ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၅ စာ. ၃-၄
  • ကျွန်ုပ်တို့၏အလင်းကို အဆက်မပြတ်ထွန်းလင်းစေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏အလင်းကို အဆက်မပြတ်ထွန်းလင်းစေခြင်း
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သင်တို့၏အလင်းကို လင်းစေကြလော့’
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • “သင်တို့အလင်းကိုလင်းစေကြလော့”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ယေဟောဝါရဲ့ ဘုန်းတော်ကို ချီးမွမ်းစေဖို့ ‘အလင်း လင်းစေကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • လောကအလင်း၏နောက်သို့ လိုက်လျှောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၂/၉၅ စာ. ၃-၄

ကျွန်ုပ်တို့၏အလင်းကို အဆက်မပြတ်ထွန်းလင်းစေခြင်း

၁ အလင်းကား အဘယ်နည်း။ အဘိဓာန်ကျမ်းက “တွေ့မြင်နိုင်စေသောအရာ” ဟူ၍ရှင်းပြသည်။ သို့သော် လူသားသည် စက်မှုပညာအတော်အတန်တိုးတက်နေလျက်ပင် ယောဘ ၃၈:၂၄ တွင်မှတ်တမ်းတင်ထားသော ယေဟောဝါ၏မေးခွန်းကို အပြည့်အစုံအဖြေမပေးနိုင်သေးသည်မှာ အမှန်ပင်ဖြစ်သည်။ အလင်းမရှိဘဲ ဖြစ်နိုင်မည်လော။ အလင်းသာမရှိလျှင် ကျွန်ုပ်တို့ အသက်ရှင်နိုင်မည်မဟုတ်ပါ။ စက္ခုအာရုံအတွက် အလင်းမရှိ၍မဖြစ်ပါ။ ဝိညာဏသဘောအရ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ယော. ၁:၅) ကျွန်ုပ်တို့သည် “ရောင်ခြည်တော်ကို လွှတ်တော်မူသော” အရှင်အပေါ် လုံးလုံးလျားလျား မှီခိုအားထားနေကြရသည်။—ဆာ. ၁၁၈:၂၇။

၂ ယင်းသည် ကာယသဘောအရ မှန်ကန်သည့်အပြင် ဝိညာဏသဘောအရ သာ၍ပင်မှန်ကန်ပေသည်။ မှောက်မှားသောဘာသာတရားက လူအစုအဝေးတို့ကို လမ်းလွဲစေ၍ ဝိညာဏအမှောင်တွင်း၌ပစ်ထားကာ “မမြင်နိုင်သောသူကဲ့သို့ နံရံကိုစမ်းသပ်” စေပြီ။ (ဟေရှာ. ၅၉:၉၊ ၁၀) ယေဟောဝါသည် ကိုယ်တော်၏ အတိုင်းထက်အလွန်ကြီးမားတော်မူသော မေတ္တာကရုဏာတော်ကြောင့် ‘ကိုယ်တော်၏အလင်းတော်နှင့် သစ္စာတော်ကို စေလွှတ်တော်မူ၏။’ (ဆာ. ၄၃:၃) ယင်းကိုတန်ဖိုးထားလေးစားသူ သန်းပေါင်းများစွာတို့သည် တုံ့ပြန်ကြပြီး “မှောင်မိုက်ထဲမှ အံ့ဖွယ်သောအလင်းတော်” ထဲသို့ဝင်လာကြပေပြီ။—၁ ပေ. ၂:၉။

၃ ယေရှုခရစ်တော်သည် ဤအလင်းကို လောကတွင် အဓိကထွန်းလင်းပြသူဖြစ်သည်။ ကိုယ်တော်က ဤသို့မိန့်တော်မူ၏– “ငါ့ကိုယုံကြည်သမျှသောသူတို့သည် မှောင်မိုက်၌မနေစေခြင်းငှာ ငါသည် အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ။” (ယော. ၁၂:၄၆) ကိုယ်တော်သည် သမ္မာတရားအလင်းကို ထင်ရှားစေခြင်းငှာ မိမိ၏အချိန်၊ ခွန်အားနှင့် စွမ်းပကားရှိရှိသမျှကို အသုံးပြုတော်မူခဲ့သည်။ ကိုယ်တော်သည် မိမိ၏နေရင်းပြည်တော်တစ်လျှောက် မြို့ရွာရှိရှိသမျှတို့တွင် ဟောပြောသွန်သင်ပေးတော်မူခဲ့သည်။ အဘက်ဘက်မှ နှိပ်စက်ညှဉ်းပန်းခြင်းကို ဆက်တိုက်ခံခဲ့ရသော်လည်း သမ္မာတရားအလင်းကို ထွန်းလင်းရသည့်တာဝန်ကို သစ္စာရှိစွာ ကိုယ်တော်ထမ်းဆောင်တော်မူခဲ့သည်။

