ဘုရားသခင်ကိုချီးမွမ်းဂုဏ်တင်သည့် အမူအကျင့်ကောင်းကို ထိန်းသိမ်းပါ
၁ မည်သည့်နေရာ၌ပင်ရှိနေပါစေ ကျွန်ုပ်တို့၏အမူအကျင့်နှင့် ဝတ်စားဆင်ယင်မှုသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့ကိုးကွယ်သည့်ဘုရားသခင်အကြောင်းကို သက်သေခံသည်။ ယင်းသည် အထူးသဖြင့် များစွာသောသူတို့ ကျွန်ုပ်တို့ကိုဂရုစိုက်ကြည့်နေသည့် ဘုရားသခင့်လူမျိုးတော်၏စုဝေးမှုကြီးများတွင် သိသာထင်ရှားသည်။ ကျွန်ုပ်တို့ပုံသက်သေကောင်းလျှင် ယေဟောဝါ၏နာမတော်ချီးမွမ်းဂုဏ်တင်ခံရ၏။ (၁ ပေ. ၂:၁၂) သို့သော် အနည်းငယ်သောသူတို့၏ မကောင်းသည့်အမူအကျင့်နှင့် အဆင်အခြင်ကင်းသည့်အပြုအမူများသည် ဘုရားသခင့်နာမတော်နှင့် ကိုယ်တော့်လူမျိုးတော်အပေါ် ရှုတ်ချစရာဖြစ်စေနိုင်သည်။ (ဒေ. ၉:၁၈ခ) ကျွန်ုပ်တို့၏အမူအကျင့်အားဖြင့် အပြင်လူတို့သည် ကျွန်ုပ်တို့၏အဖွဲ့အစည်းနှင့် ကျွန်ုပ်တို့ကိုးကွယ်သည့်ဘုရားကို အကဲဖြတ်ကြောင်းစွဲမှတ်ထားခြင်းက ကျွန်ုပ်တို့အား “ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြု” ဖို့သတိရစေသင့်သည်။—၁ ကော. ၁၀:၃၁။
၂ စံထားအပ်သောအမူအကျင့်– များသောအားဖြင့် ယေဟောဝါသက်သေတို့၏စည်းကမ်းသေဝပ်မှု၊ အမူအကျင့်ကောင်းများနှင့် သန့်ရှင်းမှုတို့က ဟိုတယ်အမှုထမ်းများအတွက် အလွန်စွဲမှတ်စရာဖြစ်စေခဲ့သည်။ မန်နေဂျာတစ်ဦးက မိမိ၏ဟိုတယ်တွင်တည်းခိုခဲ့သော သက်သေခံမိသားစုများအကြောင်းပြောဆိုရာတွင် ဤသို့ဆိုသည်– “ယေဟောဝါသက်သေတို့ရဲ့ကလေးတွေဟာ ကျွန်တော်တွေ့ခဲ့ဖူးတဲ့အထဲမှာ အကောင်းဆုံးကလေးတွေပါပဲ! သူတို့ဟာ လူကြီးလူကောင်းဆန်ဆန် ဝတ်စားကြတယ်; ယဉ်ကျေးဖော်ရွေပြီး အမူအကျင့်ကောင်းတယ်; သူတို့ဟာ ဘယ်လိုမျိုးပြဿနာကိုမှမဖြစ်စေဘူး။ သင်တို့ရဲ့ကလေးတွေနဲ့ပတ်သက်ပြီး သင်တို့ကိုတကယ်ချီးမွမ်းရမယ်။ သင်တို့ရဲ့ကလေးတွေ ဒီမှာရှိနေတာကို ကျွန်တော်တို့သဘောကျတယ်။” ဤကဲ့သို့သောမှတ်ချက်များသည် လိုလိုလားလားထွက်ပေါ်လာခြင်းဖြစ်၏၊ အကြောင်းမှာ ကျွန်ုပ်တို့နှင့်ဆက်ဆံသူများသည် ယေဟောဝါ၏လူမျိုးအလယ်တွင်တည်ရှိသည့် မေတ္တာနှင့်လေးစားမှုတို့ကို တွေ့ မြင်နိုင်သောကြောင့်ပင်။
