သမ္မာကျမ်းစာ—လူခပ်သိမ်းအတွက်ဘုရားသခင့်လမ်းညွှန်
၁ ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော် သမ္မာကျမ်းစာကိုရရှိနိုင်စေရန် ဘာသာစကားကြီးနှင့် ဒေသအလိုက်ဘာသာစကားပေါင်း ၂,၁၀၀ ကျော်ဖြင့် ကျမ်းစာအုပ်ရေ သန်းလေးထောင်ခန့် ပုံနှိပ်ထုတ်ဝေခဲ့ပြီဖြစ်သည်။ သို့တိုင် ကမ္ဘာပေါ်တွင် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏အမိန့်တော်ကိုမကြားရသော” မွတ်သိပ်ခြင်းဘေးကျရောက်နေသည်။ (အာ. ၈:၁၁) ကျမ်းစာရှိသည့်လူများစွာတို့သည် ၎င်းတွင်ပါရှိသည့်အရာများကို မဖတ်ကြ သို့မဟုတ် နားလည်းမလည်ကြပါ။ ထိုသူတို့ သမ္မာကျမ်းစာကို ဘဝတွင်လက်တွေ့ကျလမ်းညွှန်အဖြစ်အသုံးပြုရန် ကျွန်ုပ်တို့မည်သို့လှုံ့ဆော်ပေးနိုင်သနည်း။
၂ ဒီဇင်ဘာတွင် သင်သည် ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည်စာအုပ်ကို ကျွန်ုပ်တို့ဝေငှကြမည်။ သမ္မာကျမ်းစာကို လူခပ်သိမ်းအတွက်ဘုရားလမ်းညွှန်အဖြစ်လက်ခံရန် အခြားသူများကို အားတက်သရောကူညီပေးခြင်းဖြင့် ယေဟောဝါထံတော်မှဤလက်ဆောင်ကို ကျွန်ုပ်တို့အလွန်တန်ဖိုးထားကြောင်းတင်ပြကြမည်။
၃ “သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း” ဝေစာကိုအသုံးပြုပြီး တင်ဆက်မှုတစ်ခုကိုနိဒါန်းပျိုးနိုင်သည်။ သင် ဤသို့ပြောနိုင်သည်–
▪ “ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ထိ ကျမ်းစာကိုရရှိနိုင်ကြပေမဲ့ လူအနည်းငယ်သာ ကျမ်းစာကိုမှန်မှန်ဖတ်ကြတယ်။ ဘာကြောင့်အဲဒီလိုဖြစ်ရတယ်လို့ မိတ်ဆွေထင်သလဲ။” ၂ တိမောသေ ၃:၁၆ နှင့်တကွ ဝေစာ၏ပထမစာပိုဒ်နှစ်ပိုဒ်ကိုဖတ်ပြပါ။ ဘုရားသခင့်နှုတ်ကပါဌ်တော်လောစာအုပ်ကို ဝေငှပါ။ စာအုပ်ကိုလက်ခံပါက ယင်း၏တန်ဖိုးကိုပြောပြပါ။ ယူဖို့ငြင်းဆိုပါက ဝေစာ၏ကျန်အပိုင်းကိုဖတ်ရန် အိမ်ရှင်အားတောင်းဆိုပါ။ နောက်ဆုံးခေါင်းစဉ်ငယ် “အနာဂတ်ကို ကြိုပြောခြင်း” ကိုအလေးပေးတင်ပြပါ။
၄ “သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း” ဝေစာကိုဝေငှထားခဲ့သူများထံ ပြန်သွားသောအခါ ဤနည်းကိုသင်စမ်းကြည့်နိုင်သည်–
