သတင်းကောင်းအပ်နှင်းခံရ
၁ သတင်းကောင်းအပ်နှင်းခံရခြင်းသည် အခွင့်ထူးပါတကား! (၁ သက်. ၂:၄၊ ကဘ) အချို့သည် ဤတန်ခိုးပါသောသတင်းတရားကို ငြင်းပယ်ကြမည်ဖြစ်သော်လည်း နှလုံးရိုးဖြောင့်သူများမူ မွှေးကြိုင်သောရနံ့တစ်ခုဆီသို့ ဆွဲဆောင်ခံရသည်နည်းတူ သတင်းတရားသို့ ဆွဲဆောင်ခံရကြသည်။ (၂ ကော. ၂:၁၄-၁၆) သတင်းကောင်းကို လက်ခံလိုက်နာသူများသည် ကယ်တင်ခြင်းရရှိကြမည်။ (ရော. ၁:၁၆) ကျွန်ုပ်တို့သည် ဤအပ်နှင်းထားရာကို မည်သို့ကြည့်ရှုစောင့်ရှောက်သင့်သနည်း။
၂ ယေရှုနှင့် တမန်တော်များ– ယေရှုသည် သတင်းကောင်းကြွေးကြော်ခြင်းကို ပထမနေရာတွင်ထားသည်။ (လု. ၄:၁၈၊ ၄၃) ကိုယ်တော်သည် မောပန်းကာ ဆာလောင်နေချိန်တွင်ပင် လူတို့ကိုချစ်သည့်မေတ္တာနှင့် သတင်းတရားအပေါ် တန်ဖိုးထားမှုက အခြားသူတို့အား ယင်းကိုဝေမျှရန် ကိုယ်တော်အား လှုံ့ဆော်ပေးသည်။ (မာ. ၆:၃၀-၃၄) ကိုယ်တော်သည် အပြောနှင့် ပုံသက်သေအားဖြင့် နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုကို တပည့်တော်များ၏စိတ်ထဲတွင် စွဲမှတ်စေခဲ့သည်။—မ. ၂၈:၁၈-၂၀; မာ. ၁၃:၁၀။
၃ ယေရှုကိုတုပသည့်အနေဖြင့် တမန်တော်များသည် နိုင်ငံတော်သတင်းကို ထက်သန်စွာကြေညာခဲ့သည်။ သူတို့သည် ရိုက်နှက်ပြီး ဆက်မဟောပြောရန် အမိန့်ပေးခံရသည့်အခါ၌ပင် “ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။” (တ. ၅:၄၀-၄၂) တမန်တော်ပေါလုသည် ဤလုပ်ငန်းကို မမောနိုင်မပန်းနိုင်လုပ်ဆောင်ခဲ့သည်။ (၁ ကော. ၁၅:၉၊ ၁၀; ကော. ၁:၂၉) သူသည် သတင်းကောင်းဝေမျှရသည့်အခွင့်ထူးကို လူသားချင်းအပေါ်တင်နေသည့်အကြွေးနှင့် နှိုင်းယှဉ်ခဲ့ကာ ယင်းကိုဆပ်ရန် မိမိ၏အဆင်ပြေမှုကို စွန့်လွှတ်ဖို့အသင့်ရှိခဲ့သည်။—တ. ၂၀:၂၄; ရော. ၁:၁၄-၁၆။
၄ ယနေ့ကျွန်ုပ်တို့၏အခွင့်ထူး– ကျွန်ုပ်တို့အားအပ်နှင်းထားသည့် မြင့်မြတ်သောတာဝန်ကို လေးမြတ်ခြင်းက ဟောပြောခြင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန် နည်းလမ်းများရှာကြံဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (ရော. ၁၅:၁၆) ဘီးတပ်ကုလားထိုင်ဖြင့်နေခဲ့ရသော အက်ဒ်ဝက်ဒ် သည် ဟိုတယ်တစ်ခု၏အဝင်ဝတွင်ထိုင်ကာ တည်းခိုသူများအား မိမိ၏ယုံကြည်ချက်ကို ပြောပြသည်။ သို့သော် သူသည် ပိုမိုလုပ်ဆောင်လိုသောကြောင့် ထရပ်ကားပေါ်တွင် အထူးအခန်းတစ်ခန်းတည်ဆောက်ပြီး ဤယာဉ်အားဖြင့် နှစ်ပေါင်းများစွာရှေ့ဆောင်လုပ်ကာ မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးဆန့်ခဲ့သည်။ အက်ဒ်ဝက်ဒ် နည်းတူ ယနေ့ များစွာသောသူတို့သည် သတင်းကောင်းဖြန့်ဝေရာတွင် ပိုမိုပါဝင်ရန် မိမိတို့၏အခြေအနေများကို ပြုပြင်ပြောင်းလဲခဲ့ကြသည်။
၅ ယနေ့အချိန်တွင် ယေရှုနှင့် တမန်တော်များအား တုပသည့်အနေဖြင့် ဟောပြောခြင်းလုပ်ငန်းကို ကျွန်ုပ်တို့၏အသက်တာတွင် အစဉ်ဦးစားထားနိုင်ကြပါစေ။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် လူတို့ကိုချစ်သည့်မေတ္တာကိုသာမက မိမိတို့ထံအပ်နှင်းထားသည့် သတင်းကောင်းကို တန်ဖိုးထားလေးမြတ်ကြောင်း ပြသကြသည်။