၄ ယေရှုသည် တိကျသောရည်ရွယ်ချက်တစ်ခုအတွက် တပည့်တော်များကို ရွေးချယ်၊ လေ့ကျင့်၊ ဖွဲ့စည်းပေးတော်မူသည်။ မဿဲ ၅:၁၄-၁၆ တွင်သူတို့အား ကိုယ်တော်ပေးသောသွန်သင်ချက်များကို ဤသို့ဖတ်ရသည်– “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။ . . . သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါး၏ရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။” ယေရှုနည်းတူ သူတို့သည် “ဤလောကတွင် အလင်းဆောင်သူများအဖြစ်” သမ္မာတရားအလင်းကို အနှံ့အပြားထွန်းလင်းကြရမည်ဖြစ်သည်။ (ဖိ. ၂:၁၅၊ ကဘ) ထိုတာဝန်ကို သူတို့ဘဝအသက်တာ၏ အဓိကရည်ရွယ်ချက်အဖြစ် ဝမ်းသာအားရစွာလက်ခံယူကြသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြော” ခဲ့ပြီဟုပေါလုပြောနိုင်လေသည်။ (ကော. ၁:၂၃) ခရစ်ယာန်အသင်းတော်တစ်ခုလုံးသည် ထိုကြီးမားသောလုပ်ငန်းတော်ကို ပူးပေါင်းဆောင်ရွက်ကြသည်။

၅ ယနေ့ ကျွန်ုပ်တို့သည် “မှောင်မိုက်၏အကျင့်ကိုပယ်ရှား” ခဲ့သူများအဝင်ဖြစ်နေကြရသဖြင့် ကျေးဇူးတင်သင့်သည်။ (ရော. ၁၃:၁၂၊ ၁၃) ကျွန်ုပ်တို့သည် ရှေးအချိန်က ယေရှုနှင့် သစ္စာရှိသောခရစ်ယာန်များ ချမှတ်ပေးခဲ့သည့်ပုံသက်သေကိုတုပခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း တင်ပြနိုင်ကြသည်။ လူ့သမိုင်းတွင် မည်သည့်အချိန်ကထက်မဆို ယခုအချိန်သည် သမ္မာတရားကို အခြားသူများ ကြားနာရဖို့ရန် ပိုမိုအရေးကြီးပြီး အလောတကြီးဖြစ်နေပါသည်။ ဤလုပ်ငန်း၏အလောတကြီးဖြစ်မှုနှင့် အကျိုးသက်ရောက်မှု များပြားရခြင်းသည် အခြားမည်သည့်လုပ်ငန်းနှင့်မျှမတူပါ။

