‘ခြေတော်ရာကို နီးကပ်စွာ လျှောက်လိုက်လော့’
၁။ ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် ထိရောက်သောဓမ္မအမှုဆောင်များ ဖြစ်နိုင်သနည်း။
၁ ယေရှုသည် ရဗ္ဗိကျောင်းများတွင် ပညာမသင်ခဲ့သော်လည်း သမိုင်းတွင် အကြီးမြတ်ဆုံးဓမ္မအမှုဆောင်တစ်ဦး ဖြစ်ခဲ့သည်။ ယေရှု၏ဓမ္မအမှုမှတ်တမ်းကို ကျွန်ုပ်တို့အကျိုးအတွက် ထိန်းသိမ်းပေးထားသည်မှာ ကျေးဇူးတင်စရာပင်။ ကျွန်ုပ်တို့သည် ထိရောက်သောဓမ္မအမှုဆောင်များဖြစ်နိုင်ရန် ကိုယ်တော်၏ ‘ခြေတော်ရာကို နီးကပ်စွာလျှောက်လိုက်’ ရမည်။—၁ ပေ. ၂:၂၁။
၂။ ယေရှုနည်းတူ လူတို့ကိုမေတ္တာထားနိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
၂ လူတို့ကိုချစ်ကြောင်း တင်ပြပါ– လူတို့ကို မေတ္တာပါပါဂရုစိုက်ခြင်းက ယေရှုကိုစေ့ဆော်ပေးခဲ့သည်။ (မာ. ၆:၃၀-၃၄) ကျွန်ုပ်တို့ဒေသရှိလူများစွာသည် “ဆင်းရဲခြင်းဝေဒနာကို” ခံစားနေရပြီး သမ္မာတရားကိုသိရှိရန် အလွန်လိုအပ်နေသည်။ (ရော. ၈:၂၂) သူတို့၏ဆိုးရွားသောအခြေအနေနှင့် သူတို့အပေါ်ထားရှိသော ယေဟောဝါ၏ မေတ္တာပါပါဂရုစိုက်မှုကို ပြန်တွေးတောခြင်းက ဆက်၍ဟောပြောရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (၂ ပေ. ၃:၉) ထို့ပြင် ကျွန်ုပ်တို့သည် လူတို့အား အမှန်ဂရုစိုက်ကြောင်း သူတို့သိမြင်ပါက ကျွန်ုပ်တို့၏သတင်းတရားကို ပို၍တုံ့ပြန်လိုစိတ်ရှိပေမည်။
၃။ ယေရှုသည် မည်သည့်အချိန်အခါများတွင် သူတစ်ပါးကိုဟောပြောခဲ့သနည်း။
၃ အခွင့်အရေးရတိုင်း ဟောပြောပါ– ယေရှုသည် သူတစ်ပါးအား သတင်းကောင်းဟောပြောရန် အခွင့်အရေးမှန်သမျှကို အသုံးချခဲ့သည်။ (မ. ၄:၂၃; ၉:၉; ယော. ၄:၇-၁၀) အလားတူ၊ ကျွန်ုပ်တို့လည်း နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်စဉ် သမ္မာတရားအကြောင်းပြောဆိုနိုင်ရန် အဆင်သင့်ဖြစ်လိုကြသည်။ အချို့က ကျမ်းစာနှင့်စာပေများကို အဆင်သင့်ထားရှိခြင်းဖြင့် အလုပ်တွင်၊ ကျောင်းတွင်၊ ခရီးသွားစဉ်၊ ဈေးဝယ်စဉ်နှင့် အခြားအချိန်များတွင် သက်သေခံနိုင်ကြပေမည်။
၄။ ကျွန်ုပ်တို့သည် အဘယ်နည်းဖြင့် နိုင်ငံတော်အကြောင်းကို အဓိကထားဟောပြောနိုင်သနည်း။