▪ သင့်ကိုယ်သင် ပြန်မိတ်ဆက်ပြီးနောက် ဝေစာ၏နောက်ဆုံးစာပိုဒ်နှစ်ပိုဒ်ကို ဖတ်ပြပါ။ မြေကြီးပေါ်ထာဝစဉ်အသက်ရှင်နိုင်ကြောင်း သူဆင်ခြင်သုံးသပ်ဖူးသလောဟု အိမ်ရှင်ကိုမေးပါ။ သူ့တုံ့ပြန်မှုရပြီးနောက် “ဘုရားတောင်းဆိုချက်တွေကိုပြည့်မီတဲ့သူအားလုံးအတွက် အလွန်ကောင်းတဲ့အနာဂတ်တစ်ခုရှိတယ်လို့ ကြိုတင်ဟောထားချက်အပါအဝင် ကျမ်းစာမှာပါတဲ့ပရောဖက်ပြုချက်အားလုံး ပြည့်စုံလာမယ်လို့ ယေဟောဝါသက်သေတွေယုံကြည်စိတ်ချကြတယ်” ဟူ၍ပြောပါ။ တောင်းဆိုဘရိုရှာ၊ စာမျက်နှာ ၁၃ မှရုပ်ပုံကိုပြပါ၊ သင်ခန်းစာ ၅ ကိုပြန်ဖွင့်ပြီး ဖော်ပြထားသည့်မေးခွန်းများ၏အဖြေကို ဆွေးနွေးရန်ကမ်းလှမ်းပါ၊ ဤသို့ဖြင့် သင်အံမှုကိုအစပြုပါ။
၅ ဘာသာတရားကိုင်းရှိုင်းသူများရှိသည့်ရပ်ကွက်တွင် ဤအစပြုပြောဆိုသည့်ချဉ်းကပ်နည်းကိုသင်စမ်းကြည့်နိုင်သည်–
▪ “သမ္မာကျမ်းစာကို ပိုတန်ဖိုးထားကြဖို့ ကျွန်တော်တို့ လိုက်အားပေးနေကြပါတယ်။ မိသားစုများစွာမှာ ကျမ်းစာရှိကြပေမဲ့ ကြီးလေးတဲ့ပြဿနာတွေကြုံရတဲ့အခါ ကျမ်းစာကိုဆွေးနွေးသုံးသပ်တယ်ဆိုတာရှားပါတယ်။ ဒါကို မိတ်ဆွေသတိပြုမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] အချို့သူတွေကျတော့ ကျမ်းစာကိုဖတ်ပေမဲ့ နားမလည်ကြဘူး။ ဒီစာအုပ်ရဲ့အကူအညီနဲ့ ဘုရားသခင်ရဲ့နှုတ်ကပါဌ်တော်ကိုဖတ်ခြင်းကနေအကျိုးရရှိအောင် လူတွေကိုကူညီပေးဖို့ ဒီကနေ့ ကျွန်တော်တို့လည်ပတ်ကြတယ်။ [ထာဝစဉ်အသက်ရှင်စာအုပ်ကိုပြပြီး မာတိကာများကိုဖွင့်ကာ သူတို့ကိုဖတ်ခိုင်းပါ။] ဘုရားသခင်ဟာ ဆိုးသွမ်းမှုတွေကို ဘာကြောင့်မသုတ်သင်ပစ်သေးသလဲဆိုတာ မိတ်ဆွေသိချင်မှာပါ။ ဒီအခန်းက မိတ်ဆွေကိုရှင်းပြပေးပါလိမ့်မယ်။ [အခန်း ၁၁ ကိုပြပါ]။ မိတ်ဆွေမှာ အခြားမေးစရာမေးခွန်းတချို့ရှိပါလိမ့်မယ်; အဖြေရဖို့ ဒီစာအုပ်က များစွာအကူအညီပေးတယ်ဆိုတာမိတ်ဆွေတွေ့ရပါလိမ့်မယ်။ ဒီစာအုပ်ကို ၆၀ ကျပ်နဲ့ယူထားနိုင်ပါတယ်။”
၆ “ထာဝစဉ်အသက်ရှင်” စာအုပ်ဝေငှထားသည့်နေရာသို့ ပြန်သွားသောအခါ သင်ဤသို့ပြောနိုင်သည်–
▪ “ယခင်လည်ပတ်တုန်းက ထာဝစဉ်အသက်ရှင်စာအုပ်ဟာ ကျမ်းစာမေးခွန်းများစွာရဲ့အဖြေတွေကိုရဖို့ တော်တော်လေးအထောက်အကူပေးပုံကို ဆွေးနွေးခဲ့ကြတယ်။ စာအုပ်ထဲကအခန်းတချို့ကို မိတ်ဆွေဖတ်ပြီးပြီဖြစ်ပါလိမ့်မယ်။ အခု အချိန်အနည်းငယ်လောက်ပေးနိုင်မယ်ဆိုရင် မိတ်ဆွေကို ဒီအခန်းပြချင်ပါတယ် [သင်ပြင်ဆင်ထားသည့်အခန်းကို ပြပါ။] ဒါမှမဟုတ် မိတ်ဆွေမှာ ဆွေးနွေးဖို့အချက်အလက်တချို့ရှိမယ်ဆိုရင် ကျွန်တော်ဝမ်းမြောက်ဝမ်းသာ အကူအညီပေးချင်ပါတယ်။ [တုံ့ပြန်မှုကိုစောင့်ပါ။]” စိတ်ဝင်စားမှုပြပါက ကျမ်းစာသင်အံမှုစရန်ကြိုးစားပါ၊ စိတ်ဝင်စားမှုမပြပါက ပြန်လည်ပတ်မှုအတွက် လမ်းခင်းရန်ကြိုးစားပါ။