၆ အလင်းဆောင်သူများအဖြစ် မည်သို့ထွန်းလင်းနိုင်မည်နည်း– ကျွန်ုပ်တို့၏အလင်းကို ထွန်းလင်းရန် အဓိကနည်းကား နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်း၌ ပါဝင်ခြင်းပင်ဖြစ်သည်။ မိမိတာဝန်ရထားသောရပ်ကွက်တွင် ဟောပြောခြင်းလုပ်ငန်းကို စနစ်တကျဖြင့်မှန်မှန်ပြုလုပ်ရန် အသင်းတော်တိုင်းတွင် အစီအစဉ်များရှိသည်။ စာပေစာတမ်းမြောက်မြားစွာကို ဘာသာပေါင်းစုံဖြင့် ထုတ်ဝေထား၍ ရယူနိုင်ကြသည်။ အစည်းအဝေးများမှတစ်ဆင့် အကျယ်တဝင့်ပညာပေးပြီး အတွေ့အကြုံရင့်ကျက်သူများက တစ်ဦးချင်းစီကို လေ့ကျင့်သွန်သင်ပေးရန် အစီအစဉ်ရှိသည်။ ယောက်ျား၊ မိန်းမ၊ အသက်ကြီးသူနှင့် ကလေးသူငယ်များပင် ပါဝင်ခွင့်ရ၏။ အသင်းတော်ရှိသူတိုင်းသည် မိမိအခြေအနေခွင့်ပြုသ၍ ပါဝင်ရန် အားပေးခံရသည်။ အသင်းတော်၏လုပ်ငန်းဆောင်တာအားလုံးသည် ဟောပြောခြင်းနှင့်သက်ဆိုင်၍ ယင်း၌အသင်းသားတိုင်း တစ်နည်းနည်းဖြင့် ပါဝင်နိုင်ရန် အကူအညီအမျိုးမျိုးပေးသည်။ အသင်းတော်နှင့် မှန်မှန်ပူးပေါင်းခြင်းသည် ကျွန်ုပ်တို့၏အလင်းထွန်းလင်းနေရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

၇ နှုတ်ဖြင့်သက်သေခံခြင်းမပါဘဲ ထွန်းလင်းနိုင်သည့်နည်းများလည်းရှိသည်။ ကျွန်ုပ်တို့၏အပြုအမူအားဖြင့်ပင် သူတစ်ပါးအား စိတ်ဝင်စားစေနိုင်သည်။ ပေတရုက ဤသို့တိုက်တွန်းရာတွင် ယင်းကိုဆိုလိုနေခြင်းဖြစ်သည်– “လူမျိုးများသည် . . . သင်တို့၏ကောင်းသောအကျင့်များကို . . . ကြည့်မြင်ထောက်ရှု၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းကြမည်အကြောင်း သူတို့ရှေ့၌တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့။” (၁ ပေ. ၂:၁၂၊ ကဘ) လူတို့သည် လုပ်ငန်းတစ်ခု၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုတွင် ပါဝင်သူများ၏အပြုအမူကိုထောက်ပြီး ၎င်းကိုစီရင်တတ်သည်။ အကဲခတ်ဝေဖန်သူများက စာရိတ္တကောင်းသော၊ ရိုးသားသော၊ သင့်တင့်ငြိမ်သက်စွာနေသော၊ ဥပဒေနာခံသောသူများကို သတိပြုမိသည့်အခါ ဤသူတို့သည် လူအများစုနှင့်မတူ ကွာခြားပြီး စံနှုန်းမြင့်မားသူများဖြစ်သည်ဟု ယူမှတ်ကြသည်။ ထို့ကြောင့် လင်ယောက်ျားသည် ဇနီးအပေါ် မေတ္တာပြပြီး ဂုဏ်တင်မြတ်နိုးသည့်အခါ အလင်းကိုထွန်းလင်းသည်; ဇနီးသည်လည်း လင်ယောက်ျား၏ဦးစီးမှုကို လက်အောက်ခံခြင်းဖြင့် ထပ်တူပြုသည်။ သားသမီးများသည် မိဘစကားကိုနားထောင်၍ စာရိတ္တယိုယွင်းမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုကို ရှောင်ကြဉ်သည့်အခါ ခြားနားကြောင်း တင်ပြကြသည်။ မိမိအလုပ်ကို တာဝန်ကျေပွန်၊ ရိုးသားစွာလုပ်ကိုင်ပြီး သူတစ်ပါးကိုစာနာမှုပြသော လုပ်သားတစ်ဦးကို တန်ဖိုးထားတတ်ကြသည်။ ဤခရစ်ယာန်အရည်အချင်းများကို တင်ပြခြင်းအားဖြင့် ကျွန်ုပ်တို့သည်အလင်းကို ထွန်းလင်းကြပြီး ကျွန်ုပ်တို့၏ဘဝပုံစံကို သူတစ်ပါးအားလိုက်လျှောက်စေရန် ထောက်ခံနေ၏။