၄ နိုင်ငံတော်ကိုအာရုံစိုက်ပါ– ယေရှုသည် နိုင်ငံတော်သတင်းကောင်းအကြောင်း အဓိကဟောပြောခဲ့သည်။ (လု. ၄:၄၃) ကျွန်ုပ်တို့၏တင်ဆက်မှုတွင် နိုင်ငံတော်အကြောင်း ချက်ချင်းပြောဆိုမည်မဟုတ်သော်လည်း နိုင်ငံတော်လိုအပ်ကြောင်း အိမ်ရှင်သိမြင်စေရန် ကူညီပေးနေသည်ကို အမြဲစိတ်စွဲမှတ်ထားကြသည်။ နောက်ဆုံးကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေရကြောင်း ဖော်ပြသော ကမ္ဘာ့အခြေအနေဆိုးများအကြောင်းကို ပြောဆိုသည့်အခါတွင်ပင် “ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်း” ကို အဓိကဟောပြောကြသည်။—ရော. ၁၀:၁၅။
၅။ ဓမ္မအမှုတွင် ထိရောက်မှုရှိနိုင်ရန် သမ္မာကျမ်းစာသည် အဘယ်အခန်းကဏ္ဍမှပါဝင်ရမည်နည်း။
၅ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အားထားပါ– ယေရှု၏ဓမ္မအမှုတစ်လျှောက်လုံးတွင် ကျမ်းစာကိုသာ အဓိကအသုံးပြုခဲ့သည်။ ကိုယ်တော်သည် ကိုယ့်သဘောအတိုင်း သွန်သင်ခဲ့ခြင်း မရှိပါ။ (ယော. ၇:၁၆၊ ၁၈) ကိုယ်တော်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုဖတ်ရှုပြီး စာတန်၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရာတွင် ယင်းတို့ကို လက်တွေ့ကျင့်သုံးခဲ့သည်။ (မ. ၄:၁-၄) ကျွန်ုပ်တို့လည်း သူတစ်ပါးကို ထိရောက်စွာသွန်သင်နိုင်ရန် ကျမ်းစာကိုနေ့စဉ်ဖတ်ရှုပြီး လက်တွေ့ကျင့်သုံးရမည်။ (ရော. ၂:၂၁) ဓမ္မအမှုတွင် မေးခွန်းများကိုဖြေဆိုသည့်အခါ ကျမ်းစာကိုသာ ကိုးကားဖြေဆိုသင့်ပြီး ဖြစ်နိုင်သည့်အခါတိုင်း သမ္မာကျမ်းစာမှ တိုက်ရိုက်ဖတ်ပြသင့်သည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်အယူအဆများကိုပြောဆိုနေခြင်းမဟုတ်ဘဲ ဘုရားသခင်၏အတွေးအခေါ်များကို ဖော်ပြနေခြင်းဖြစ်ကြောင်း အိမ်ရှင်ကိုသိစေလိုကြသည်။
၆။ နားထောင်သူများ၏နှလုံးထိမိစေရန် ယေရှု အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။
၆ သွန်သင်ပေးရာတွင် နှလုံးကိုထိမိစေပါ– “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှမဟောစဖူးပါ။” (ယော. ၇:၄၆) ယေရှုကို အဘယ်ကြောင့်မဖမ်းဆီးခဲ့သနည်းဟု ယဇ်ပုရောဟိတ်အကြီးနှင့်ဖာရိရှဲတို့ မေးသောအခါ မင်းလုလင်တို့က အထက်ပါအတိုင်းပြန်ဖြေကြသည်။ ယေရှုသည် အကြောင်းအရာများကိုရှင်းပြရုံမျှမက လူတို့၏နှလုံးကိုထိမိစေသည့်နည်းဖြင့် သွန်သင်ခဲ့သည်။ (လု. ၂၄:၃၂) ကိုယ်တော်သည် မိမိ၏သတင်းစကားကို