သက်ကြီးရွယ်အိုများ အရှိန်မလျှော့ဘဲဟောပြောကြ
၁ လူတို့သည် အသက်အရွယ်ထောက်လာသည်နှင့်အမျှ သူတို့၏ပုံမှန်လောကီအလုပ်မှ အငြိမ်းစားယူရန်နှင့် ကျန်ရှိနေသည့်နှစ်များတစ်လျှောက် အပူအပင်ကင်းသည့်ဘဝ၌မွေ့လျော်ရန် မျှော်မှန်းကြသည်။ သူတို့သည် ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ပြီးပြီဖြစ်၍ ယခုအနားယူသင့်ပြီဟု ယူမှတ်ကြပေမည်။ သို့မဟုတ် သူတို့အသက်တာ၏ကျန်ရှိသောအချိန်လေးတွင် ပျော်မွေ့လိုကြခြင်းသာဖြစ်ပေမည်။—လု. ၁၂:၁၉။
၂ ယေဟောဝါ၏ဆက်ကပ်အပ်နှံကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့တွင် အသက်နှင့်ပတ်သက်၍ ခြားနားသောအမြင်ရှိသည်။ ဘုရားသခင့်လုပ်ငန်းတော်မှ အငြိမ်းစားယူခြင်းမရှိကြောင်း ကျွန်ုပ်တို့သိထားကြသည်။ ကျွန်ုပ်တို့သည် “ထာဝရအသက်” ကိုမျက်မှောက်ပြုကြသောကြောင့် ကျွန်ုပ်တို့၏အမြင်သည် အပြုသဘောဆောင်သည်။ (ယု. ၂၁) နှစ်ပေါင်းများစွာဆည်းပူးထားသည့် အသိပညာနှင့် အတွေ့အကြုံသည် လူတစ်ဦး၏ပိုင်းခြားသိမြင်မှုနှင့် ထိုးထွင်းသိမြင်မှုကို တိုးတက်စေနိုင်သည်။ ယင်းက လူတစ်ဦးအား ပို၍ပညာရှိစေပြီး မျှတမှုရှိလာရန်နှင့် အသက်အတွက် ပို၍နက်ရှိုင်းသည့်လေးမြတ်မှုပြသရန် စွမ်းဆောင်ပေးနိုင်သည်။ ဤအရည်အသွေးအားလုံးသည် သတင်းကောင်း၏ဓမ္မအမှုဆောင်တစ်ဦးကို ကြီးစွာအကျိုးပြုသည်။
၃ အိုမင်းရင့်ရော်လာခြင်းသည် ကိုယ်ကာယပိုင်းအိုစာလာခြင်းကိစ္စမျှမဟုတ်ပါ; လူတစ်ဦး၏စိတ်နေသဘောထားနှင့်လည်း ပါဝင်ပတ်သက်သည်။ သင်သည် အချိန်ကြာကြာအသက်ရှင်ဖို့မျှော်လင့်ပြီး ပျိုမျစ်နုနယ်စွာနေထိုင်သွားရန် ကြိုးစားပါက ယင်းနှစ်ရပ်စလုံးကိုရရှိရန်အခွင့်အလမ်းများသည်။ သက်ကြီးရွယ်အိုတို့သည် သူတို့၏ဝိညာဏအသိပညာကိုတိုးပွားစေပြီး ၎င်းကို အခြားသူများအားဝေမျှခြင်းဖြင့် သူတို့၏ဘဝကို ကုံလုံကြွယ်ဝစေနိုင်သည်။—၁ ကော. ၉:၂၃။
၄ ဘဝအဖြစ်မှန်ပုံနမူနာများ– အသက် ၈၆ နှစ်အရွယ်တွင် ညီအစ်မတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မ သမ္မာတရားကိုသိရှိလာခဲ့တဲ့အချိန်ကစပြီး ကုန်လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကိုပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါ ဘုရားသခင်ရဲ့ယုံကြည်စိတ်ချနိုင်တဲ့ကတိတော်ဟာ ကျွန်မရဲ့နှလုံးသားမှာပြည့်လျှံလာတယ်။ မှန်ပါတယ်၊ သစ္စာစောင့်သိသူကို သစ္စာစောင့်သိစွာပြုမူမယ့်ယေဟောဝါဟာ ကျွန်မတို့ကို ရွှင်လန်းမှုလှိုင်လှိုင်ရိတ်သိမ်းခွင့်ပေးပါတယ်။” (ဆာ. ၁၈:၂၅) သက်ကြီးရွယ်အိုညီအစ်ကိုတစ်ဦးသည် သူ့၏ဇနီးသည်သေဆုံးခဲ့ခြင်းက သူ့ကိုအလွန်စိတ်ချောက်ချားစေခဲ့ပုံနှင့် ထိုနောက်ပိုင်း မိမိ၏ကျန်းမာရေးအခြေအနေအလွန်ဆိုးခဲ့ပုံကို ပြန်အမှတ်ရသည်။ သူဤသို့ဆိုသည်– “ဒါပေမဲ့လည်း ယေဟောဝါရဲ့မခံစားထိုက်တဲ့ကရုဏာတော်ကြောင့် နှစ်နှစ်ကြာပြီးနောက် ရှေ့ဆောင်လုပ်ငန်းမှာဝင်ရောက်နိုင်တဲ့အထိ ပြန်ကျန်းမာလာတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ဒီလိုတိုးတက်မှုနဲ့အတူ ကျွန်တော့်ရဲ့ကျန်းမာရေးဟာ တကယ့်ကိုတိုးတက်ကောင်းမွန်လာတဲ့အတွက် ယေဟောဝါကို ဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းသလဲ!”
၅ အလွန်များပြားလှသော သက်ကြီးရွယ်အိုတို့သည် မိမိတို့၏ကျန်းမာရေးနှင့်ခွန်အားက ခွင့်ပြုသည့်အတိုင်းအတာသည် မည်သည့်အထိပင်ရှိစေကာမူ အရှိန်မလျှော့ဘဲ ဆက်ဟောပြောရန် သန္နိဋ္ဌာန်ချထားကြခြင်းသည် မည်မျှချီးကျူးစရာပါတကား! သူတို့တွင် ဤသို့ကြွေးကြော်ရန် အကြောင်းကောင်းရှိနေသည်– “အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကိုငယ်သောအရွယ်မှစ၍၊ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။”—ဆာ. ၇၁:၁၇။