၈ ဟောပြောခြင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ကျွန်ုပ်တို့သိရှိရသောအကြောင်းကို သူတစ်ပါးအား ပြောဆိုခြင်းဖြစ်သည်။ ယင်းကို စင်မြင့်ပေါ်မှဖြစ်စေ၊ အိမ်ပေါက်ဝများတွင်ဖြစ်စေ ပြုလုပ်လေ့ရှိသော်လည်း ဤအချိန်အခါမျိုး၌သာ ထိုသို့ပြုလုပ်ရန် ကန့်သတ်ထားသည်မဟုတ်ပါ။ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ထမ်းဆောင်ရာတွင် လူအသီးသီးနှင့် တွေ့ဆုံတတ်သည်။ တစ်နေ့လျှင် သင့်အိမ်နီးချင်းများနှင့် အကြိမ်ပေါင်းမည်မျှ စကားပြောဆိုလေ့ရှိသနည်း။ သင့်အိမ်သို့ အလည်အပတ်ရောက်လာသူ မည်မျှရှိသနည်း။ ဈေးဝယ်စဉ်၊ ဘတ်စကားစီးစဉ်၊ အလုပ်ခွင်၌ အလုပ်ဆင်းစဉ် လူပေါင်းမည်မျှနှင့် တွေ့ဆုံသနည်း။ သင်သည် ကျောင်းသားဖြစ်လျှင် တစ်နေ့လျှင် လူပေါင်းမည်မျှအား စကားပြောဆိုဖြစ်သည်ကို ရေတွက်ကြည့်ဖူးပါသလော။ သူတစ်ပါးအား သက်သေခံနိုင်သည့်အခွင့်အရေးများသည် အကန့်အသတ်မရှိ များပြားလှသည်။ သင်ပြုလုပ်ရန်လိုသည်ကား ကျမ်းချက်အနည်းငယ်ကို စိတ်ထဲစွဲမှတ်ထားပြီးကျမ်းစာနှင့်ဝေစာအချို့ကို ဆောင်ထားကာ အခွင့်အရေးရသည်နှင့် စတင်စကားပြောဆိုဖို့သာဖြစ်သည်။

၉ အလွတ်သဘောသက်သေခံခြင်းသည် ရိုးရိုးကလေးသာဖြစ်သော်လည်း အချို့ကမပြုလုပ်ဝံ့ကြပါ။ သူစိမ်းများနှင့်စကားမပြောဝံ့၊ ရှက်ကြောက်လွန်းသည်ဟုဆိုပြီး နှုတ်ပိတ်နေပေမည်။ မိမိကိုသူတစ်ပါးအာရုံစိုက်ကြမည် သို့မဟုတ် ရိုင်းစိုင်းစွာဆက်ဆံခံရမည်ကို စိုးရိမ်ပေမည်။ စိုးရိမ်စရာအကြောင်း ရှိခဲသည်ဟု အလွတ်သဘောသက်သေခံလေ့ရှိသူများက ပြောပြပါလိမ့်မည်။ အခြားသူများသည် များသောအားဖြင့် ကျွန်ုပ်တို့နှင့်တူသည်; သူတို့မှာ ကျွန်ုပ်တို့ကဲ့သို့သော လိုအင်ဆန္ဒများ၊ စိုးရိမ်မှုများနှင့် မိမိအတွက်ဖြစ်စေ၊ မိမိ၏မိသားစုအတွက်ဖြစ်စေ ထပ်တူအရာများကို လိုချင်စိတ်ရှိကြသည်။ ရွှင်ပျသောအပြုံး သို့မဟုတ် ခင်မင်စွာနှုတ်ဆက်ခြင်းဖြင့် ရင်းနှီးစွာတုံ့ပြန်လေ့ရှိသည်။ ‘ရဲရင့်စွာ စဟောပြော’ ရန်လိုပေမည်။ (၁ သက်. ၂:၂) သို့ရာတွင် စကားချီးစပြီးပြီဆိုလျှင် အကျိုးရလဒ်ကြောင့် အားရရွှင်လန်းရပေမည်။