လူတို့နားလည်စေရန် ဘဝသရုပ်ဖော်ဥပမာများကို အသုံးပြုခဲ့သည်။ (မ. ၁၃:၃၄) ထို့ပြင် နားထောင်နေသူများအား အကြောင်းအရာမြောက်မြားစွာ သွန်သင်ပေးခြင်းမပြုခဲ့ပါ။ (ယော. ၁၆:၁၂) မိမိကိုယ်ကို အာရုံစိုက်စေမည့်အစား ယေဟောဝါကိုသာ အာရုံစိုက်စေခဲ့သည်။ ယေရှုနည်းတူ ကျွန်ုပ်တို့လည်း ‘ကိုယ်ဆုံးမသြဝါဒကို’ အမြဲသတိပြုနေမှသာ ဆရာသမားကောင်းများဖြစ်လာနိုင်မည်။—၁ တိ. ၄:၁၆။
၇။ ယေရှုသည် ဓမ္မအမှုတွင် အဘယ်ကြောင့် ဇွဲမလျှော့ခဲ့သနည်း။
၇ လျစ်လျူရှုမှုနှင့် ဆန့်ကျင်မှုများကြုံရငြား ဇွဲရှိပါ– ယေရှုသည် အံ့ဖွယ်အမှုများ ပြုလုပ်ခဲ့သော်လည်း လူများစွာမှာ ကိုယ်တော်၏စကားကို နားမထောင်ခဲ့ပေ။ (လု. ၁၀:၁၃) ယေရှု၏မိသားစုဝင်များပင် ကိုယ်တော်အား “အရူးဖြစ်၏” ဟုထင်ကြသည်။ (မာ. ၃:၂၁) သို့တိုင် ယေရှု ဇွဲမလျှော့ခဲ့ပါ။ မိမိ၌ လူတို့ကိုလွတ်မြောက်စေသော သမ္မာတရားရှိသည်ဟု ကိုယ်တော် လုံးဝယုံကြည်ထားသောကြောင့် အပြုသဘောဆက်ထိန်းခဲ့သည်။ (ယော. ၈:၃၂) ယေဟောဝါ၏အကူအညီဖြင့် ကျွန်ုပ်တို့လည်း လက်မလျှော့ရန် စိတ်ပိုင်းဖြတ်ထားကြသည်။—၂ ကော. ၄:၁။
၈၊ ၉။ သတင်းကောင်းအတွက် စွန့်လွှတ်မှုများပြုရာတွင် ယေရှုကို မည်သို့တုပနိုင်သနည်း။
၈ အပြည့်အဝပါဝင်နိုင်ရန် လိုအပ်သောစွန့်လွှတ်မှုများပြုပါ– ယေရှုသည် ဓမ္မအမှုတွင်ပါဝင်နိုင်ရန် စည်းစိမ်ဥစ္စာများ စွန့်လွှတ်ခဲ့သည်။ (မ. ၈:၂၀) တစ်ခါတစ်ရံ၊ မိုးချုပ်ချိန်တိုင် မမောနိုင်မပန်းနိုင်ဟောပြောခဲ့သည်။ (မာ. ၆:၃၅၊ ၃၆) လုပ်ငန်းပြီးမြောက်အောင် လုပ်ဆောင်ရန် အချိန်အကန့်အသတ်သာရှိကြောင်း ကိုယ်တော်ကောင်းစွာသိသည်။ “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်” သောကြောင့် ကျွန်ုပ်တို့လည်း ယေရှုကိုတုပသည့်အနေဖြင့် ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ ဥစ္စာအင်ခွင်များကို ကိုယ်ကျိုးစွန့်ပေးဆက်ဖို့လိုသည်။—၁ ကော. ၇:၂၉-၃၁။
၉ ပထမရာစုခရစ်ယာန်များသည် ယေရှုထံမှသင်ယူခဲ့သောကြောင့် ထိရောက်သောဓမ္မအမှုဆောင်များ ဖြစ်ခဲ့ကြသည်။ (တ. ၄:၁၃) ကျွန်ုပ်တို့လည်း သမိုင်းတွင် အကြီးမြတ်ဆုံးဓမ္မအမှုဆောင်ဖြစ်သော ယေရှုကိုတုပမည်ဆိုလျှင် ဓမ္မအမှုကို အပြည့်အဝ ပြီးမြောက်အောင်မြင်နိုင်ကြမည်ဖြစ်သည်။—၂ တိ. ၄:၅။