ခရစ်ယာန်သိုးထိန်းများ သင့်ကို ကူညီပေးကြပုံ
၁၊ ၂။ (က) သိုးထိန်းလည်ပတ်မှုဟူသည် အဘယ်နည်း။ (ခ) အကြီးအကဲများသည် သိုးထိန်းလည်ပတ်မှုအတွက် မည်သို့ပြင်ဆင်နိုင်သနည်း။
၁ သိုးထိန်းလည်ပတ်မှုဟူသည် ထွေရာလေးပါးပြောဆိုသည့် လူမှုရေး လည်ပတ်မှုသက်သက်မျှမဟုတ်ပါ။ အကြီးအကဲတစ်ဦး ဤသို့ပြောသည်- “ကြေညာသူအများစုဟာ ကျမ်းချက်တစ်ချက်ကိုဖတ်တာ ဒါမှမဟုတ် ကျမ်းစာမှာပါတဲ့ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ဆွေးနွေးတာတွေကို တကယ် ကြိုက်ကြတယ်။ အကြီးအကဲကပဲ တစ်ချိန်လုံး ဒိုင်ခံပြောနေစရာမလိုဘူး။ များသောအားဖြင့် အိမ်ရှင်ဖြစ်တဲ့ နိုင်ငံတော်ကြေညာသူက ကျမ်းစာနဲ့ပတ်သက်တဲ့ သူ့ရဲ့သဘောထားတွေကို တင်ပြရတဲ့အတွက် ပျော်တယ်။ အဲလို လုပ်လို့ သူ့ယုံကြည်ခြင်း ခိုင်မာလာတယ်။ အကြီးအကဲဟာ တည်ဆောက်မှုပေးတဲ့ ဆောင်းပါးတစ်ခုကို ဆွေးနွေးဖို့ ကင်းမျှော်စင် ဒါမှမဟုတ် နိုးလော့! တစ်စောင်ကို ယူသွားနိုင်တယ်။ ဒီလိုဝိညာဉ်ရေးအကြောင်းဆွေးနွေးတဲ့အတွက် သိုးထိန်းလည်ပတ်မှုနဲ့ လူမှုရေးလည်ပတ်မှုကို ကွာခြားစေတယ်။”
၂ အတွေ့အကြုံရှိသော အကြီးအကဲနောက်တစ်ဦးက ဤသို့ မှတ်ချက်ချသည်– “အကြီးအကဲတစ်ယောက်ဟာ ကြေညာသူဆီ မလည်ပတ်ခင် သူ့အကြောင်း အချိန်ယူစဉ်းစားတယ်။ ဘယ်အကြောင်းအရာက အဲဒီကြေညာသူအတွက် တည်ဆောက်မှုဖြစ်နိုင်မလဲ။ လူတစ်ယောက် ခံနိုင်ရည်ရှိဖို့ စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးခြင်းဟာ သိုးထိန်းလည်ပတ်မှုအတွက် မရှိမဖြစ်တဲ့ အရာပဲ။” မှန်ပါသည်၊ သိုးထိန်းလည်ပတ်မှုသည် အသင်းတော်အတွင်း တစ်ဦးနှင့်တစ်ဦး ခင်မင်၍လည်ပတ်ခြင်းထက် ပိုအကျိုးရှိပါသည်။
၃။ ကြေညာသူများသည် သိုးထိန်းလည်ပတ်သောအခါ အဘယ်ကြောင့် မစိုးရိမ်သင့်သနည်း။
၃ သင့်ထံ အဘယ်ကြောင့် သိုးထိန်းလည်ပတ်ရသနည်း။ အကြီးအကဲတစ်ဦး လည်ပတ်သောအခါ သူသည် ယုံကြည်သူချင်းများကို အားပေးရန်နှင့် သူတို့၏ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ကူညီပေးရန် အသင့်ရှိသည်။ (ရောမ ၁:၁၁) ထို့ကြောင့် အကြီးအကဲတစ်ဦး၊ နှစ်ဦးသည် သင့်ထံ လည်ပတ်လိုလျှင် သင်မည်သို့ တုံ့ပြန်သနည်း။ နယ်လှည့်ကြီးကြပ်မှူးတစ်ဦး ဤသို့ဆိုသည်- “အကြောင်းပေါ်မှပဲ သိုးထိန်းလည်ပတ်တဲ့အခါ လည်ပတ်ခံရသူက ‘ငါ ဘာများမှားသွားလို့လဲ’ ဆိုပြီး အရင်ဆုံး တုံ့ပြန်မှာသေချာတယ်။” မေတ္တာရှိသော ခရစ်ယာန်သိုးထိန်းတို့သည် ယေဟောဝါကို တုပသည်။ ကိုယ်တော်သည် ဆာလံဆရာ အထူးသဖြင့် စိတ်သောကရောက်နေချိန်နှင့် အကူအညီအထူးလိုအပ်ချိန်များတွင် သူ့ကို ဂရုစိုက်ကာ အမြဲပင် ‘လန်းဆန်းစေ’ တော်မူခဲ့သည်။—ဆာလံ ၂၃:၁-၄။
၄။ သိုးထိန်းလည်ပတ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
၄ သိုးထိန်းလည်ပတ်မှု၏ ရည်ရွယ်ချက်မှာ ‘‘ဖြိုဖျက်ရန်မဟုတ်ဘဲ တည်ဆောက်ရန်’’ ဖြစ်သည်။ (၂ ကောရိန္သု ၁၃:၁၀) အိမ်ရှင်ဖြစ်သူ၏ခံနိုင်ရည်၊ ဇွဲနှင့် သစ္စာရှိလုပ်ရပ်တို့ကို တန်ဖိုးထားလေးမြတ်ကြောင်း ပြောဆိုခြင်းသည် အမှန်ပင် အားရှိစရာဖြစ်သည်။ အကြီးအကဲတစ်ဦး ဤသို့ဆိုသည်- “သိုးထိန်းလည်ပတ်တဲ့အခါ ပြဿနာတွေကို ဖော်ထုတ်ပြီး ဆွေးနွေးဖို့ လာတယ်လို့ မထင်စေပါနဲ့။ ကြေညာသူကိုယ်တိုင်ကလည်း သူ့အခက်အခဲတစ်ခုခုကို ပြောပြချင်မှာပဲ။ သိုးဖြစ်သူဟာ ခြေထောက်နာနေမယ်၊ သိုးအုပ်နဲ့ဝေးနေမယ်ဆိုရင် အကြီးအကဲက တစ်နည်းနည်းနဲ့ကူညီပေးဖို့ လိုမယ်။”
၅။ သိုးထိန်းလည်ပတ်မှုကို အဘယ်ကြောင့် စောင့်မျှော်သင့်သနည်း။
၅ ခရစ်ယာန်သိုးထိန်းတစ်ဦးသည် မကြာမီ သင့်အိမ်သို့ လည်ပတ်လိုသလော။ လည်ပတ်မည်ဆိုလျှင် သင်ရရှိမည့် အားပေးမှုကို စောင့်မျှော်နေပါလေ။ သူသည် သင့်အား ကူညီရန်နှင့် ထာ၀ရအသက်ရစေသည့် လမ်းပေါ်တွင် တည်နေမည်ဟူသော သင့်သန္နိဋ္ဌာန်ကို ခိုင်မြဲစေရန် လာခြင်းဖြစ်သည်။—မဿဲ ၇:၁၃၊ ၁၄။