အထူးစည်းဝေးပွဲနေ့အစီအစဉ်သစ်
ကျွန်ုပ်တို့သည် သတိပေးချက်တစ်ရပ်ကို မြင်ရကြားရသော်လည်း ထိုအတိုင်း မလုပ်ဆောင်လျှင် ဒုက္ခရောက်နိုင်သည်။ ယေဟောဝါပေးသည့် ဝိညာဉ်ရေးလမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခြင်းသည် ထို့ထက်အရေးကြီး၏။ လာမည့်လုပ်ငန်းတော်နှစ်အတွက် အထူးစည်းဝေးပွဲနေ့အစီအစဉ်တွင် ယင်းကို အလေးပေးဖော်ပြမည်။ အဓိကအကြောင်းမှာ “အဘယ်သို့နားထောင်သည်ကို ဂရုပြုကြလော့” ဖြစ်၏။—လု. ၈:၁၈၊ ကဘ။
ဧည့်ဟောပြောသူက သူ၏ဦးဆုံးဟောပြောချက်တွင် ပေါလု၏မှုတ်သွင်းခံဟေဗြဲသြဝါဒစာ၏ အစပိုင်းအခန်းများမှ အကြံပြုချက်သည် ယနေ့ ကျွန်ုပ်တို့နှင့် မည်သို့သက်ဆိုင်ကြောင်း သုံးသပ်လိမ့်မည်။ သူသည် “ဘုရားသခင့်သွန်သင်ချက်ကို မပြတ်အာရုံစိုက်လော့” ဟူသောနိဂုံးချုပ်ဟောပြောချက်၌ ယေဟောဝါ၊ ကိုယ်တော့်သားတော်နှင့် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ အား မိမိတို့ အမှန်တကယ်နားထောင်နေ၊ မနေ ဆန်းစစ်ကြရန် အားလုံးကို ကူညီပေးလိမ့်မည်။—မ. ၂၄:၄၅။
အစီအစဉ်ပါ အချို့သောအပိုင်းများသည် အထူးသဖြင့် မိသားစုများအတွက် အကျိုးရှိပါလိမ့်မည်။ “ဘုရားသခင့်စကားတော်ကို စိတ်မပျံ့လွင့်ဘဲ နားထောင်သည့် မိသားစုများ” ဟူသောအပိုင်းက ဤလောကရှိအရာများကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်ရေးမကျသွားစေရန် တားဆီးဖို့ ကူညီပေးလိမ့်မည်။ ၎င်းအပိုင်း၌ ဝိညာဉ်ရေးရာများကို ရှေးဦးထားရန် ပြောင်းလဲမှုပြုလုပ်ခဲ့ကြသူများအား ခေါ်မေးသည့် လူတွေ့မေးမြန်းခန်းများပါဝင်မည်။ “ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဂရုတစိုက်နားထောင်ခြင်းက ကျွန်ုပ်တို့၏လူငယ်များကို ခိုင်ခံ့စေပုံ” ဟူသောအပိုင်း၌ ကျောင်းတွင်၊ ရွယ်တူချင်းများအလယ်တွင် သို့မဟုတ် ဓမ္မအမှုတွင် သမ္မာတရားအတွက်ရပ်တည်ခဲ့ကြသည့် လူငယ်များအား လူတွေ့မေးမြန်းခန်းများပါဝင်မည်။ “ဘုရားသခင်၏စကားတော်ကို နားထောင်ပြီး သင်ယူသည့်ကလေးငယ်များ” ဟူသောအပိုင်းက ငယ်ရွယ်သူများ၏ သင်ယူနိုင်စွမ်းကို လျှော့မတွက်မိစေရန် ကူညီပေးလိမ့်မည်။ ငယ်ရွယ်သူများနှင့် သူတို့၏မိဘများအား ခေါ်မေးသည့် လူတွေ့မေးမြန်းခန်းများက ယေဟောဝါ၏လမ်းစဉ်၌ သားသမီးများအား နို့စို့အရွယ်မှစ၍ လေ့ကျင့်ပေးခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးကို တွေ့မြင်စေမည်ဖြစ်သည်။
စာတန်သည် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား” နေစဉ် ယေဟောဝါသည် မိမိ၏သစ္စာရှိကျေးကျွန်များအား လျှောက်သင့်သည့်လမ်းကို ပြသနေတော်မူ၏။ (ဗျာ. ၁၂:၉; ဟေရှာ. ၃၀:၂၁) ကိုယ်တော်၏အကြံပြုချက်ကို ဂရုတစိုက်နားထောင်ကာ ယင်းကို အသက်တာတွင် နာခံမှုရှိစွာလက်တွေ့ကျင့်သုံးခြင်းက ကျွန်ုပ်တို့ကို ပညာရှိစေကာ ပျော်ရွှင်မှုနှင့် ထာဝရအသက်ရရှိစေမည်။—သု. ၈:၃၂-၃၅။