားချင်းကို ချစ်တဲ့ အားကြီးတဲ့မေတ္တာက တစ်ခါတလေမဟုတ်ဘဲ အမြဲတမ်း ဟောပြောခွင့်ရဖို့ နိုးကြားနေမှာဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ စိတ်အားထက်သန်စွာ ဟောပြောနေကြမှာဖြစ်တယ်။ (တ. ၅:၄၂) အဲဒီလိုမျိုးမေတ္တာကို ယေဟောဝါ အမြဲ အမှတ်ရနေမှာဖြစ်တယ်။—ဟေဗြဲ ၆:၁၀။