ခရစ္စမတ် အဘယ်လမ်းစဉ်အတိုင်း သွားနေသနည်း
လွန်ခဲ့သောဆယ်နှစ်က အမေရိကန်သတင်းနှင့် ကမ္ဘာ့အစီရင်ခံစာမဂ္ဂဇင်းတွင် “ခရစ္စမတ်ရှာပုံတော်” ဟူသော မျက်နှာဖုံးဆောင်းပါးတစ်ပုဒ် ပါလာသည်။ ထိုဆောင်းပါးတွင် ခရစ္စမတ်သည် “ပိုသန့်ရှင်းပြီး စီးပွားရေးအမြတ်ထုတ်မှုပိုနည်း” လာသည့်အခြေအနေရှိ,မရှိ အလေးပေးသုံးသပ်ထားသည်။ ထိုသို့ အမှန်ပင်ဖြစ်ပျက်နေပါသလော။
ထိုသို့မဖြစ်နိုင်သည့် အကြောင်းရင်းများကို ထိုဆောင်းပါးက သိမြင်စေသည်။ ယင်းက ဤသို့ဖော်ပြ၏– “ကွန်စတင်တိုင်း . . . ရောမဧကရာဇ်ဖြစ်လာသည့် လေးရာစုအထိ ခရစ်တော်ဖွားမြင်ခြင်းကို ပွဲနေ့ကျင်းပသော မှတ်တမ်းမရှိပေ။” ယင်းက “ယေရှုဖွားမြင်ချိန်ကို မည်သူမျှ အတိအကျမသိကြောင်း အထောက်အထားတစ်စိတ်တစ်ပိုင်း” ဖြစ်သည်။ “ခရစ်ဝင်ကျမ်းများသည် နှစ်၊ လ၊ ရက် အတိအကျကို မဖော်ပြ” ဟုထိုဆောင်းပါးက ဝန်ခံသည်။ တက္ကဆက်တက္ကသိုလ်မှ သမိုင်းပညာရှင်တစ်ဦး၏အဆိုအရ “အစောပိုင်းခရစ်ယာန်များသည် ယေရှုမွေးဖွားခြင်းကို ပွဲနေ့ကျင်းပရန် လုံးဝစိတ်မဝင်စားခဲ့ပေ။”
ထိုဆောင်းပါးတွင် “မှန်းဆချက်” ဟူသောခေါင်းစဉ်ငယ်အောက်၌ “ဒီဇင်ဘာ ၂၅ ရက်ကို ချာ့ချ်ရွေးချယ်ပုံ” အကြောင်း သုံးသပ်ထားသည်။ ယင်းက ဤသို့အသိအမှတ်ပြု၏– “ပွဲတော်ရက်သည် စနေဂြိုဟ်နတ်ဘုရားပွဲနှင့် အခြားအယူမှားပွဲများကို ‘ခရစ်ယာန်မှုပြု’ ထားသည့်သဘောဖြစ်သည်ဟု အများကလက်ခံကြသည်။” “လူတို့ ပွဲလမ်းသဘင်ကျင်းပနေကျဖြစ်သော ဒီဇင်ဘာလကုန်ပိုင်းတွင် ခရစ္စမတ်ပွဲကျင်းပရန် ရွေးချယ်လိုက်ခြင်းဖြင့် ချာ့ချ်ခေါင်းဆောင်များသည် ကယ်တင်ရှင်ဖွားမြင်ခြင်းကို လူသိရှင်ကြားပွဲနေ့ ဖြစ်စေခဲ့ကြသည်။” ၁၉ ရာစု အလယ်ပိုင်းတွင် လက်ဆောင်များဝယ်ခြင်းနှင့်ပေးခြင်းတို့ကို အလေးထားလာကြ၏။ “ခရစ္စမတ်လက်ဆောင်ပေးခြင်း ထုံးတမ်းစဉ်လာအသစ်ကြောင့် စီးပွားရေးသမားများ ပွပေါက်တိုးကြရာ မကြာမီမှာပင် ကုန်သည်များနှင့် ကြော်ငြာရှင်များက ပွဲတော်ရာသီအတွက် ကြော်ငြာလာကြလေသည်။”
ထို့ကြောင့် ခရစ္စမတ်သည် စစ်မှန်သောခရစ်ယာန်လမ်းစဉ်နှင့် လုံးဝမအပ်စပ်ချေ။ မျက်မှောက်ခေတ် ခရစ္စမတ်ပွဲတွင် “အလွန်အကျွံ စီးပွားရေးအမြတ်ထုတ်မှုများ” ပြည့်နှက်နေ၏။ သို့သော် ခရစ်ယာန်စစ်များကို ယေရှုမွေးနေ့ကျင်းပရန် လုံးဝမတောင်းဆိုထားပေ။ ယင်းအစား ခရစ်တော်သေခြင်းနှင့် ကောင်းကင်သို့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ပြင်ဆင်ပေးသော ရွေးနုတ်ဖိုးကို သမ္မာကျမ်းစာက အလေးပေးဖော်ပြသည်။ (မဿဲ ၂၀:၂၈) ယင်းသည် အနာဂတ်ကာလတစ်လျှောက်လုံး အရေးကြီးဆုံးအရာ ဆက်ဖြစ်သွားပါလိမ့်မည်။