အကြီးမြတ်ဆုံးလူသားအကြောင်း သူတစ်ပါးသိရှိစေရန် ကူညီပေးလော့
၁ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဖတ်ဖူးခဲ့သူများစွာသည် ယင်းက သူတို့၏အသက်တာအပေါ်အကျိုးသက်ရောက်ခဲ့သည့်အတွက် အထူးကျေးဇူးတင်ကြောင်း ပြောပြခဲ့ကြပြီ။ တစ်ဦးက “စာအုပ်ဖတ်ပြီးရော ယေရှုနှင့်ပေါင်းသင်းဖို့၊ သူ့နဲ့အတူနေထိုင်ဖို့၊ သူ့ဒုက္ခများ၊ သူ့ခံစားချက်များနဲ့ သူရဲ့ဓမ္မအမှုကဏ္ဍတိုင်းကို သူနဲ့အတူခံစားဖို့ ဖိတ်ခေါ်ခံရသလိုပဲ။ . . . အဲ့ဒီစာအုပ်ကိုဖတ်လိုက်ရတာ ယေရှုဘဝနဲ့ဆိုင်တဲ့ ရုပ်ရှင်တစ်ခုကို ကြည့်လိုက်ရသလိုပဲ။”
၂ အကြီးမြတ်ဆုံးလူသား စာအုပ်သည် ယေရှုနှင့်သာ တရင်းတနှီးရှိစေသည်မဟုတ်၊ ယေဟောဝါနှင့်လည်း အကျွမ်းတဝင်ရှိစေသည်။ (ယော၊ ၁၄:၉) ယင်းစာအုပ်အကြောင်း ၁၂ နှစ်သမီးတစ်ဦး ဤသို့ဆိုသည်။ “အဲ့ဒီစာအုပ်က ကျွန်မကို နှစ်သိမ့်မှုပေးခဲ့လွန်းလို့ ဖတ်ပြီးတာနဲ့ ဝမ်းသာတဲ့မျက်ရည်များနဲ့ ယေဟောဝါကိုဆုတောင်းခဲ့တယ်။ ကျွန်မတို့ကို ယေဟောဝါနဲ့ယေရှု ဂရုစိုက်ကြည့်ရှုနေပါလားဆိုတာကို စိတ်ချသွားမိတယ်။” ယောဟန် ၁၇:၃ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ယေဟောဝါနှင့်သားတော်ကို ကျွန်ုပ်တို့သိကျွမ်းခြင်းသည် ကျွန်ုပ်တို့အတွက် ထာဝရအသက်ဖြစ်သည်။ ယေရှုသည် ယေဟောဝါ၏ “ဇာတိအဖြစ်တော်၏ပုံသဏ္ဍာန်” ဖြစ်သောကြောင့် ယေရှုအသက်တာဘဝနှင့်ဆိုင်သော ဤစာအုပ်ကိုဖတ်ခြင်းအားဖြင့် ကိုယ်တော့်ဥပဓိရုပ်တော်ကို ထိုးထွင်းသိမြင်စေသည်။—ဟေဗြဲ ၁:၃။
၃ အကြီးမြတ်ဆုံးလူသားစာအုပ်ကို ဘာသာစကားပေါင်း ၇၀ ကျော်ဖြင့် စောင်ရေပေါင်း ၁၉ သန်းကျော်ပုံနှိပ်ထုတ်ဝေပြီးပါပြီ။ ဤစာအုပ်ကို လူအများလက်ခံယူနေကြောင်း ယင်းကထင်ရှားစေသည်။ ယင်းကို ရရချင်းပင် ဖတ်ရှုသူက များပါသည်။ စိတ်ဝင်စားသူတစ်ဦးသည် ယင်းကိုရသည်နှင့် နှစ်ပတ်အတွင်း အပြီးဖတ်ခဲ့သည်။ ယင်းစာအုပ်ကိုရသော ဓမ္မဆရာတစ်ဦး ဤသို့ဆိုသည်။ “ဒီစာအုပ်ကို ချမထားချင်ဘူး။ ကျွန်တော်တို့ဇနီးမောင်နှံဟာ အိပ်ရာမဝင်ခင် ညတိုင်းဖတ်တယ်။”
