ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၆/၁ စာ. ၃-၄
  • သက်ကြီးရွယ်အိုများ လျစ်လျူရှု နှိပ်စက်ခံနေရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သက်ကြီးရွယ်အိုများ လျစ်လျူရှု နှိပ်စက်ခံနေရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်မိသားစုသည် သက်ကြီးရွယ်အိုများကို ကူညီသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သက်ကြီးရွယ်အိုများကို ကြည့်ရှုစောင့်ရှောက်ခြင်း–ခရစ်ယာန်တာဝန်တစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သက်ကြီးရွယ်အိုများကို ဘုရားသခင်ဂရုစိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သက်ကြီးရွယ်အိုများကို မည်သို့ဆက်ဆံသင့်သနည်း
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၆/၁ စာ. ၃-၄

သက်ကြီးရွယ်အိုများ လျစ်လျူရှု နှိပ်စက်ခံနေရ

ကင်းလှည့်နေစဉ် ကျောချမ်းစရာမြင်ကွင်းကြောင့် ညစောင့်သည် လန့်ဖျပ်သွား၏။ ဇိမ်ခံတိုက်ခန်းတွဲတစ်ခုရှေ့တွင် ရှစ်လွှာမှ ခုန်ချခဲ့ကြသော သက်ကြီးရွယ်အိုမောင်နှံတစ်စုံ၏ အလောင်းကို ရုတ်တရက် တွေ့လိုက်ရသည်။ သူတို့ကိုယ်ကို သတ်သေပုံမှာ ထိတ်လန့်စရာကောင်းသကဲ့သို့ သူတို့သတ်သေရသည့် အကြောင်းရင်းမှာ ပို၍တုန်လှုပ်ချောက်ချားစရာကောင်း၏။ လင်ယောက်ျားဖြစ်သူ၏ အင်္ကျီအိတ်ကပ်ထဲမှ ဤစာတိုလေး တွေ့ရ၏– “ကျွန်တော်တို့သည် သားနှင့်ချွေးမတို့၏ မတော်မတရားပြုမူဆက်ဆံမှုကို တစ်ချိန်လုံး ခံနေကြရသောကြောင့် မိမိတို့ကိုယ်ကို အဆုံးစီရင်ရခြင်းဖြစ်ပါသည်။”

အကြောင်းစုံမှာ ထူးခြားပေမည်။ သို့သော် ထိုသို့ပြုရသည့်အကြောင်းရင်းသည် သာမန်ကိစ္စဖြစ်နေ၍ ဝမ်းနည်းစရာပင်။ အမှန်စင်စစ် သက်ကြီးရွယ်အိုများကို မတော်မတရားပြုမူဆက်ဆံခြင်းသည် ကမ္ဘာ့ဒေသအားလုံးနီးပါးတွင် ဖြစ်ပျက်နေ၏။ အောက်ပါတို့ကို သုံးသပ်ကြည့်ပါ–

• ကနေဒါနိုင်ငံသား သက်ကြီးရွယ်အို ၄ ရာခိုင်နှုန်းက မိသားစုမှတစ်ဦးတစ်ယောက်၏ မတော်မတရားပြုမူဆက်ဆံခြင်း သို့မဟုတ် ခေါင်းပုံဖြတ်ခြင်းတို့ကို ခံနေရသည်ဟု တိုင်ကြားကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားသည်။ သို့သော် သက်ကြီးရွယ်အိုအများသည် မိမိတို့၏ဖြစ်အင်ကို ထုတ်ဖော်ပြောရန် အလွန်ရှက်ကြောက်ကြသည်။ အမှန်အားဖြင့် ၁၀ ရာခိုင်နှုန်းနီးပါးရှိနိုင်သည်ဟု သုတေသီများကဆို၏။

• “သားသမီးများ၏ ငြိုငြင်မှုခံနေရသော ဇရာအိုမိဘများအရေအတွက် တိုးများလာနေသည့် အိန္ဒိယနိုင်ငံသည် အပြင်ပန်းအားဖြင့် မိသားစုနှောင်ကြိုးခိုင်မြဲပုံရှိသော်လည်း တစ်စတစ်စပြိုလဲပျက်စီးလျက်ရှိသည်” ဟု အင်ဒီယားထူဒေး မဂ္ဂဇင်းကဆို၏။

