ဂရိနိုင်ငံက စာတစ်စောင်
ဥရောပတောင်ဘက်စွန်းမှာ ဟောပြောခြင်း
ကျွန်တော်တို့ စီးလာတဲ့ သင်္ဘောက မြေထဲပင်လယ်ထဲမှာရှိတဲ့ ကုန်းပြင်မြင့်လေးတစ်ခုဆီကို တရွေ့ရွေ့ ခုတ်မောင်းသွားတာနဲ့အမျှ ခရိကျွန်းပေါ်က ခံ့ညားထည်ဝါတဲ့ လိဖ်ကာတောင်တန်းကြီးရဲ့ ပုံရိပ်ဟာလည်း တဖြည်းဖြည်း သေးသေးသွားပါတယ်။ သင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ လူ ၁၃ ယောက်ဟာ ဂက်ဖ်ဒိုစ်ကျွန်းပေါ်မှာ ဟောပြောဖို့ ထွက်လာကြတာပါ။ အဲဒီကျွန်းကို မြေပုံပေါ်ရှာကြည့်ရင် အစက်သေးသေးလေးပဲ တွေ့ရမှာဖြစ်ပြီး ဥရောပတောင်ဘက်စွန်းမှာ တည်ရှိပါတယ်။
ပူပြင်းတဲ့ နွေရာသီဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ရေကြောင်းခရီးက ချောမွေ့ရမှာဖြစ်ပေမဲ့ မကြာခင်မှာပဲ လေနီကြမ်းတွေ တိုက်ခတ်လာပြီး ပင်လယ်ပြင်မှာ လှိုင်းထန်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ စီးလာတဲ့ သင်္ဘောက ပုလင်းဖော့ဆို့လို ရေပြင်ပေါ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားတယ်။ ကျွန်တော်ဟာ လှိုင်းမူးတဲ့ဒဏ်ကို ခံစားနေရင်း တမန်တော်ပေါလုရဲ့ မှတ်တမ်းကို သတိရသွားတယ်။ လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ဒီပင်လယ်ပြင်မှာပဲ တမန်တော်ပေါလု ပြင်းထန်တဲ့ မုန်တိုင်းမိခဲ့တယ်။ အဲဒီတုန်းက ဂက်ဖ်ဒိုစ်ကျွန်းကို ကောဒကျွန်းလို့ သိထားကြတယ်။ (တမန်တော် ၂၇:၁၃-၁၇) ဂက်ဖ်ဒိုစ်ကျွန်းကို ကျွန်တော်တို့ ချောချောမောမော ရောက်ပါစေလို့ပဲ မျှော်လင့်နေမိတယ်။
ဥရောပတောင်ဘက်စွန်းမှာရှိတဲ့ ထရက်ပီတီအငူ
နောက်ဆုံးမှာ ကျွန်တော်တို့ သွားချင်တဲ့နေရာကို ဘွားကနဲ တွေ့လိုက်ရပါပြီ။ အဲဒီနေရာက ပင်လယ်ပြင်ကနေ ထိုးထွက်နေပြီး ကျောက်ကမ်းပါးတွေရှိတဲ့ နေရာလေးတစ်ခုပါ။ ကျွန်းရဲ့အမြင့်က ပေ ၁,၀၀၀ လောက်ပဲရှိပြီး ထိပ်ပိုင်းမှာ တော်တော်လေးကို ပြန့်ပြူးနေပါတယ်။ ဒီကျွန်းပေါ်မှာ ပေါက်ရောက် ရှင်သန်နေတဲ့ အပင်အများစုကတော့ ထင်းရှူးပင်တွေနဲ့ ချုံပုတ်ပင်တွေပါပဲ။ ကျွန်းရဲ့အကျယ်အဝန်းက စတုရန်းမိုင် တစ်ဆယ်လောက် ရှိမယ်ထင်တယ်။ တချို့နေရာတွေမှာ ကမ်းရိုးတန်းပေါက်ပင်ဖြစ်တဲ့ ဂျူနီပါလို့ခေါ်တဲ့ ထင်းရှူးဆန်ဆန်အပင်တွေက ကမ်းစပ်တစ်လျှောက် ရှင်သန်ကြီးထွားနေတယ်။
