“သင်၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးမဖြစ်”
၁ အလွန်အားရှိစရာပါတကား! ယေဟောဝါ၏လုပ်ငန်းတွင် သင်၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးဖြစ်မသွားပါ။ (၁ ကော. ၁၅:၅၈၊ ကဘ) ယင်းနှင့်ဆန့်ကျင်လျက် လူတို့သည် လူနေမှုအဆင့်အတန်း သို့မဟုတ် ငွေရေးကြေးရေးအခြေအနေတိုးတက်ရန် ကြိုးစားပမ်းစားလုပ်ဆောင်ကြပုံကို စဉ်းစားကြည့်ပါ။ သူတို့သည် အဆင့်မြင့်ပညာရေးကို နှစ်ပေါင်းများစွာလိုက်စားမည် သို့မဟုတ် ရုပ်ပစ္စည်းကြွယ်ဝချမ်းသာဖို့ ကျေးကျွန်သဖွယ်လုပ်ဆောင်ကြပေမည်။ သို့သော် သူတို့သည် “အချိန်နှင့်ကြိုတင်မမြင်ရသော ဖြစ်ပျက်မှု” ကြောင့် သူတို့ရရှိလိုကြသည့်ဂုဏ်သိက္ခာကို ဘယ်တော့မျှမရနိုင်တော့ သို့မဟုတ် သူတို့အလိုရှိသလောက် ရုပ်ပစ္စည်းမရရှိဘဲ ရှိသမျှနှင့်သာ ကျေနပ်ရောင့်ရဲရပေမည်။ “လေကိုကျက်စားသောအမှု” ကဲ့သို့ သူတို့၏အားထုတ်မှုများသည် အချည်းနှီးပင်ဖြစ်သည်။ (ဒေ. ၁:၁၄; ၉:၁၁၊ ကဘ) သို့ဖြစ်၍ ထာဝရတန်ဖိုးရှိသောကြောင့် အချည်းနှီးမဖြစ်သည့် တစ်ခုတည်းသောလုပ်ငန်းတွင် လုပ်ဆောင်စရာများစွာရှိနေခြင်းသည် ကျွန်ုပ်တို့အဖို့ မည်မျှအရေးပါလှသည်တကား!
၂ အမှန်တကယ်အရေးပါသည့်လုပ်ငန်း– ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းသည် ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးလုပ်ငန်းဖြစ်၏။ ယင်းသည် လူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ဟောရမည့်လုပ်ငန်းဖြစ်၏။ ကျွန်ုပ်တို့သည် ပေါလုကဲ့သို့ ပြောနိုင်လိုကြသည်– “လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်။ . . . ဘုရားသခင်၏အလိုတော်ကို သင်တို့အား အကုန်အစင်ဟောပြောပြသခြင်းအမှုကို ငါသည် မလွှဲမရှောင်ဘဲပြုခဲ့ပြီ။”—တ. ၂၀:၂၆၊ ၂၇။
၃ လူတို့သည် နိုင်ငံတော်သတင်းကို နားထောင်ပြီးတုံ့ပြန်ကြသည့်အခါ အလွန်ရွှင်လန်းမှုဖြစ်စေပါသည်! အမျိုးသမီးငယ်တစ်ဦးသည် သေခြင်းတရားကြောင့် သူ၏အဒေါ်ကိုဆုံးရှုံးခဲ့ရသည်။ သူ၏အဒေါ်သည် မည်သည့်နေရာသို့ရောက်သွားသနည်း—ကောင်းကင်သို့လော သို့မဟုတ် ငရဲသို့လော—ဟူသည်ကို သူသိလိုသည်။ သူ၏အမသင်ပေးသည့်အတိုင်း ယေဟောဝါ၏နာမတော်ကိုသုံး၍ အကူအညီအတွက် ဘုရားသခင်ထံဆုတောင်းခဲ့သည်။ မကြာမီ သူသည် ကျမ်းစာလေ့လာကာ ခရစ်ယာန်အစည်းအဝေးများကိုတက်လာသည်။ သူသည် အသက်နှင့်ပတ်သက်သည့် သဘောထားအသစ်ကိုရရှိကာ လမ်းသရဲဂိုဏ်းများနှင့် အဆက်ဖြတ်ခဲ့သည်။ အမျိုးသမီးငယ်သည် ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်းနှင့် ခိုးခြင်းတို့ကို ဖြတ်လိုက်သည်။ သူဤသို့ဝန်ခံသည်– “ဒီလိုဘဝလမ်းဆိုးကို ကျွန်မစွန့်လွှတ်နိုင်ဖို့ ယေဟောဝါကိုချစ်ခြင်းကသာဖြစ်စေခဲ့တယ်။ ယေဟောဝါသာလျှင် မဟာကရုဏာတော်နဲ့ ကျွန်မကို ထာဝရအသက်မျှော်လင့်ချက်ပေးနိုင်ခဲ့ပါတယ်။” သူသည် သူ၏အသက်တာကို အချည်းနှီးလိုက်စားမှုများတွင် အသုံးမပြုတော့ပါ။
၄ လူတို့သည် နားထောင်ဖို့ငြင်းဆိုသည့်အခါ၌ပင် အကျိုးနပ်သည့်အရာတစ်ခုခုသည် ပြီးမြောက်နေပါသည်။ ယေဟောဝါသက်သေများသည် သူတို့ထံ လည်ပတ်ခဲ့ကြသည်ကို သူတို့သိကြသည်။ သင်ကိုယ်တိုင်၏တည်ကြည်မှု၊ သစ္စာရှိမှုနှင့်မေတ္တာကို ခိုင်ခံ့မြဲမြံစေပါသည်။ ထို့ကြောင့် သခင်အရှင်၏လုပ်ငန်းတွင် သင်၏ကြိုးပမ်းလုပ်ဆောင်မှုသည် အချည်းနှီးဖြစ်သလော။ လုံးဝမဖြစ်ပါလေ!