မေးခွန်းသေတ္တာ
▪ လူထုဟောပြောချက်ပေးရန်တာဝန်ရထားသူ စည်းဝေးသို့အချိန်မီရောက်မလာသည့်အခါ မည်သို့လုပ်ဆောင်သင့်သနည်း။
အခါအားလျော်စွာ၊ ရှောင်လွှဲ၍မရနိုင်သည့်အခြေအနေများက ဟောပြောချက်ပေးရန်အချိန်မီရောက်လာဖို့ ညီအစ်ကိုတစ်ဦးအား အဟန့်အတားဖြစ်စေမည်။ သူသည် မကြာမီအတွင်းရောက်လာမည်ဟုယူဆရန်အကြောင်းရှိပါက အကြီးအကဲများသည် ကင်းမျှော်စင် သင်တန်းကိုအရင်ကြိုလုပ်ရန်ဆုံးဖြတ်နိုင်သည်; ထို့နောက် လူထုစည်းဝေးကိုဆက်လုပ်နိုင်သည်။ ဟောပြောသူသည် ရောက်လာတော့မည့်ပုံမပေါ်လျှင်ကောအသို့နည်း။ ဒေသခံဟောပြောသူများထဲမှတစ်ဦးသည် မိမိအသင့်ပြင်ဆင်ထားသော ဟောပြောချက်တစ်ခုခုကို ဟောနိုင်ပါသည်။
သေသေချာချာကြိုတင်အစီအစဉ်ရေးဆွဲထားခြင်းသည် များသောအားဖြင့်ဤအခက်အခဲကိုတားဆီးပေးသည်။ လူထုဟောပြောချက်ညှိနှိုင်းပေးသူသည် ဟောပြောချက်တာဝန်နှင့်ပတ်သက်၍နှိုးဆော်ပေးရန် ဟောပြောသူတစ်ဦးစီအား အနည်းဆုံးတစ်ပတ်ကြိုတင်၍ဆက်သွယ်သင့်သည်။ နှိုးဆော်ရာတွင် စည်းဝေး၏အချိန်၊ နိုင်ငံတော်ခန်းမလိပ်စာ၊ ဖုန်းနံပါတ်နှင့် ခန်းမတည်ရှိပုံနှင့်ပတ်သက်သည့်ရှင်းလင်းသောလမ်းညွှန်ချက်များ ပါဝင်သင့်ပါသည်။ ဟောပြောသူသည် ဤအသေးစိတ်အချက်အလက်များကို သေသေချာချာမှတ်သားထားရမည်။ သူသည် တာဝန်ကိုအလေးအနက်သဘောထားသင့်ပြီးတာဝန်ကျေပွန်နိုင်ရန် မိမိ၏ကိုယ်ရေးကိုယ်တာကိစ္စများကို လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုတစ်ခုခုပြုလုပ်သင့်သည်။ ထိုသို့ ပြုလုပ်သောအခါ အတားအဆီးဖြစ်စေမည့်မရှောင်လွှဲနိုင်သောအကြောင်းကိစ္စပေါ်ပေါက်လာပါက၊ အစားထိုးစီစဉ်နိုင်ရန် ထိုသူသည်လူထုဟောပြောချက်ညှိနှိုင်းပေးသူကိုချက်ချင်းဆက်သွယ်သင့်သည်။ အချိန်နီးကပ်မှ အစီအစဉ်ပယ်ဖျက်လိုက်ရခြင်းမဖြစ်စေရန် ကြိုးစားလုပ်ဆောင်သင့်သည်။ ဟောပြောသူသည် အချိန်ကြန့်ကြာနှောင့်နှေးကာ မိနစ်အနည်းငယ်နောက်ကျမည်ဆိုလျှင် ညီအစ်ကိုများမည်သို့ဆက်၍လုပ်ဆောင်ရမည်ကိုသိရန် နိုင်ငံတော်ခန်းမသို့ဖုန်းဖြင့်ဆက်သွယ်ပါ။
လူထုဟောပြောချက်တာဝန်ကိုတန်ဖိုးထားလေးစားခြင်း၊ ကောင်းကောင်းကြိုတင်စီစဉ်ပြီးနှိုးဆော်သတိပေးခြင်း၊ ဂရုတစိုက်ကြီးကြပ်ပေးခြင်းဖြင့် ပတ်စဉ်အကျိုးဖြစ်ထွန်းသောလူထုဟောပြောချက်မှ အသင်းတော်သည် ရွှင်လန်းမှုကိုခံစားနိုင်မည်ဟုအာမခံနိုင်ပါသည်။