မေးခွန်းသေတ္တာ
◼ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေး၏ အပိုင်းတစ်ခုစီပြီးတိုင်း ပရိသတ်များ လက်ခုပ်တီးခြင်းသည် သင့်လျော်သလော။
ဖန်ဆင်းရှင်ယေဟောဝါသည် မြေကြီးအုတ်မြစ်ကိုတည်သောအခါ “နံနက်ကြယ်တို့သည် တညီတညွတ်တည်းသီချင်းဆို၍ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြ” ၏။ (ယောဘ ၃၈:၇) ယေဟောဝါ၏ဉာဏ်ပညာ၊ ကောင်းမြတ်မှုနှင့်တန်ခိုးတော်တို့ကို ဖော်ပြသော နည်းလမ်းအသစ်ဖြစ်သည့် ထိုအံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာအတွက် ကိုယ်တော်ကို ထိုကောင်းကင်သားတို့ချီးမွမ်းလိုကြသည်။
ကျွန်ုပ်တို့သည် ညီအစ်ကိုများ၏ကြိုးစားအားထုတ်မှုများနှင့် သူတို့တင်ဆက်သောအကြောင်းအရာအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြခြင်းသည် ကောင်း၏။ ဥပမာ၊ စည်းဝေးပွဲနှင့် စည်းဝေးကြီးကဲ့သို့သော အထူးစုရုံးချိန်များတွင် ဟောပြောချက်နှင့် သရုပ်ပြများပြီးတိုင်း ကျွန်ုပ်တို့လက်ခုပ်တီးလေ့ရှိသည်။ ထိုအပိုင်းများကို ပြင်ဆင်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှုတို့လိုအပ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့လက်ခုပ်တီးခြင်းက ဟောပြောသူ၏ ကြိုးစားမှုကိုသာမက မိမိနှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးသော ညွှန်ကြားချက်ကိုပါ ကျေးဇူးတင်လေးမြတ်ကြောင်း ဖော်ပြရာရောက်သည်။—ဟေရှာ. ၄၈:၁၇; မ. ၂၄:၄၅-၄၇။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးတွင် တင်ဆက်သောအပိုင်းများအတွက် လက်ခုပ်တီးခြင်းကော အသို့နည်း။ ကျောင်းသားတစ်ဦး ဦးဆုံးအကြိမ်ကျောင်းသားတာဝန်ကို ဆောင်ရွက်ပြီးနောက် စသောအချိန်များတွင် လက်ခုပ်တီးခြင်းသည် စိတ်ရင်းမှန်ဖြင့်ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြခြင်းဖြစ်ပါက ယင်းကိုတားမြစ်သည့် စည်းမျဉ်းများမရှိပါ။ သို့သော် လက်ခုပ်တီးခြင်းသည် ဝတ်ကျေတန်းကျေမျှသာ ဖြစ်လာနိုင်ပြီး ယင်း၏အဓိပ္ပာယ်ပျောက်ဆုံးသွားနိုင်သည်။ ထို့ကြောင့် အပိုင်းတစ်ခုပြီးသွားတိုင်း ကျွန်ုပ်တို့လက်ခုပ်မတီးကြခြင်းဖြစ်သည်။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေး၏ အပိုင်းအများစုတွင် လက်ခုပ်မတီးသော်လည်း ရရှိလာသောညွှန်ကြားချက်နှင့် တင်ဆက်သွားသူ၏ကြိုးစားအားထုတ်မှုများကို ကျေးဇူးတင်လေးမြတ်ကြောင်း အခြားနည်းများဖြင့် ကျွန်ုပ်တို့အားလုံးတင်ပြနိုင်ပါသည်။ တစ်နည်းမှာ ဟောပြောသူကို အာရုံစိုက်နားထောင်ခြင်းဖြင့်ဖြစ်သည်။ ထို့ပြင် သူတို့၏ကြိုးစားအားထုတ်မှုများအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း အစည်းအဝေးပြီးနောက်တွင်လည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြောပြနိုင်ပါသည်။—ဧ. ၁:၁၅၊ ၁၆။