ကျွန်ုပ်တို့၏ဓမ္မအမှု—စစ်မှန်သောမေတ္တာတင်ပြမှုတစ်ရပ်
၁ ကျွန်ုပ်တို့၏ဓမ္မအမှုအားဖြင့် အကြီးမြတ်ဆုံးပညတ်နှစ်ခုကို နာခံကြောင်း ကျွန်ုပ်တို့ပြသကြသည်။ (မ. ၂၂:၃၇-၃၉) ယေဟောဝါကိုချစ်သည့်မေတ္တာက ကိုယ်တော့်အကြောင်း အပြုသဘောပါပါပြောဆိုရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ အိမ်နီးချင်းကိုချစ်သည့်မေတ္တာက ကျွန်ုပ်တို့ကဲ့သို့ သူတို့သည် ယေဟောဝါကိုချစ်မြတ်နိုးပြီး ထာဝရအသက်ဆုရရှိထိုက်သူများဖြစ်လာနိုင်ရန် ဘုရားသခင့်အလိုတော်နှင့် ရည်ရွယ်တော်မူချက်များနှင့်ဆိုင်သောအသိပညာကို သူတို့ဆည်းပူးဖို့ အားပေးရန်လှုံ့ဆော်ပေးသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဓမ္မအမှုအားဖြင့် ယေဟောဝါ၏နာမတော်ကိုသိဒ္ဓိတင်ပြီး အဖိုးအနဂ္ဃထိုက်သောနိုင်ငံတော်မျှော်လင့်ချက်ကို အိမ်နီးချင်းတို့အား မျှဝေကြသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏ဓမ္မအမှုသည် ဘုရားသခင်နှင့်လူတို့အတွက် စစ်မှန်သောမေတ္တာတင်ပြမှုတစ်ရပ်ဖြစ်သည်။
၂ ကျွန်ုပ်တို့၏မေတ္တာက နောက်ခံအသီးသီးရှိလူမျိုးအပေါင်းကို ဟောပြောရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (၁ ကော. ၉:၂၁-၂၃) ပမာပြရသော်– လေယာဉ်ပေါ်တွင် ခရစ်ယာန်အကြီးအကဲတစ်ဦးသည် ရိုမင်ကက်သလစ်ဘုန်းကြီးတစ်ပါး၏ဘေးတွင် ထိုင်ခဲ့သည်။ အကြီးအကဲက ဘုန်းကြီးအား အလိမ္မာနှင့် မေးခွန်းအနည်းငယ်မေးခြင်းဖြင့် လွတ်လွတ်လပ်လပ်စကားပြောစေပြီးနောက် နိုင်ငံတော်အကြောင်းဆွေးနွေးရန် ဦးတည်ခဲ့သည်။ ဘုန်းကြီးသည် လေယာဉ်ပေါ်မှဆင်းချိန်တွင် ကျွန်ုပ်တို့၏စာအုပ်ကြီးနှစ်အုပ်ကို လက်ခံယူထားလိုက်သည်။ မိမိ၏အိမ်နီးချင်းအား အကြီးအကဲ၏စစ်မှန်သောမေတ္တာတင်ပြမှုအတွက် အကျိုးထူးမြတ်လှသည်တကား!
၃ ဟောပြောရန် စစ်မှန်သောမေတ္တာကလှုံ့ဆော်ပေး– အရန်ရှေ့ဆောင်နှင့် အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်သူများသည် ဘုရားသခင်နှင့်အိမ်နီးချင်းအတွက် စစ်မှန်သောမေတ္တာကို အမှန်ပင်တင်ပြနေကြသည်။ ရှေ့ဆောင်များသည် အခြားသူများကို ဝိညာဉ်ရေးအရကူညီရန် မိမိတို့၏အချိန်နှင့်ခွန်အားကို တစိုက်မတ်မတ်ပေးဆက်နေကြသည်။ ဤသို့လုပ်ဆောင်ရန် သူတို့အား မည်သည့်အရာကလှုံ့ဆော်သနည်း။ ရှေ့ဆောင်တစ်ဦးက ဤသို့ဆိုသည်– “မေတ္တာဟာ ဘုရားသခင်ရဲ့ဝိညာဉ်အသီးတစ်လုံးဖြစ်တယ်ဆိုတာ ကျွန်မသိတယ်။ ဒါကြောင့် မေတ္တာမရှိရင် သမ္မာတရားမှာ ကျွန်မလုံးဝရှိခဲ့မှာမဟုတ်ဘူး၊ ဒါ့အပြင် ရှေ့ဆောင်တစ်ဦးအဖြစ် အောင်မြင်နေမှာလည်းမဟုတ်ဘူး။ မေတ္တာကကျွန်မကို လူတွေအပေါ်စိတ်ဝင်စားစေပြီး သူတို့ရဲ့လိုအပ်ရာတွေကိုသိရှိလာစေတယ်။ မေတ္တာကို တုံ့ ပြန်တတ်တဲ့သူတွေကို ကျွန်မတန်ဖိုးထားတယ်။” လူတွေအတွက် ထိုသို့သောမေတ္တာမျိုးကို ယေရှုပြသခဲ့သည်။ တစ်ခါက ကိုယ်တော်နှင့် မောပန်းနေသောကိုယ်တော့်တပည့်တော်များသည် “ခဏအားဖြည့်၍ငြိမ်သက်စွာနေ” ရန်တစ်နေရာသို့သွားသောအခါ လူအုပ်ကြီးသည် ထိုနေရာသို့ သူတို့အရင်ရောက်နှင့်နေကြသည်။ ယေရှုဘာလုပ်ခဲ့သနည်း။ “သနားခြင်းစိတ်တော်ရှိ၍” ကိုယ်တော်သည် “များစွာသောဆုံးမသြဝါဒကိုပေး” ရန်မိမိ၏ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များကို ဘေးချိတ်ထားခဲ့သည်။—မာ. ၆:၃၀-၃၄။
၄ ကျွန်ုပ်တို့ပြောသည့်သတင်းကောင်းကို လူတို့ငြင်းပယ်သည့်အခါ၌ပင် မေတ္တာ၏လှုံ့ဆော်မှုကိုခံရကာ ကယ်တင်ခြင်းရရန် သူတို့ကို ကျွန်ုပ်တို့အတတ်နိုင်ဆုံးကူညီပေးနေကြောင်းသိရှိလျက် အတွင်းရွှင်လန်းမှုကိုခံစားရသည်။ ကျွန်ုပ်တို့အားလုံးကို ခရစ်တော်အပြီးသတ်တရားစီရင်ချိန်တွင် ‘ကျွန်ုပ်တို့၏ဓမ္မအမှုကို အပြည့်အဝကျေပွန်စေ’ ခြင်းဖြင့် စစ်မှန်သည့်မေတ္တာကိုပြသခဲ့သောကြောင့် ကျွန်ုပ်တို့အလွန်ပျော်ရွှင်ကြမည်ဖြစ်သည်။—၂ တိ. ၄:၅။