၄ အလွတ်သဘော သက်သေခံခြင်း။ ညီအစ်ကိုတစ်ဦးသည် အကြီးမြတ်ဆုံးလူသားစာအုပ်ကို မိမိ၏အလုပ်ခွင်တွင် ပြခဲ့သည်။ ညီအစ်ကိုထံမှ ယင်းစာအုပ်ကိုရနိုင်ပြီး ယင်းတွင် အဘယ်အကြောင်းများပါကြောင်း သတင်းပြန့်လွင့်ခဲ့သည်။ အလုပ်လုပ်ဖော်များက ယင်းစာအုပ်ကို မည်သူရရှိလိုကြောင်း စာရင်းယူလိုက်သည်။ စာအုပ်ပေါင်း ၄၆၁ အုပ်သူဝေငှလိုက်ရသည်။ ယင်းတို့အနက် ငါးဦးသည် ကျမ်းစာလေ့လာနေကြသည်။ လေယာဉ်ပေါ်ခရီးသွားနေစဉ် ညီအစ်မတစ်ဦးသည် ဂိုဏ်းချုပ်တစ်ဦး၏ ရဟန်းခံအခမ်းအနားကို သွားတက်ရောက်မည့် ဘုန်းကြီးတစ်ဦးအား အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဝေငှခဲ့သည်။ ထိုဘုန်းကြီးသည် ဗက်တီကင်တွင် အနှစ် ၄၀ တိုင်အမှုထမ်းခဲ့ပြီဖြစ်သည်။ အခွင့်အရေးရတိုင်း ဤစာအုပ်ကို သူတစ်ပါးအား ထောက်ခံပေးရန် ကျွန်ုပ်တို့အားလုံး ပြုလုပ်သင့်သည်။
၅ လူငယ်များ ယင်းကို တန်ဖိုးထားကြ။ လူငယ်များစွာသည် ဤစာအုပ်ကို များစွာစိတ်ဝင်စားနေကြပါသည်။ ကိုးနှစ်သားတစ်ဦး ဤသို့ရေးသားသည်။ “ကျွန်တော်အကြိုက်ဆုံးစာအုပ်က အကြီးမြတ်ဆုံးလူသားစာအုပ်ပဲ။ အဲ့ဒီစာအုပ်ကနေ ကျွန်တော်သင်ယူနိုင်စရာ အများကြီးရှိလို့ပါပဲ။” လယ်ကွင်းလုပ်ငန်းတွင် လူငယ်များနှင့် ကျွန်ုပ်တို့တွေ့ဆုံသည့်အခါ မိဘများခွင့်ပြုမည်ဆိုလျှင် အချိန်ယူကာ ဤစာအုပ်ကို သူတို့အားပြပြီး ပေါ်လွင်ချက်အချို့နှင့် ပန်းချီရုပ်ပုံများကို ဆွေးနွေးတင်ပြသင့်သည်။ ဤလူငယ်များနှင့် စာအုပ်များဝေငှနိုင်ကောင်းဝေငှနိုင်ပေမည်။ ယေရှုအကြောင်း သိရှိခွင့်ရလာသည့်အခါ လူငယ်များသည် ကိုယ်တော်ထံမှ များစွာသင်ယူနိုင်ပါသည်။ ယေရှုသည် ချဉ်းကပ်လွယ်ကူသောသူဖြစ်တော်မူခဲ့သည်။—မ၊ ၁၉:၁၄၊ ၁၅။
၆ အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဖတ်ရှုခြင်းသည် လူ့တို့၏အသက်တာကို ပြောင်းလဲပေးနိုင်ပါသည်။ ယင်း၌ပါသောအကြောင်းတို့ကို သိကျွမ်းနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ စာအုပ်၏နိဒါန်းစကား နောက်ဆုံးစာမျက်နှာပါ “ကိုယ်တော့်အကြောင်းလေ့လာ၍ အကျိုးရယူ” ခေါင်းစဉ်ငယ်အောက်ရှိ အကြောင်းကိုအသုံးပြုပါ။ ယင်းအကြောင်းက စာအုပ်ကိုဖတ်ရှုခြင်းမှ အဘယ်အကျိုးရရှိနိုင်မည်အကြောင်းကို လူတို့အာရုံပြုနိုင်ရန် အကူအညီပေးပါလိမ့်မည်။ ယင်းစာအုပ်ကိုဖတ်ပြီးနောက် လူတစ်ဦးက “ဖတ်ခဲ့သမျှစာအုပ်ထဲမှာ အကောင်းဆုံးဘဲ။ ကျွန်ုပ်တို့ဘဝကို ပြောင်းလဲစေခဲ့တယ်” ဟုပြောခဲ့သကဲ့သို့ သင့်ရပ်ကွက်ရှိသူများလည်း ပြောဆိုကြပေမည်။