သင့်ဓမ္မအမှုတွင် “အလွန်အလုပ်များနေ” လော့
၁ ကောရိန္သုမြို့တွင် တမန်တော်ပေါလုရှိစဉ် တဲရှင်ချုပ်လုပ်ငန်းလုပ်ခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည့်အခါ သူသည် ဟောပြောရန်အခွင့်အရေး အကန့်အသတ်သာရှိမည်ဟု ကျွန်ုပ်တို့ကောက်ချက်ချကြပေမည်။ သို့သော် တမန်တော် ၁၈:၅ (ကဘ) ကဤသို့ဖော်ပြသည်– “ယေရှုသည်ခရစ်တော်ဖြစ်ကြောင်းကို သက်သေထူရန် ယုဒလူတို့အား ပေါလုဟောပြောသက်သေခံရာ၌ အလွန်အလုပ်များနေ ခဲ့သည်။” ပေါလုသည် ဟောပြောခြင်းလုပ်ငန်းတွင် အဘယ်ကြောင့် ဤမျှအလုပ်များခဲ့ရသနည်း။ ကောရိန္သုမြို့သားများစွာသည် ယုံကြည်သူများဖြစ်လာကြပြီဖြစ်သော်လည်း ထိုမြို့တွင် နောက်ထပ်တပည့်ဖြစ်ဖို့ များစွာရှိသေးသည်ဟု သခင်ကအခိုင်အမာမိန့်ဆိုခဲ့သည်။ (တ. ၁၈:၈-၁၁) ကျွန်ုပ်တို့လည်း ဓမ္မအမှုတွင် အလွန်အလုပ်များနေရန် ထပ်တူအကြောင်းရင်းရှိသလော။ ရှိပါသည်။ နောက်ထပ်လူများစွာကိုရှာ၍ သမ္မာတရားသင်ပေးနိုင်ပါသေးသည်။
၂ ဧပြီလအတွင်း လုပ်ငန်းတော်၌ အချိန်ပိုများများပါဝင်ပါ– သင့်ပန်းတိုင်မှာ သတင်းကောင်းဟောပြောခြင်းတွင် လတိုင်းအလုပ်များနေရန်ဖြစ်ပေမည်။ သို့သော် အချို့သောလများတွင် ဤလုပ်ငန်း၌ “အလွန်အလုပ်များနေ” ရန်အခွင့်အရေးပိုရရှိသည်။ ယင်းတို့တွင် သတိရအောက်မေ့ပွဲကျင်းပမည့် ဧပြီလပါဝင်သည်။ ဤနွေရာသီတွင် အရန်ရှေ့ဆောင်ရန် သို့မဟုတ် ဓမ္မအမှုတွင် သင့်ကြိုးစားမှုကိုတိုးမြှင့်ပေးရန် သင့်အခြေအနေများက ခွင့်ပြုသလော။ ထိုသို့လုပ်ဆောင်နေကြသောကြေညာသူများစွာသည် ကောင်းချီးများစွာခံစားခဲ့ကြရပြီ။ (၂ ကော. ၉:၆) သင်သည် အတတ်နိုင်ဆုံးလုပ်ဆောင်နေလျှင် သင်၏စိုးလ်အကြွင်းမဲ့လုပ်ဆောင်မှုကို ယေဟောဝါနှစ်သက်တော်မူကြောင်း သတိရပါ။ (လု. ၂၁:၂-၄) သင့်အခြေအနေမည်သို့ပင်ရှိစေကာမူ ဧပြီလတွင် ဓမ္မအမှု၌ “အလွန်အလုပ်များနေ” ရန်ပန်းတိုင်ထားပါ။ ထို့အပြင် သင့်ကြိုးစားမှုကို ယေဟောဝါ၏လူမျိုးမှအခြားသူများနှင့်အတူ ထည့်ပေါင်း၍ရေတွက်နိုင်ရန် လအကုန်တွင် သင့်လယ်ကွင်းလုပ်ငန်းမှတ်တမ်းကိုပေးဖို့ မမေ့ပါနှင့်။
၃ သတိရအောက်မေ့ပွဲတက်ရောက်သူလူသစ်များထံ လည်ပတ်ပါ– မြန်မာနိုင်ငံတွင် လွန်ခဲ့သည့်နှစ်က သတိရအောက်မေ့ပွဲကို ၆,၆၁၇ ယောက်တက်ရောက်ခဲ့သည်။ ဤနှစ်အတွက် စုစုပေါင်းတက်ရောက်သူဦးရေကိုမူ စောင့်ကြည့်ရဦးမည်။ သို့တိုင် “စပါးရိတ်စရာ” များစွာရှိနေသေးကြောင်း မှတ်တမ်းများကဖော်ပြသည်။ (မ. ၉:၃၇၊ ၃၈) ထို့ကြောင့် သတိရအောက်မေ့ပွဲတက်ရောက်ခဲ့သော စိတ်ဝင်စားသူများထံ ဖြစ်နိုင်သည်နှင့် လည်ပတ်ပြီး ဝိညာဉ်ရေးအရကူညီပေးဖို့စီစဉ်ပါ။ အဆိုပါလည်ပတ်မှုများကိုအချိန်ဆွဲနေခြင်းဖြင့် ‘သူတို့၏နှလုံး၌ကြဲထားသော နိုင်ငံတော်သတင်းစကားကို နတ်ဆိုးနုတ်ယူ’ ရန်အခွင့်ရစေသည်။ (မ. ၁၃:၁၉) ချက်ချင်းပြန်လည်ပတ်ခြင်းက သင်သည် ဓမ္မအမှုတွင် အမှန်ပင် “အလွန်အလုပ်များနေ” ကြောင်းတင်ပြရာရောက်မည်။
၄ မလှုပ်ရှားသူများကို ဆက်ကူညီပါ– ဖေဖော်ဝါရီလတွင် မလှုပ်ရှားသူများကိုကူညီရန် အထူးအစပြုကြိုးစားခဲ့ကြသည်။ သိုးထိန်းလည်ပတ်မှုမပြုလုပ်ရသေးသူအချို့ရှိလျှင် ဧပြီလမကုန်မီ သူတို့ထံလည်ပတ်ရန် အကြီးအကဲများ စီစဉ်သင့်သည်။ ထိုသူတို့တစ်ဦးစီ၏ပြဿနာအခြေခံအကြောင်းရင်းနှင့် ယေဟောဝါ၏အမှုတော်ကို ပြန်လည်တက်ကြွစွာထမ်းဆောင်နိုင်ရန် သူတို့အားကူညီပေးရမည့် အကောင်းဆုံးနည်းကို အကြီးအကဲများ ကြိုးစားပိုင်းဖြတ်ကြပါမည်။ ဤမေတ္တာပါစွာကူညီပေးမှုက အကြီးအကဲများသည် “ဘုရားသခင်၏သိုးတော်စု” ၏သိုးထိန်းများအနေနှင့် မိမိတို့၏တာဝန်ကို အလေးအနက်ထားကြောင်း ဖော်ပြသည်။ (၁ ပေ. ၅:၂; တ. ၂၀:၂၈) ၁၉၉၃၊ စက်တင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၂-၃ က မလှုပ်ရှားသူများနှင့်ပတ်သက်၍ ဖြစ်လေ့ဖြစ်ထရှိသောပြဿနာငါးခုအနက် တစ်ခုခုကိုကိုင်တွယ်သည့်အခါ အကြီးအကဲများအသုံးပြုနိုင်သည့် အကြံပြုချက်ကောင်းများပေးထားသည်။ သတင်းကောင်းမှာ ဧပြီလတွင် လယ်ကွင်းဓမ္မအမှု၌ အချို့သူတို့ကို ပြန်လည်လှုပ်ရှားစေနိုင်မည်ဖြစ်သည်။
၅ နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာစေရန် အခြားသူများစွာကို ကူညီပေးပါ– သင့်သားသမီးများသည် သတင်းကောင်းကြေညာသူလူသစ်များအဖြစ် အရည်အချင်းပြည့်မီနေပြီလော။ သင်နှင့်ကျမ်းစာသင်နေသော အခြားသူများကော မည်သို့နည်း။ ထိုသူတို့သည် အကြီးအကဲများ၏သဘောတူညီချက်ရလျှင် ဧပြီလတွင် သူတို့စတင်ကြေညာရန် သင့်လျော်လိမ့်မည်မဟုတ်လော။ လူတစ်ဦးသည် တိုးတက်နေ၍ တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကို လေ့လာပြီးပြီဆိုလျှင် ဒုတိယစာအုပ်—ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော် စာအုပ်၊ စစ်မှန်သောငြိမ်းချမ်းရေး စာအုပ် သို့မဟုတ် ဝတ်ပြုရေးတွင်တစည်းတလုံးတည်း စာအုပ်တစ်ခုခုဖြင့် ကျမ်းစာသင်အံမှုဆက်ကျင်းပနိုင်သည်။ သင့်ပန်းတိုင်မှာ သင်သားအား သမ္မာတရားကို ပို၍ထိုးထွင်းသိမြင်စေရန်၊ နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးအဖြစ် အရည်အချင်းပြည့်မီစေရန်နှင့် ဆက်ကပ်အပ်နှံနှစ်ခြင်းခံပြီးသော ယေဟောဝါသက်သေတစ်ဦးဖြစ်လာစေရန်ဖြစ်သည်။—ဧ. ၃:၁၇-၁၉; ၁ တိ. ၁:၁၂; ၁ ပေ. ၃:၂၁။
၆ သင့်ကျမ်းစာသင်သားများကို တစ်သမတ်တည်းနှင့် အမှန်တကယ်စိတ်ဝင်စားခြင်းက နောက်ဆုံးတွင် သမ္မာတရားကို သူတို့ကိုယ်ပိုင်ဖြစ်လာစေရန် ကူညီပေးနိုင်သည်။ သက်သေခံတစ်ဦးသည် ကျမ်းစာသင်အံမှုကို ဝမ်းသာအားရလက်ခံသော သက်ကြီးမောင်နှံတစ်စုံနှင့်တွေ့ဆုံခဲ့သည်။ သို့သော် မောင်နှံစုံသည် သုံးပတ်တိုင်အောင် တစ်ပတ်ပြီးတစ်ပတ် သင်အံမှုကို ရွှေ့ဆိုင်းခဲ့သည်။ နောက်ဆုံး၌ သင်အံမှုစတင်လိုက်သည်။ ထို့နောက် မောင်နှံစုံသည် တစ်ပတ်ခြားစီနီးပါး သင်အံမှုပျက်လာသည်။ သို့သော် နောက်ဆုံးတွင် ဇနီးဖြစ်သူသည် နှစ်ခြင်းခံနိုင်သည့်အထိ တိုးတက်လာသည်။ “နှစ်ခြင်းခံပြီးနောက် သူ့ရဲ့မျက်လုံးမှာ ဝမ်းသာတဲ့မျက်ရည်တွေဝဲနေခဲ့ရာ အဲဒါကြောင့် ကျွန်တော့်ဇနီးရောကျွန်တော်ပါ ဝမ်းသာမျက်ရည်ကျခဲ့ရတယ်” ဟုညီအစ်ကိုက ပြန်ပြောပြသည်။ မှန်ပါသည်၊ သတင်းကောင်းနှင့် “များစွာအလုပ်များနေ” ခြင်းသည် ကြီးစွာသောရွှင်လန်းမှုကို ရရှိစေသည်!
၇ ကျမ်းစာပရောဖက်ပြုချက်နှင့် ကမ္ဘာ့ဖြစ်ရပ်များက ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏အဆုံးပိုင်းတွင် အသက်ရှင်နေကြကြောင်းဖော်ပြသည်။ ယခုအချိန်သည် အခြားသူတို့အား သတင်းကောင်းသိရှိစေခြင်းတွင် ဘုရားသခင့်လူမျိုးအားလုံး “အလွန်အလုပ်များနေ” ရန်လိုသည့်အချိန်ဖြစ်၏။ တမန်တော်ပေါလုက ထိုသို့သောလုပ်ဆောင်မှုသည် “သခင်အရှင်နှင့်ပတ်သက်၍ အချည်းနှီးမဖြစ်” သည်မှာသေချာကြောင်း အာမခံထားသည်။—၁ ကော. ၁၅:၅၈၊ ကဘ။