၃ အခြားတစ်ဖက်တွင် အခြားဟိုတယ်အမှုထမ်းများ၏မှတ်ချက်များက မိမိတို့၏အမူအကျင့်ကိုဂရုမစိုက်သူ သို့မဟုတ် ဟိုတယ်ပစ္စည်းပစ္စယများကို အလွဲသုံးစားပြုသူအချို့နှင့်ပတ်သက်၍ ပြဿနာတစ်ရပ်ဆက်ရှိနေကြောင်း ညွှန်ပြသည်။ ယင်းက ပြဿနာများကိုဖြစ်ပေါ်စေပြီး မရှိသင့်သည့်ပြစ်တင်ဝေဖန်မှုကို ဖန်တီးပေးသည်။ မန်နေဂျာအချို့က ကလေးများနှင့် ဆယ်ကျော်သက်များသည် ဆူညံပြီး ထိန်းသိမ်းရခက်ကြောင်း၊ ရေကူးကန် သို့မဟုတ် အခြားအပန်းဖြေပစ္စည်းပစ္စယများကိုအသုံးပြုစဉ် သူတို့၏မိဘများက ကြီးကြပ်ပေးခြင်းမရှိကြောင်းတို့ကို ညည်းညူကြသည်။
၄ ဟိုတယ်အများစုတွင် တည်းခိုသူများလိုက်နာဖို့တောင်းဆိုထားသည့် စည်းမျဉ်းများရှိသည်။ ညီအစ်ကိုအချို့သည် သူတို့၏အခန်းထဲတွင် သတ်မှတ်ထားသည်ထက်ဆူညံခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းနှင့်စပ်လျဉ်း၍ ယင်းစည်းမျဉ်းများကို ချိုးဖောက်ခဲ့ကြသည်။ ခွင့်မပြုဘဲနှင့်ချက်ပြုတ်ခြင်းသည် ၎င်းတို့၏ပိုင်ဆိုင်ရာကို မတော်တရော်အလွဲသုံးခြင်းဖြစ်ကြောင်း ဟိုတယ်မန်နေဂျာများက ပြောပြကြသည်။ အခန်းများကို ပျက်စီးစေရုံသာမက စွဲနေသည့်အနံ့များကြောင့် နောက်ရက်ပေါင်း သို့မဟုတ် အပတ်ပေါင်းများစွာအထိ အခန်းများကိုငှား၍မရနိုင်အောင်ဖြစ်စေခဲ့ကြပြီ။ အခန်းထဲတွင် အစားအစာချက်ပြုတ်ဖို့ သတ်သတ်မှတ်မှတ်ခွင့်ပြုမထားလျှင် ယင်းကိုမပြုလုပ်ရပါ။
၅ စီမံခန့်ခွဲရေးအဖွဲ့နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်ရန် တကယ်ကြိုးစားသင့်သည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏လူမျိုးတော်အပေါ် မလိုလားအပ်သည့်အထင်အမြင်မျိုး မရှိစေလိုကြပါ။ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အချိန်အခါမရွေး ရိုးသားစွာပြုမူကျင့်ကြံရမည်။ ဟိုတယ်မှ အခင်းများ သို့မဟုတ် “အမှတ်တရပစ္စည်းများ” ကိုမယူသင့်ပါ၊ အကြောင်းမှာ ယင်းသည် ခိုးမှုဖြစ်သည်; အခန်းများကြိုယူသည့်အခါ သို့မဟုတ် စာရင်းသွင်းသည့်အခါ အခန်းတစ်ခုတွင် လူမည်မျှထားဖို့ကျွန်ုပ်တို့စီစဉ်သည်ကို သတင်းပို့ရာတွင်လည်း အမှန်အတိုင်းဖြစ်သင့်သည်။