၇ အောက်ပါတင်ဆက်ပုံသည် သက်ကြီးရွယ်အိုများစိတ်ဝင်စားနိုင်သည်–
▪ “အိမ်အများစုမှာ ကျမ်းစာဖတ်ပြီး အဲ့ဒီမူများနဲ့အညီ မိသားစုတွေအသက်ရှင်ခဲ့တဲ့အချိန်ရှိခဲ့ဖူးပါတယ်။ မိတ်ဆွေရဲ့မိသားစုမှာကော အဲ့ဒီလိုရှိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ယနေ့ လူများစွာဟာ ကျမ်းစာဖတ်ဖို့အချိန်မပေးနိုင်လောက်အောင် စိတ်ပျံ့လွင့်နေကြပုံရတယ် ဒါမှမဟုတ် အဲ့ဒီကျင့်ဝတ်မူတွေဟာ ခေတ်နောက်ကျသွားပြီလို့ယူမှတ်ကြပုံရတယ်။ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်ကပါဌ်တော်လော သို့မဟုတ် လူမှလောဆိုတဲ့ဒီစာအုပ်ရဲ့အခန်း ၁၃ ကကျမ်းစာလေ့လာပြီးတဲ့နောက် သာ၍ကောင်းအောင် အသက်တာကိုပြောင်းလဲခဲ့ကြတဲ့သူတွေရဲ့ ဘဝဖြစ်ရပ်မှန်တွေ့ ကြုံမှုသုံးခုကိုဖော်ပြထားတယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ရဲ့တန်ခိုးက သူတို့ကိုဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ မိတ်ဆွေဖတ်ချင်တယ်ဆိုရင် ဒီစာအုပ်ကို ၄၀ ကျပ်နဲ့ဝေငှပေးချင်တယ်။”
၈ ပြန်လည်ပတ်သောအခါ သင်ဤသို့ပြောနိုင်သည်–
▪ “နောက်ဆုံးအကြိမ်စကားပြောခဲ့ကြတုန်းက ယနေ့လူ့ဘောင်မှာ ကျမ်းစာရဲ့ကျင့်ဝတ်မူတွေကို လျစ်လျူရှုထားကြတယ်ဆိုတာ သဘောတူခဲ့ကြတယ်။ ကျွန်တော်တို့ကော အဲ့ဒီမူတွေကိုလျစ်လျူရှုသင့်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျမ်းစာအသိပညာဆည်းပူးရာမှာ မြင့်မားတဲ့စံနှုန်းတစ်ခုကိုယေရှုခရစ်ချမှတ်ပေးခဲ့တယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပါ။ ထို့နောက် အသိပညာစာအုပ်၊ အခန်း ၁ မှအပိုဒ် ၅ ကိုပြောပြပါ။ ကျွန်ုပ်တို့၏အခမဲ့ကျမ်းစာသင်အံမှုအစီအစဉ်ကိုရှင်းပြပြီး သင်ပုံသင်နည်းကို ပြပေးလိုကြောင်း ပြောပြပါ။
၉ လူခပ်သိမ်းအတွက်ဘုရားသခင့်လမ်းညွှန်—သမ္မာကျမ်းစာကို အာရုံစိုက်ရန် သင့်ကြိုးစားအားထုတ်မှုမှန်သမျှကို ယေဟောဝါကောင်းချီးပေးရန် ဆုတောင်းပါ။