သင်၌ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ရှိသလော
၁။ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်ဟူသည် အဘယ်နည်း။
၁ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်ဟူသည် သင့်အား တာဝန်ပေးထားသော ရပ်ကွက်တစ်ခုဖြစ်၏။ ထိုရပ်ကွက်သည် သင် မြန်မြန်ရောက်နိုင်ပြီး သင်တစ်ဦးတည်းဖြစ်စေ၊ နောက်ကြေညာသူတစ်ဦးနှင့်ဖြစ်စေ ဟောပြောနိုင်ရန် အဆင်ပြေသောနေရာတွင် တည်ရှိပေမည်။ ဖြစ်နိုင်မည်ဆိုလျှင် အုပ်စုလိုက်သက်သေခံထွက်သည့် အသင်းတော်အစီအစဉ်များကို ထောက်မပေးခြင်းက အကျိုးရှိသော်လည်း အခြားအချိန်အခါများတွင် လုပ်ဆောင်ရန် ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခုထားရှိခြင်းက အထူးသဖြင့် ရပ်ကွက်ကြီးသော အသင်းတော်များအတွက် စေ့စေ့စပ်စပ်သက်သေခံရာတွင် အထောက်အကူဖြစ်စေနိုင်သည်။—တ. ၁၀:၄၂။
၂။ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ထားရှိခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
၂ အကျိုးကျေးဇူးများ– အချို့သောသူတို့သည် မိမိတို့အလုပ်ခွင်တွင် နေ့လယ်စာစားချိန် သို့မဟုတ် အလုပ်ပြီးပြီးချင်းနောက်ပိုင်း အနီးအနားရှိ ကိုယ်ပိုင်ရပ်ကွက်တစ်ခု၌ ဟောပြောခြင်းက ထပ်ဆင့်အကျိုးဖြစ်ထွန်းကြောင်း တွေ့ရှိခဲ့ကြပြီ။ အခြားသူတို့မူ အသင်းတော်စာအုပ်ကြီးသင်တန်းမတိုင်မီ မိသားစုလိုက် အိမ်နီးနားချင်းများကို တစ်နာရီ သို့မဟုတ် ထိုထက်မက ဟောပြောရခြင်းကို ပျော်မွေ့ခဲ့ကြပြီ။ ထို့ကြောင့် သင့်ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်မှရရှိသည့် ပြန်လည်ပတ်မှုများနှင့် ကျမ်းစာသင်အံမှုများသည် အနီးအနားဝန်းကျင်တွင်ဖြစ်ရာ အားစိုက်မှု၊ အချိန်နှင့် စရိတ်သက်သာမည်ဖြစ်သည်။ အချိန်နည်းနည်းနှင့် အလုပ်တွင်သည့်အတွက် ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ထားရှိခြင်းက အချို့သောသူတို့အတွက် အခါအားလျော်စွာ အရန်ရှေ့ဆောင်လုပ်ရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်စာရင်းသွင်းရန်ပင် အကူအညီဖြစ်ပေမည်။ ထို့ပြင် ကိုယ်ပိုင်ရပ်ကွက်တွင် အမှုဆောင်ပြီး အိမ်ရှင်များနှင့် အကျွမ်းတဝင်ဖြစ်လာခြင်းက သူတို့၏ယုံကြည်စိတ်ချမှုကို ရရှိနိုင်ကာ သူတို့စိတ်ဝင်စားရာများနှင့်အညီ တင်ဆက်နိုင်သဖြင့် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ပိုထိရောက်နိုင်သည်။
၃။ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ထားရှိခဲ့သည့် ရှေ့ဆောင်တစ်ဦး၏အတွေ့အကြုံကား အဘယ်နည်း။
၃ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ထားရှိရန် တိုက်နယ်ကြီးကြပ်မှု၏အားပေးမှုကို ရရှိခဲ့သည့် ရှေ့ဆောင်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “ဒီအကြံပေးချက်ကို ကျွန်မလက်ခံလိုက်တဲ့အခါ မကြာခင်မှာပဲ ကျွန်မရဲ့ရပ်ကွက်မှာရှိတဲ့ အိမ်ရှင်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့တယ်။ သူတို့အဆင်ပြေမယ့်အချိန်မှာ သွားရောက်လည်ပတ်ဖို့ ကျွန်မရဲ့အချိန်ဇယားကို ပြုပြင်ပြောင်းလဲခဲ့တယ်။ ရလဒ်အနေနဲ့ တစ်လအတွင်းမှာ ပြန်လည်ပတ်မှု ၃၅ ခုကနေ ၈၀ ကျော်အထိ တိုးများလာပြီး အိမ်တွင်းကျမ်းစာသင်အံမှု ခုနစ်ခုရရှိခဲ့တယ်။”
၄။ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု သင်မည်သို့ရယူလုပ်ဆောင်နိုင်သနည်း။
၄ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက် ရရှိနိုင်ပုံ– သင်သည် ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ရရှိလိုပါက ရပ်ကွက်အမှုထမ်းနှင့် စကားပြောကြည့်ပါ။ သင်နှင့်အတူလုပ်ဆောင်ရန် နောက်ကြေညာသူတစ်ဦးကို ဖိတ်ခေါ်ပြီး လူမတွေ့သည့်အိမ်များကို မှတ်သားထားပါ။ လေးလအတွင်း ရပ်ကွက်ပြီးရန် ကြိုးစားသင့်သည်။ ထိုသို့လုပ်ဆောင်ရန် သင်၌အခက်အခဲရှိပါက သင်၏အသင်းတော်စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူး သို့မဟုတ် အခြားသူများကို အကူအညီတောင်းခံနိုင်သည်။ လေးလအကုန်တွင် အမှုဆောင်ပြီးသောရပ်ကွက်ကို ပြန်လည်ပေးအပ်နိုင်သည် သို့မဟုတ် ပြန်လုပ်ဆောင်၍ရမရ မေးမြန်းနိုင်ပါသည်။ သို့သော် ရပ်ကွက်တစ်ခုတည်း၌ အကန့်အသတ်မရှိ မလုပ်ဆောင်သင့်ချေ။ အခြားသူများက ယင်းရပ်ကွက်ကို တောင်းဆိုလာနိုင်သည့်အတွက် ပြန်လည်ပေးအပ်သင့်သည်။ သင်သည် ရပ်ကွက်ငယ်သည့် အသင်းတော်တစ်ခုမှဖြစ်ပြီး ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု မရရှိနိုင်လျှင် သင်၏စာအုပ်ကြီးသင်တန်း ကြီးကြပ်မှူးထံမှ ရပ်ကွက်တစ်ခု၏ တစ်နေရာရာကို တောင်းခံနိုင်ပါသည်။
၅။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်အောင်မြင်ရန် အဘယ်အရာလိုအပ်သနည်း။
၅“လူနေရာမြေတစ်ပြင်လုံးတွင်” ဟောပြောရသောလုပ်ငန်းသည် စိုးရွံ့ဖွယ်တာဝန်တစ်ခုဖြစ်၏။ (မဿဲ ၂၄:၁၄၊ ကဘ) ယင်းတွင် အချိတ်အဆက်မိမိ ကြိုးစားလုပ်ဆောင်မှုကောင်းရှိရန် လိုအပ်သည်။ အုပ်စုလိုက်သက်သေခံခြင်းအပြင် ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခုတွင် ဟောပြောခြင်းက လူများနိုင်သမျှများများထံ သတင်းကောင်းရောက်ရှိစေနိုင်သည်။