၆ စည်းဝေးကြီးတွင် ယဉ်ကျေးသိမ်မွေ့သောအမူအကျင့်– မည်သည့်အဆောက်အအုံမျိုးကိုပင်သုံးပါစေ ယင်းကို စည်းဝေးကြီးအတွင်း၌ နိုင်ငံတော်ခန်းမကြီးတစ်ခုအဖြစ် ရှုမြင်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏နယ်ခံအသင်းတော်အစည်းအဝေးများ တက်ချိန်၌ကဲ့သို့ပင် သင့်လျော်သည့်အဝတ်အစားများကို ဝတ်ဆင်သင့်သည်။ စည်းဝေးအစီအစဉ်အတွင်းနှင့် ပြီးသည့်နောက်နှစ်ခုစလုံးတွင် လောကီစိတ်ဓာတ်ကိုထင်ဟပ်စေပြီး ကျွန်ုပ်တို့ကို ခွဲခြားသိရှိဖို့ခက်စေသည့် ဣန္ဒြေမရှိသော၊ ခေတ်ဆန်သောအဝတ်အစားများဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်သည်။ ညီအစ်မများသည် မိမိတို့၏စကတ်နှင့်ဂါဝန်များ၏ပုံစံနှင့်အရှည်သည် သင့်တင့်လျောက်ပတ်ရန် ဂရုစိုက်သင့်သည်။ (၁ တိ. ၂:၉၊ ၁၀) စည်းဝေးကြီးတက်သည်ဖြစ်စေ၊ ဟိုတယ်တွင်တည်းခိုသည်ဖြစ်စေ၊ စားသောက်ဆိုင်တစ်ခုတွင် အစာစားသည်ဖြစ်စေ၊ စတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်သည်ဖြစ်စေ ကျွန်ုပ်တို့သည် ထိမိ၍လဲစရာမဖြစ်စေဘဲ ဘုရားသခင်၏ဓမ္မအမှုဆောင်များဖြစ်သည်ကို အခါခပ်သိမ်းထင်ဟပ်နေသင့်သည်။—၂ ကော. ၆:၃။
၇ စည်းဝေးကြီးတွင် စနေနေ့နံနက်၌ နှစ်ခြင်းအစီအစဉ်ကို ကျင်းပပါမည်။ ဧပြီ ၁၊ ၁၉၉၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀ က ထိုအခါသမယ၌ ကျွန်ုပ်တို့တင်ပြသင့်သည့်သဘောထားကို ဖော်ပြသည်။ ကျွန်ုပ်တို့သည် “နှစ်ခြင်းမင်္ဂလာယူခြင်းအပေါ် သင့်တော်လျောက်ပတ်သည့် လေးနက်သောသဘောထားရှိသင့်သည်။ ဤအချိန်အခါသည် ဝမ်းသာအားရ အော်ဟစ်ခြင်း၊ ပါတီပွဲများကျင်းပခြင်း သို့မဟုတ် ဆူဆူညံညံမြူးထူးခြင်းပြုရသော အချိန်အခါမဟုတ်ပါ။ တစ်ကြိမ်တည်းတွင် သုန်မှုန်ညှိုးငယ်ရသော အချိန်အခါမျိုးလည်းမဟုတ်ပါ” ဟူ၍ ၎င်းကဖော်ပြသည်။ အလွန်တိုနံ့နံ့ဖြစ်သော သို့မဟုတ် မလုံမလဲဖြစ်သော အမျိုးသား သို့မဟုတ် အမျိုးသမီးရေကူးဝတ်စုံများကို ဝတ်ဆင်ခြင်းသည် နှစ်ခြင်းခံသူများအတွက် မသင့်လျော်ဆုံးဖြစ်ပါမည်။ ထို့ကြောင့် အားလုံးသည် ခရစ်ယာန်နှစ်ခြင်း၏လေးနက်မှုနှင့် ရွှင်လန်းမှုနှစ်ခုစလုံးကို ထင်ဟပ်သင့်သည်။
၈ ပေတရုက ကျွန်ုပ်တို့အား “သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် အဘယ်သို့သောသူဖြစ်အပ်” ကြောင်းသတိပေးသည်။ (၂ ပေ. ၃:၁၁) “ဘုရားသခင့်စကားတော်ကိုကျင့်သုံးသူများ” ခရိုင်စည်းဝေးကြီးတွင် ကျွန်ုပ်တို့၏စကားနှင့်အပြုအမူများသည် ချီးမွမ်းဂုဏ်တင်ထိုက်သည့် ကျွန်ုပ်တို့၏ကြီးမြတ်တော်မူသောဘုရားသခင်အား နှလုံးရိုးဖြောင့်သည့်တက်ရောက်သူများ သိရှိ၍ကိုးကွယ်လာရန် ကူညီပေးနိုင်ပါစေ။—၁ ကော. ၁၄:၂၄၊ ၂၅။