တစ်ချိန်တုန်းက ဒီကျွန်းပေါ်မှာနေထိုင်တဲ့သူ အယောက် ၈,၀၀၀ လောက်ရှိခဲ့တယ်။ အခုချိန်မှာတော့ အမြဲနေတဲ့သူတွေက အယောက် ၄၀ တောင်မပြည့်ဘူး။ ကြည့်ရတာ ဒီကျွန်းက ခေတ်မီဖွံ့ဖြိုးတဲ့ပုံ မရှိဘူး။ ဒီကျွန်းရဲ့ ကမ်းရိုးတန်းအနားကို ကုန်တင်သင်္ဘောတွေနဲ့ ရေနံတင်သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းသွားတတ်ပေမဲ့ ဒီကျွန်းကနေ ခရိကျွန်းကို ခုတ်မောင်းပြေးဆွဲတဲ့ ကူးတို့ယာဉ် တစ်စီးပဲရှိတယ်။ တစ်ခါတလေ ရာသီဥတုဆိုးဝါးတဲ့အတွက် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တာ ဒါမှမဟုတ် ဖျက်သိမ်းလိုက်တာမျိုး ရှိတတ်တယ်။
ဂက်ဖ်ဒိုစ်ကျွန်းပေါ်မှာ နေထိုင်တဲ့သူတွေကို ဝမ်းသာစရာ သတင်းကောင်းတစ်ခု ပြောပြဖို့ ကျွန်တော်တို့ ရောက်လာတာပါ။ အဲဒါကတော့ အနာဂတ်မှာ ကျန်းကျန်းမာမာနဲ့ ထာဝစဉ် အသက်ရှင်ခွင့်ရမယ်ဆိုတဲ့ မျှော်လင့်ချက်ပါပဲ။ သင်္ဘောဆိုက်တဲ့အခါ ကမ်းပေါ်တက်ပြီး သတင်းကောင်းပြောဖို့ ကျွန်တော်တို့ တက်ကြွနေကြတယ်။
ဂက်ဖ်ဒိုစ်ကျွန်းဆီလာတဲ့ခရီးက သက်သောင့်သက်သာမရှိဘူးဆိုတာကို ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ ကျွန်တော်တို့ရဲ့မျက်နှာက ဖော်ပြနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်မှာ လေးနာရီခွဲနီးပါးကြာအောင် မူးဝေတဲ့အထိ စီးလာခဲ့ရလို့ပါ။ ဒါပေမဲ့ တစ်ရေးတစ်မော အိပ်လိုက်ပြီး ကော်ဖီတစ်ခွက် မော့လိုက်တဲ့အခါမှာတော့ လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။ ကျမ်းစာမှာပါတဲ့ တမန်တော်ပေါလုရဲ့ ရေလမ်းခရီးအကြောင်း တိုတိုတုတ်တုတ် ပြန်သုံးသပ်ပြီး ထက်ထက်သန်သန် ဆုတောင်းလိုက်ပြီးတဲ့နောက် ဟောပြောဖို့ အသင့်ဖြစ်နေပါပြီ။
ဒေသခံလူတွေက ဖော်ရွေပြီး ဧည့်ဝတ် ကျေပွန်ကြတယ်။ ကျွန်တော်တို့ကို သူတို့အိမ်ထဲ ဖိတ်ခေါ်ပြီး အဆာပြေကျွေးကြတယ်။ သူတို့ကို ကျမ်းစာသတင်းကောင်း ပြောပြတဲ့အပြင် လိုအပ်ရင် လိုအပ်သလို အကူအညီပေးခြင်းအားဖြင့် သူတို့ကို ကျေးဇူးတုံ့ပြန်ကြတယ်။ အမျိုးသမီးတစ်ယောက်နဲ့ စကားပြောဆိုနေတုန်း ကျွန်တော်တို့အဖွဲ့ထဲက မီးပြင်ပေးတတ်တဲ့သူဟာ အမျိုးသမီးရဲ့ ဆိုင်ခန်းထဲက ပစ္စည်းတစ်ခု ပျက်နေတာကို မြင်သွားပြီး ပြင်ပေးပါရစေဆိုပြီး ပြောလိုက်တယ်။ အဲဒီလို လုပ်ပေးလိုက်တဲ့အတွက် ဆိုင်ရှင်အမျိုးသမီး ဝမ်းသာသွားတယ်။ စာပေတွေကို လက်ခံပြီး ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကို ချီးကျူးလိုက်တယ်။ နောက်အမျိုးသမီးတစ်ယောက်ကလည်း ကျေးဇူးတင်တဲ့အနေနဲ့ ဒီလိုပြောတယ်– “ရှင်တို့ဟာ လူခိုင်းလို့မဟုတ်ဘဲ ဘုရားသခင်ခိုင်းလို့ လာတာဆိုတာ ဒီလိုဝေးလံသီခေါင်တဲ့ ကျွန်းပေါ် ဟောပြောဖို့ ရှင်တို့ရောက်လာတာကိုကြည့်ရင် သိသာတယ်လေ။”
ကျွန်တော်တို့ယူလာတဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဒီကျွန်းပေါ်ကလူတွေ အရမ်းဖတ်ချင်တဲ့ပုံပဲ။ အမျိုးသားတစ်ယောက်ဟာ ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေကို လက်ခံပြီး ဆောင်းရာသီမှာ ဖတ်ဖို့ စာပေတွေကို ထပ်တောင်းတယ်။ နောက်အမျိုးသားတစ်ယောက်ကလည်း သူ့အတွက်အပြင် သူ့ဆိုင်ကိုလာတဲ့ ဖောက်သည်တွေ ဖတ်ဖို့ပါ စာပေတချို့ ထပ်တောင်းတယ်။ သူ့ဆီ မဂ္ဂဇင်းတွေ လတိုင်း ပို့ပေးဖို့ သူ့ရဲ့လိပ်စာကိုပါ ပေးလိုက်တယ်။ မိသားစုတစ်စုဆိုရင် သူတို့နေတဲ့ ဒီကျွန်းလေးက ကျမ်းစာမှာပါတယ်ဆိုတာ သိလိုက်ရတဲ့အခါ အရမ်းဝမ်းသာသွားကြတယ်။ သူတို့လည်း မဂ္ဂဇင်းတွေကို ဝမ်းပန်းတသာ လက်ခံကြတယ်။
ဆာရာကီနီကို ပင်လယ်အော်နားမှာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အမှတ်တရ မော်ကွန်းကျောက်ပြား
ဂက်ဖ်ဒိုစ်ကျွန်းမှာ အဲဒီလိုအားရစရာကောင်းတဲ့ တုံ့ပြန်မှုတွေ ရရှိပေမဲ့ ကျွန်တော်တို့အဖွဲ့ထဲက တချို့အတွက်တော့ ဝမ်းနည်းစရာ အတိတ်ကို ပြန်သတိရသလို ဖြစ်သွားတယ်။ ဆာရာကီနီကို ပင်လယ်အော်အနားမှာ နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းချတဲ့ အဆောက်အအုံဟောင်းတစ်ခုရှိတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းက အီမာနူဝဲလ် လီအိုနူဒါကီစ်လို့ခေါ်တဲ့ ယေဟောဝါသက်သေတစ်ယောက်ဟာ ဟောပြောတဲ့အတွက် ဒီကျွန်းပေါ်မှာ နယ်နှင်ခံခဲ့ရတယ်။a အဲဒီအချိန်တုန်းက ဂက်ဖ်ဒိုစ်ကျွန်းကို “အဆိပ်ပြင်းတဲ့ ကင်းမြီးကောက်တွေပဲရှိပြီး သီးပွင့်ဖြစ်ထွန်းခြင်းမရှိတဲ့ နယ်မြေလို့ သတ်မှတ်ခဲ့ကြတဲ့အပြင် ငတ်ပြတ်မှု၊ ဆင်းရဲနွမ်းပါးမှုနဲ့ ရောဂါတွေကြောင့် . . . လူတော်တော်များများ သေဆုံးခဲ့ကြလို့ သေမင်းတမန်ကျွန်း” ဆိုပြီးတော့လည်း အမည်တွင်ခဲ့ဖူးတယ်။ လီအိုနူဒါကီစ်ဟာ အသက်ရှင်ရပ်တည်ဖို့ ငါးဖမ်းရင်း တစ်ဖက်မှာလည်း တခြားအကျဉ်းသားတွေကို ဟောပြောခဲ့တယ်။ အဲဒီကျွန်းပေါ်မှာ ယေဟောဝါသက်သေဆိုလို့ သူတစ်ယောက်တည်းပဲရှိတယ်။ လွန်ခဲ့တဲ့ အနှစ် ၇၀ လောက်က သူနေထိုင်သွားခဲ့တဲ့ အဲဒီအဆောက်အအုံကို သူ့သမီး၊ သားမက်နဲ့ မြေးမလေးတို့ တွေ့လိုက်ရတဲ့အခါ စိတ်ထိမိသွားတယ်။ သူ့ရဲ့စံနမူနာက ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်းမှာ သစ္စာရှိရှိ၊ တက်တက်ကြွကြွ ဆက်လုပ်ဆောင်နေဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးတယ်။
ဒီကျွန်းပေါ်ကို တစ်သက်တစ်ကျွန်း ပို့ခံရတဲ့သူတွေအတွက် နေချင်စဖွယ် မကောင်းပါဘူး။ ကျွန်တော်တို့အတွက်ကတော့ နှစ်သက်စရာကောင်းတဲ့ နေရာလေးတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီကျွန်းအနှံ့ ဟောပြောတဲ့အခါ ကြင်နာတတ်တဲ့ ဒေသခံတွေကို မဂ္ဂဇင်း ၄၆ စောင်နဲ့ တခြားစာစောင်ကိုးစောင် ဝေငှခဲ့ရလို့ပါပဲ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေအသစ်တွေနဲ့ နောက်တစ်ခေါက် ပြန်ဆုံဖို့ မျှော်လင့်ပါတယ်။
ပြန်ရမယ့်အချိန်ရောက်လာတာကို ကျွန်တော်တို့ သတိတောင် မထားမိဘူး။ ဒါပေမဲ့ အခုလည်း ရာသီဥတုဆိုးဝါးတာနဲ့ ထပ်ကြုံရပြန်ပြီ။ ကျွန်တော်တို့ ထွက်ရမယ့်အချိန်က ညနေ ၅:၀၀ နာရီမှာဖြစ်ပေမဲ့ ရွှေ့ဆိုင်းလိုက်ရတယ်။ ညသန်းခေါင်ရောက်မှ သင်္ဘောပေါ်တက်ပြီး ခရီးကြမ်းနှင်ဖို့ အသင့်ပြင်ထားကြတယ်။ နောက်ဆုံး မနက် ၃:၀၀ ကျမှ ထွက်ခွာခဲ့ရတယ်။ လှိုင်းလေထန်နေတဲ့ ပင်လယ်ပြင်မှာ ငါးနာရီကြာလောက် လူးလှိမ့်နေအောင် စီးလာခဲ့ပြီးမှ ခရိကျွန်းကို ပြန်ရောက်လာကြတယ်။ သင်္ဘောပေါ်ကနေ ကျွန်တော်တို့ ဆင်းလာတဲ့အခါ ယိုင်တိယိုင်တိုင်နဲ့ ပျော့ခွေနေကြပြီ။ ဒါပေမဲ့ ဂက်ဖ်ဒိုစ်ကျွန်းလေးပေါ်မှာ ယေဟောဝါဘုရားသခင်ရဲ့ နာမည်ကို ပြောပြနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာကြတယ်။ (ဟေရှာယ ၄၂:၁၂) ကြိုးစားရကျိုးနပ်တယ်လို့ ကျွန်တော်တို့အားလုံး ခံစားရတယ်။ ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မကြာခင် မေ့သွားမှာဖြစ်ပေမဲ့ အဲဒီကျွန်းမှာ ဟောပြောခဲ့တာတွေကိုတော့ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။
a အီမာနူဝဲလ် လီအိုနူဒါကီစ်ရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၁၉၉၉၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၅-၂၉ မှာ ဖတ်ကြည့်နိုင်ပါတယ်။