• နောက်ဆုံးခန့် မှန်းချက်များအရ “အသက် ၆၅ နှစ် သို့မဟုတ် ထို့ထက်ကြီးသော အမေရိကန်နိုင်ငံသား ၁ သန်းနှင့် ၂ သန်းကြားသည် သူတို့မှီခိုအားကိုးနေရသူ၏ ခေါင်းပုံဖြတ်ခြင်း၊ အနာတရဖြစ်စေခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် မတော်မတရားပြုမူဆက်ဆံခြင်းကို ခံခဲ့ကြရသည်” ဟု သက်ကြီးရွယ်အိုများအား မတရားပြုမူခြင်းဆိုင်ရာ အမျိုးသားဗဟိုဌာနက ဆို၏။ ကယ်လီဖိုးနီးယားပြည်နယ် စဲန်ဒယေးဂိုးမြို့မှ လက်ထောင်ခရိုင်အကျိုးဆောင်ရှေ့နေတစ်ဦးက သက်ကြီးရွယ်အိုများအား မတော်မတရားပြုမူဆက်ဆံခြင်းသည် “ယနေ့ ဥပဒေအရအရေးယူခြင်းခံနေရသော စိုးရိမ်ဖွယ်အကောင်းဆုံး ပြဿနာတစ်ခုဖြစ်နေသည်” ဟုဆို၏။ “၎င်းပြဿနာသည် လာမည့်နှစ်အနည်းငယ်တွင် တိုးများလာမည်ဟု ကျွန်ုပ်မြင်သည်” ဟုသူထပ်လောင်းပြောသည်။

• နယူးဇီလန်နိုင်ငံ၊ ကဲန်တာဘာရီမြို့တွင် သက်ကြီးရွယ်အိုများသည် မိသားစုမှ တစ်ဦးတစ်ယောက်၏ အထူးသဖြင့် မူးယစ်ဆေး၊ အရက်စွဲနေသော သို့မဟုတ် လောင်းကစားတတ်သည့်ပြဿနာရှိနေသူတို့၏ပစ်မှတ်များ ဖြစ်နေသည့်အတွက် တိုး၍စိုးရိမ်နေကြသည်။ ကဲန်တာဘာရီမြို့တွင် သက်ကြီးရွယ်အိုများအား မတရားပြုမူ ခြင်း တိုင်ကြားချက်အရေအတွက်သည် ၂၀၀၂ ခုနှစ်တွင် ၆၅ မှုရှိခဲ့၏။ ၂၀၀၃ ခုနှစ်တွင်မူ ၁၀၇ မှုသို့ သိသိသာသာ တိုးများလာသည်။ ထိုသို့ပြုမူဆက်ဆံခြင်းကို တားဆီးကာကွယ်ရန် ဖွဲ့စည်းထားသော အေဂျင်စီတစ်ခု၏အမှုဆောင်လူ ကြီးက ၎င်းအရေအတွက်သည် အမှန်တကယ်ခံရသူ အရေအတွက်နှင့်နှိုင်းယှဉ်လျှင် “ရေခဲကျွန်းမျော၏ထိပ်ဖျား” ကဲ့သို့ မဆိုစလောက်သာဖြစ်သည်ဟုဆို၏။

• “မတရားပြုမူဆက်ဆံခံရသူ သက်ကြီးရွယ်အိုများကို မတော်မတရားပြုခံနေရသောကလေးများ သို့မဟုတ် အခြားသော အိမ်တွင်းအကြမ်းဖက်မှုခံနေရသူများထက် ပို၍ဂရုစိုက်ပေးဖို့လိုအပ်နေကြောင်း” ဂျပန်တရားရေးဝန်ထမ်းများအဖွဲ့ချုပ်က အကြံပြုသည်ဟု ဂျပန်တိုင်းမ်ကဆို၏။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ “ကလေးကို သို့မဟုတ် အိမ်ထောင်ဖက်ကို မတရားပြုမူဆက်ဆံခြင်းနှင့်စာလျှင် သက်ကြီးရွယ်အိုများ မတရားပြုမူဆက်ဆံခံနေရခြင်းကို တော်တော်နှင့် မသိနိုင်သောကြောင့်ဖြစ်သည်။ အကြောင်းမှာ သားသမီးများက အကြမ်းပတမ်းပြုမူသောအခါ မိမိတို့တာဝန်မကင်းဟု သက်ကြီးရွယ်အိုများ ယူဆကြသောကြောင့်၊ အစိုးရနှင့် ဒေသခံအုပ်ချုပ်ရေးမှူးများက အဆိုပါပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ခြင်းမရှိသောကြောင့်ဖြစ်သည်။”

ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပျက်နေသော အဆိုပါနမူနာဖြစ်ရပ်များက ဤသို့မေးခွန်းပေါ်စေသည်– လျစ်လျူ ရှု နှိပ်စက်ခံနေရသော သက်ကြီးရွယ်အိုများ အဘယ်ကြောင့်ဤမျှ များရသနည်း။ ထူးခြားကောင်းမွန်လာစရာအကြောင်း ရှိပါသလော။ သက်ကြီးရွယ်အိုများအတွက် အဘယ်နှစ်သိမ့်မှုရှိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