၁၀ ကျွန်ုပ်တို့အလင်းကို ထွန်းလင်းသည့်အခါ ကောင်းချီးခံစားရ၏– ဤကား အလွတ်သဘောသက်သေခံခြင်းမှ ရရှိသော အားရှိစရာတွေ့ ကြုံမှုအချို့ ဖြစ်သည်– ၅၅-နှစ်အရွယ်ရှိ အမျိုးသမီးတစ်ယောက်သည် လမ်းဖြတ်ကူးရန်ကြိုးပမ်းနေစဉ် ကားတိုက်လုနီးပါးအချိန်တွင် ညီအစ်မတစ်ဦးက သူမ၏လက်ကိုဖမ်းဆွဲကာ ကယ်လိုက်ပြီး “ကျေးဇူးပြုပြီး သတိထားပါ။ ကျွန်မတို့ခဲယဉ်းတဲ့အချိန်မှာ အသက်ရှင်နေကြရတယ်” ဟုပြောလိုက်သည်။ ထို့နောက် အဘယ်ကြောင့်အန္တရာယ်များနေရကြောင်း ဆက်ရှင်းပြသည်။ ထိုအမျိုးသမီးက “ရှင်ယေဟောဝါသက်သေလား” ဟုမေးသည်။ သူမ၏အစ်မထံမှ ကျွန်ုပ်တို့၏စာအုပ်တစ်အုပ်ရရှိထားရာ သူမသည် ယေဟောဝါသက်သေများနှင့်တွေ့ချင်နေ၍ ဤအချိန်၌ ဆန္ဒပြည့်ခဲ့ရလေသည်။

၁၁ ညီအစ်မတစ်ဦးသည် ဆရာဝန်နှင့်ဝင်တွေ့ရန် စောင့်နေရစဉ် အမျိုးသမီးတစ်ဦးအား စကားစမြည်စတင်ပြောဆိုခဲ့သည်။ ထိုအမျိုးသမီးက ဂရုစိုက်နားထောင်ပြီးနောက် ဤသို့ဆိုသည်– “အခုတလော ယေဟောဝါသက်သေများနဲ့ ခဏခဏတွေ့ဆုံနေတယ်; ဒါပေမဲ့ တစ်နေ့နေ့ ကျွန်မယေဟောဝါသက်သေတစ်ယောက် ဖြစ်လာမယ်ဆိုရင် ရှင်အခုပြောတဲ့စကားကြောင့်ဖြစ်မယ်။ ရှင့်စကားတွေကိုကြားရတာ အမှောင်ထဲမှာရှိနေတုန်း အလင်းမြင်လိုက်ရတာနဲ့တူတယ်။”

၁၂ ကြင်နာမှုပြခြင်းအားဖြင့် သူတစ်ပါးကို သမ္မာတရားရရှိစေနိုင်သည်။ လယ်ကွင်းလုပ်ငန်းမှ ပြန်လာနေစဉ် ညီအစ်မနှစ်ဦးသည် ဘတ်စကားပေါ်မှဆင်းနေသော နေမကောင်းပုံရှိသည့် သက်ကြီးသူအမျိုးသမီးတစ်ဦးကို သတိပြုမိသည်။ သူတို့ကရပ်ပြီး အကူအညီပေးနိုင်မည်လောဟု မေးမြန်းလေသည်။ သူစိမ်းနှစ်ဦးက မိမိအပေါ် ဤသို့စိတ်ဝင်စားမှုပြရန် သူတို့အား အဘယ်အရာက တိုက်တွန်းပေးသနည်းဟု သက်ကြီးသူမေးမြန်းပါသည်။ ယင်းကြောင့် သက်သေခံရန် အခွင့်အရေးရရှိလိုက်၏။ ထိုအမျိုးသမီးသည် မိမိလိပ်စာကိုပေးပြီး သူမထံလည်ပတ်လာကြရန် ရင်းနှီးစွာဖိတ်ခေါ်သည်။ သူမနှင့်ကျမ်းစာသင်အံမှု စတင်ခဲ့သည်။ မကြာမီပင် ထိုသက်ကြီးသူသည် အစည်းအဝေးများ စတက်လေတော့သည်။ ယခုသူမသည် သူတစ်ပါးအား သမ္မာတရားကို ဟောပြောနေပြီ။

၁၃ သက်ကြီးရွယ်အို ညီအစ်မတစ်ဦးသည် သူမ၏ဒေသရှိကမ်းခြေတွင် နံနက်စောစော သက်သေခံခွင့်ကိုရှာယူခဲ့သည်။ နံနက်ခင်းလမ်းလျှောက်ထွက်တတ်သော အိမ်ဖော်များ၊ ကလေးထိန်းများ၊ ဘဏ်စာရေးများနှင့် အခြားသူများကို တွေ့ဆုံပါသည်။ သူမသည် ထိုကမ်းခြေထိုင်ခုံများပေါ်တွင်ပင် ကျမ်းစာသင်အံမှုများ ကျင်းပပါသည်။ သူမထံမှ သမ္မာတရားကြားသိပြီး ယခုယေဟောဝါသက်သေများဖြစ်နေသူ မြောက်မြားစွာရှိသည်။

