သင်သည် ရဲရင့်စွာဟောပြောသလော
၁ အတိုက်အခံပြုသူများ၏ဖမ်းဆီးခြိမ်းခြောက်မှုခံရလင့်ကစား ပေတရုနှင့်ယောဟန်တို့သည် နိုင်ငံတော်သတင်းကို ရဲရင့်စွာဆက်ကြွေးကြော်ခဲ့ကြသည်။ (တ. ၄:၁၇၊ ၂၁၊ ၃၁) ရဲရင့်စွာဟောပြောခြင်းဟူသည် ယနေ့ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၂ ရဲရင့်စွာသက်သေခံခြင်း– “ရဲရင့်သော” အတွက် ကြောင်းတူသံကွဲမှာ “သတ္တိပြောင်သော” ဟူသည့် စကားလုံးဖြစ်ပြီး “မယိမ်းယိုင်သောရဲစွမ်းသတ္တိ၊ ကြံ့ကြံ့ခံနိုင်မှုနှင့် ခံနိုင်ရည်” ရှိခြင်းဟုအဓိပ္ပာယ်ရ၏။ ခရစ်ယာန်စစ်များအတွက် ရဲရင့်စွာဟောပြောခြင်းဟူသည် အခြားသူတို့အား သတင်းကောင်းဝေငှရန် သင့်လျော်သည့်အခါတိုင်း မကြောက်မရွံ့ပြောရဲဆိုရဲရှိခြင်းဟူသည့်အဓိပ္ပာယ်ဖြစ်သည်။ (တ. ၄:၂၀; ၁ ပေ. ၃:၁၅) ကျွန်ုပ်တို့သည် သတင်းကောင်းဝေငှရန် မရှက်ကြောက်သည့်အဓိပ္ပာယ်ဖြစ်သည်။ (ဆာ. ၁၁၉:၄၆; ရော. ၁:၁၆; ၂ တိ. ၁:၈) ထို့ကြောင့် ရဲရင့်ခြင်းသည် ဤဆုံးခန်းကာလတွင် ကျွန်ုပ်တို့၏ နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းတာဝန်ကို ပြီးမြောက်စေရန် လိုအပ်သည့်အရည်အသွေးတစ်ခုဖြစ်သည်။ ယင်းက လူတို့အား တွေ့နိုင်သည့်နေရာတိုင်းတွင် သတင်းကောင်းဝေငှရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။—တ. ၄:၂၉; ၁ ကော. ၉:၂၃။
၃ ကျောင်းတွင်ရဲရင့်ခြင်း– ကြောက်ရွံ့စိတ် သို့မဟုတ် ရှက်ကြောက်စိတ်က သင့်ကျောင်းနေဖက်များကို ဟောပြောရန်ခက်ခဲစေသလော။ တစ်ခါတစ်ရံ ၎င်းသည် မလွယ်ကူပါ; အမှန်မှာ၊ ၎င်းသည် တကယ့်စိန်ခေါ်ချက်တစ်ရပ်ဖြစ်နိုင်၏။ သို့သော် အခြားသူများကိုဟောပြောရန် ရဲရင့်ခြင်းရှိဖို့ဆုတောင်းလျှင် သင့်အား ယေဟောဝါခွန်အားပေးပါလိမ့်မည်။ (ဆာ. ၁၃၈:၃) ရဲရင့်ခြင်းက မိမိကိုယ်ကို ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်းဖော်ပြရန်နှင့် ပြက်ရယ်ပြုမှုကိုခံနိုင်ရန် သင့်အားကူညီပေးမည်။ ရလဒ်အနေနှင့် ကျောင်းတွင် သင်၏ဟောပြောခြင်းသည် သင့်ကိုနားထောင်သူတို့အား ကယ်တင်နိုင်ပေသည်။—၁ တိ. ၄:၁၆။
၄ အလုပ်ခွင်တွင်ရဲရင့်ခြင်း– အလုပ်ခွင်တွင် သင့်အား ယေဟောဝါသက်သေတစ်ဦးဟု သိကြသလော။ သင့်အလုပ်ဖော်များထံ သတင်းကောင်းရောက်ရှိနိုင်သည့် တစ်ခုတည်းသောနည်းမှာ သင် သူတို့အား ဟောပြောခြင်းအားဖြင့်ဖြစ်နိုင်သည်။ သင်၏ရဲရင့်မှုက သင့်အား ခရစ်ယာန်စည်းဝေးများနှင့် စည်းဝေးကြီးများအတွက် ခွင့်ယူရန်လည်း ကူညီပေးပါလိမ့်မည်။
၅ စုံစမ်းခြင်းခံရချိန်တွင် ရဲရင့်ပါ– ရဲရင့်ခြင်းသည် အတိုက်အခံကြုံရချိန်တွင် အရေးပါ၏။ (၁ သက်. ၂:၁၊ ၂) ယင်းက ခြိမ်းခြောက်မှု၊ ပြက်ရယ်ပြုမှု သို့မဟုတ် တိုက်ရိုက်နှိပ်စက်ညှဉ်းပန်းမှုခံရချိန်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မြဲမြံစွာစွဲကိုင်ရန် ကူညီပေး၏။ (ဖိ. ၁:၂၇၊ ၂၈) ယင်းက ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါ၏စံနှုန်းများအား လိုက်နာစွဲကိုင်ထားခြင်းကို အလျှော့ပေးလိုက်လျောရန် ဖိအားပေးခံရချိန်တွင် ခိုင်မြဲစွာရပ်တည်ရန် ခွန်အားရှိစေသည်။ အခြားသူများက အငြင်းပွားမှုများဖြစ်စေသည့်အခါတွင် ကျွန်ုပ်တို့၏ငြိမ်သက်မှုကိုထိန်းသိမ်းထားရန် ခွန်အားရှိစေသည်။—ရော. ၁၂:၁၈။
၆ ကျွန်ုပ်တို့ မည်သည့်အခက်အခဲများကိုပင်ရင်ဆိုင်ရပါစေ သတင်းကောင်းကို ရဲရင့်စွာ စွဲစွဲမြဲမြဲဟောပြောနိုင်ကြပါစေ။—ဧ. ၆:၁၈-၂၀။