ယေဟောဝါ၏ တရားမျှတမှုကို တုပလော့
၁ “ယေဟောဝါသည် တရားမျှတမှုကို မြတ်နိုးတော်မူသောအရှင်ဖြစ်၏။” (ဆာ. ၃၇:၂၈၊ ကဘ) ထို့ကြောင့် ကိုယ်တော်သည် ဤမဖြောင့်မတ်သောလောကကိုဖျက်ဆီးရန် အမိန့်ချမှတ်ခဲ့သော်လည်း အရင်ဆုံးသတိပေးရန် စီစဉ်တော်မူခဲ့သည်။ (မာ. ၁၃:၁၀) ယင်းက လူတို့အား နောင်တရကာ ကယ်တင်ခြင်းခံရရန် အခွင့်အရေးရရှိစေ၏။ (၂ ပေ. ၃:၉) ယေဟောဝါ၏ တရားမျှတမှုကိုတုပရန် ကျွန်ုပ်တို့ ကြိုးစားကြသလော။ လူ့မိသားစု၏ စိတ်ဆင်းရဲမှုနှင့် ဆင်းရဲဒုက္ခက အခြားသူတို့အား နိုင်ငံတော်မျှော်လင့်ချက်ဝေမျှရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသလော။ (သု. ၃:၂၇) တရားမျှတမှု မြတ်နိုးသည့်စိတ်က ဟောပြောခြင်းတွင် တက်ကြွစွာပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါလိမ့်မည်။
၂ မျက်နှာမလိုက်ဘဲဟောပြောလော့– ကျွန်ုပ်တို့သည် မျက်နှာမလိုက်ဘဲ လူတိုင်းအား ဘုရားသခင့်ရည်ရွယ်ချက်ကို ကြေညာခြင်းဖြင့် “တရားသဖြင့်ပြု” ကြသည်။ (မိ. ၆:၈) ကျွန်ုပ်တို့သည် အခြားသူတို့အား အပြင်ပန်းအသွင်အပြင်ကြည့်ပြီး ကြိုတင်ဆုံးဖြတ်တတ်သည့် မစုံလင်သောစရိုက်ကို တွန်းလှန်ကြရမည်။ (ယာ. ၂:၁-၄၊ ၉) “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ” ယေဟောဝါအလိုတော်ရှိ၏။ (၁ တိ. ၂:၄) ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားသည် လူတို့၏အသက်တာကို အံ့ဖွယ်ကောင်းလောက်အောင် ပြောင်းလဲပေးနိုင်၏။ (ဟေဗြဲ ၄:၁၂) ဤအချက်ကိုသဘောပေါက်ခြင်းက တစ်ဦးချင်းထံ၊ ယခင်က နားထောင်ဖို့ ငြင်းဆန်ကောင်းငြင်းဆန်ခဲ့မည့်သူများထံပင် ချဉ်းကပ်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။
၃ စတိုးဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်နေသောညီအစ်မတစ်ဦးသည် ပုံမှန်ဖောက်သည်တစ်ဦး၏ ခန္ဓာကိုယ်အသွင်အပြင်ကြောင့် အတော်ကလေးထိတ်လန့်ခဲ့သည်။ သို့သော် သင့်လျော်သည့် အခွင့်အခါ ပေါ်လာသည်နှင့် ထိုသူအား ဘုရားသခင့်ကတိထားရာပရဒိသုအကြောင်း သက်သေခံရန် ကြိုးစားခဲ့သည်။ ထိုသူက မိမိသည် ယုံတမ်းစကားများကို မယုံကြည်ကြောင်း၊ မိမိသည် ဟစ်ပီတစ်ဦးဖြစ်ပြီး ဆေးစွဲနေကြောင်း ခတ်ပြတ်ပြတ် ပြန်ပြောသည်။ သို့သော် ထိုညီမသည် လက်မလျှော့ခဲ့ပါ။ တစ်နေ့တွင် ထိုသူက မိမိ ဆံပင်ရှည်ထားသည်ကို မည်သို့ယူမှတ်ကြောင်း ညီအစ်မအားမေးရာ ညီအစ်မက ၎င်းကိစ္စနှင့်ပတ်သက်သည့် ကျမ်းစာရှုထောင့်ကို လိမ္မာပါးနပ်စွာရှင်းပြသည်။ (၁ ကော. ၁၁:၁၄) နောက်တစ်နေ့တွင် ထိုသူ သပ်သပ်ရပ်ရပ်နှင့် ဆံပင်တိုတိုညှပ်လာရာ ညီအစ်မသည် အံ့သြဝမ်းသာဖြစ်ခဲ့ရသည်! ကျမ်းစာသင်ပေးရန် တောင်းဆိုသောကြောင့် ညီအစ်ကိုတစ်ဦးက အားရဝမ်းသာစွာ သင်ပေးရာ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံသည်အထိ တိုးတက်လာသည်။ ဤသူကဲ့သို့ ယနေ့ ယေဟောဝါအား ဝတ်ပြုနေသူများစွာသည် မိမိတို့ထံ နိုင်ငံတော်သတင်း သယ်ဆောင်လာခဲ့သူများ၏ မျက်နှာမလိုက်ဘဲ မဆုတ်မနစ်ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြသည်။
၄ ယေဟောဝါသည် မကြာမီတွင် မဖြောင့်မတ်မှုကို မြေတစ်ပြင်လုံးပေါ်မှ ဖယ်ရှားပစ်မည်။ (၂ ပေ. ၃:၁၀၊ ၁၃) ကျန်ရှိသည့် ကန့်သတ်ထားချိန်အတွင်း ရောက်ရှိလာမည့် စာတန်၏မဖြောင့်မတ်သောလောကပျက်စီးခြင်းမှ လူအပေါင်းတို့အား လွတ်မြောက်ရန်အခွင့်အရေးပေးခြင်းဖြင့် ယေဟောဝါ၏တရားမျှတမှုကို တုပနိုင်ကြပါစေ။—၁ ယော. ၂:၁၇။