၁၄ ညီအစ်မတစ်ဦး၏အလုပ်ခွင်တွင် လုပ်ဖော်ကိုင်ဖက်ချင်းတစ်ဦးက ကမ္ဘာ့ပြဿနာများကို ဖြေရှင်းနိုင်မည့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုအကြောင်း ပြောဆိုခြင်းကိုကြားလိုက်ပါသည်။ ညီအစ်မက ဘုရားသခင့်နိုင်ငံတော် ပြုလုပ်ပေးမည့် ကတိတော်များအကြောင်း ထုတ်ဖော်ပြောပြ၏။ အလုပ်ခွင်တွင် ဤသို့ဆွေးနွေးပြောဆိုခြင်းမှ အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုရပြီး နောက်ဆုံးတွင် ထိုအမျိုးသမီးနှင့် သူမ၏ခင်ပွန်းပါ သက်သေခံများဖြစ်လာလေသည်။

၁၅ သင်သည် သက်သေခံတစ်ဦးဖြစ်သည်ကို ဘယ်သောအခါမျှမမေ့ပါနှင့်! ယေရှု၏တပည့်တော်များသည် “လောက၏အလင်း” ဖြစ်သည်ဟု ကိုယ်တော်ပြောဆိုချိန်တွင် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ဝိညာဏအလင်း၏အကျိုးကို သူတစ်ပါးအား ခံစားစေရန် အကူအညီပေးသင့်သည်ဟု ကျိုးကြောင်းတင်ပြပြောဆိုတော်မူခဲ့သည်။ ယေရှု၏သြဝါဒကို ကျွန်ုပ်တို့လက်တွေ့ကျင့်သုံးမည်ဆိုလျှင် ဓမ္မအမှုကို မည်သို့သဘောထားမည်နည်း။

၁၆ အလုပ်အကိုင်ရှာရာတွင် အချို့သူများသည် အချိန်ပိုင်းလုပ်ငန်းတစ်ခုခုရရန် ရှာဖွေသည်။ အကျိုးပိုရှိသည်ဟု ထင်သောလုပ်ငန်းကိုလုပ်ကိုင်ရန် အချိန်ပိုရရှိလိုသောကြောင့် အချိန်ပိုင်းလုပ်ငန်း၌ မိမိတို့၏အချိန်နှင့် ခွန်အားကိုကန့်သတ်လိုကြသည်။ ကျွန်ုပ်တို့လည်း မိမိ၏ဓမ္မအမှုအပေါ် ထပ်တူအမြင်မျိုးရှိသလော။ ဝတ္တရားရှိသည်ဟုယူမှတ်ကာ ဓမ္မအမှုအတွက် အချိန်ပေးလိုသည့်တိုင် ကျွန်ုပ်တို့အဓိကအာရုံစိုက်ရာသည် အခြားအရာတစ်ခုခုအပေါ် ဖြစ်နေသင့်သလော။

၁၇ ကျွန်ုပ်တို့သည် အချိန်ပိုင်းခရစ်ယာန်မဖြစ်နိုင်သည်ကို အသိအမှတ်ပြုကာ မိမိကိုယ်ကို ဆက်ကပ်အပ်နှံ၍ ‘မိမိကိုယ်ကိုငြင်းပယ်’ ပြီး ယေရှုနောက်သို့ “အဆက်မပြတ်” လိုက်လျှောက်ရန် သဘောတူခဲ့ပေပြီ။ (မ. ၁၆:၂၄၊ ကဘ) ကျွန်ုပ်တို့၏စိတ်ဆန္ဒမှာ လူတို့သည် မည်သည့်နေရာတွင်ရှိရှိ အခွင့်အရေးရတိုင်း လူအပေါင်းတို့အား အလင်းထွန်းလင်းရန် “စိုးလ်အကြွင်းမဲ့” ဆက်ကြိုးစားဖို့ဖြစ်သည်။ (ကော. ၃:၂၃၊ ၂၄၊ ကဘ) လောကီဆန်သောစိတ်ထားများကို ကျွန်ုပ်တို့ငြင်းပယ်ရမည်။ အစအဦး၌ကဲ့သို့ ဇွဲဆက်ရှိနေရမည်။ ကျွန်ုပ်တို့၏အလင်းသည် ဆက်ထွန်းလင်းတောက်ပနေရန် ကြိုးစားနေရပေမည်။ အချို့က သူတို့၏ဇွဲကိုလျှော့ပြီး အလင်းမလင်းတလင်းဖြစ်စေခဲ့ရာ အနီးငယ်အလှမ်းဝေးသည့်နေရာမှ မမြင်နိုင်သလောက်ဖြစ်စေခဲ့ပေမည်။ ဤသို့သောသူသည် ဓမ္မအမှုတွင် ဇွဲလုံ့လပြန်ရှိလာနိုင်ရန် အကူအညီလိုနေပေမည်။

၁၈ သတင်းတရားကို လူအများစုက မနှစ်သက်ကြသဖြင့် အချို့သူများသည် နောက်တွန့်ဆုတ်နေပေမည်။ ခရစ်တော်၏သတင်းတရားသည် “ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ . . . မိုက်သောတရား” ဖြစ်လေပြီဟု ပေါလုပြောခဲ့သည်။ (၁ ကော. ၁:၁၈) သို့ရာတွင် အခြားသူများက မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်မူကား “ဧဝံဂေလိတရားကြောင့် ရှက်ကြောက်ခြင်းမရှိ” ဟုပေါလုကြွေးကြော်ခဲ့သည်။ (ရော. ၁:၁၆) ရှက်ကြောက်သူသည် မိမိ ညံ့ဖျင်းသည် သို့မဟုတ် မထိုက်တန် ပါဟူ၍ခံစားရသည်။ စကြဝဠာတွင် အချုပ်အခြာပိုင်သရှင်အကြောင်းကိုဖြစ်စေ၊ ကျွန်ုပ်တို့၏ထာဝရပျော်ရွှင်မှုအတွက် ကိုယ်တော်ပြုလုပ်စီစဉ်ထားတော်မူသမျှသော အံ့ချီးဖွယ်ရာပြင်ဆင်ချက်များအကြောင်းကို ပြောဆိုသည့်အခါ အဘယ်နည်းဖြင့်ရှက်ကြောက်နိုင်မည်နည်း။ ဤသမ္မာတရားများကို အခြားသူတို့အား ပြောဆိုရာတွင် မိမိသည် ညံ့ဖျင်းသည်၊ သို့မဟုတ် မထိုက်မတန်ပါဟူ၍ ခံစားရစရာအကြောင်းလုံးဝမရှိနိုင်ပါ။ ယင်းအစား ကျွန်ုပ်တို့သည် “ရှက်ကြောက်စရာအကြောင်းမရှိ” ကြောင်းကိုစိတ်ချယုံကြည်စွာတင်ပြဖို့ အတတ်နိုင်ဆုံးကြိုးစားရန် လှုံ့ဆော်တိုက်တွန်းခံသင့်သည်။—၂ တိ. ၂:၁၅။

၁၉ ကမ္ဘာတစ်ဝန်း တိုင်းနိုင်ငံအသီးသီးတွင် ယခုထွန်းလင်းနေသော သမ္မာတရားအလင်းသည် ပရဒိသုကမ္ဘာသစ်တွင် ထာဝစဉ်အသက်ရှင်ခွင့်ကို လှိုက်လှိုက်လှဲလှဲကမ်းလှမ်းပေးနေပါသည်။ ကျွန်ုပ်တို့၏အလင်းကို အဆက်မပြတ်ထွန်းလင်းရမည်ဟူသောသြဝါဒကို လိုက်လျှောက်နာခံနေကြောင်း တင်ပြကြစို့လေ! ထိုသို့ပြုမည်ဆိုလျှင် “နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြော” သောတပည့်တော်များနည်းတူ ကျွန်ုပ်တို့ပျော်ရွှင်နိုင်ကြပါလိမ့်မည်။—တ. ၅:၄၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