ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁ စာ. ၃၂
  • ခရီးဝေးသွားရကျိုးနပ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရီးဝေးသွားရကျိုးနပ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁ စာ. ၃၂

ခရီးဝေးသွားရကျိုးနပ်

စစ်ဒဏ်ခံနေရသည့်နယ်မြေကိုဖြတ်ပြီး လီဆာလာမြို့တွင်ကျင်းပသော “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီး တက်ရောက်ရန် ခရီးရှည်ဆန့်ဖို့ ဆုံးဖြတ်ခဲ့ကြသည့် ညီအစ်မအရင်းနှစ်ဦးအကြောင်း ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက သတင်းပို့သည်။ အဆိုပါခရိုင်စည်းဝေးကြီးတွင် ဝိညာဉ်ရေးသွန်သင်ချက်နှင့် ခရစ်ယာန်ပေါင်းသင်းမှုရယူရန် သူတို့မျှော်လင့်ထားသည့်အပြင် ကင်ရှာဆာမြို့ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံလိုခဲ့ကြသည်။ ပြည်တွင်းစစ်ကြောင့် ဌာနခွဲရုံးမှ မည်သူကိုမျှ မတွေ့ခဲ့ရသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ ဤအခွင့်အရေးကို သူတို့လက်မလွတ်လိုကြချေ။

အဆိုပါညီအစ်မနှစ်ဦးသည် ၎င်းတို့၏ဇာတိမြို့ ဘာဆာကူဆူမှ မိုင် ၂၀၀ ခန့်ဝေးသော လီဆာလာမြို့သို့ သစ်တောနှင့် မြစ်နှစ်စင်းတစ်လျှောက် လုံးထွင်းလှေဖြင့် ဖြတ်ကျော်ခရီးဆန့်ခဲ့ကြ၏။ ထိုခရီးသည် သုံးပတ်ကြာ၏။ သူတို့နှစ်ဦးစလုံးသည် အချိန်ပြည့်ဓမ္မအမှုတွင် ၃ နှစ်နှင့် ၁၉ နှစ်စီ အသီးသီး အမှုဆောင်ခဲ့ကြပြီး ထိုခရီးတွင် အခွင့်အရေးယူကာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခဲ့ကြသည်။ လမ်းခရီးတစ်လျှောက် တွေ့ဆုံခဲ့ရသူတို့ကို နာရီပေါင်း ၁၁၀ ခန့်ဟောပြောကြပြီး ဝေစာအစောင် ၂၀၀ နှင့် မဂ္ဂဇင်းအစောင် ၃၀ ဝေငှခဲ့ကြ၏။

သူတို့သည် မြစ်ကြောင်းတစ်လျှောက်တွင် ကျက်စားနေကြသည့် ရေမြင်းများနှင့် မိကျောင်းများအကြား လှော်ခတ်သွားလာခဲ့ရသည်။ ညအမှောင်တွင် အန္တရာယ်များလှသည့်အတွက် နေဝင်ပြီးနောက် မြစ်ကြောင်းခရီး မသွားနိုင်ကြပေ! စစ်ဘက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များစွာကိုလည်း သူတို့ဖြတ်ကျော်ခဲ့ကြရ၏။

ယင်းသည် အလွန်ဝေးလံရှည်လျားပြီး ပင်ပန်းသည့်ခရီးစဉ်ဖြစ်သော်လည်း အဆိုပါညီအစ်မများသည် လုံ့လစိုက်ထုတ်ဖို့ ဝန်မလေးခဲ့ကြချေ။ လီဆာလာမြို့၌ကျင်းပသော ခရိုင်စည်းဝေးကြီးတွင် ရောက်ရှိနေရသည်ကို နှစ်ဦးစလုံး အလွန်ကျေးဇူးတင်ဝမ်းမြောက်ခဲ့ကြ၏။ သူတို့သည် အမှန်တရားဘက် အလွန်စိတ်ထက်သန်သူများဖြစ်ကြပြီး တက်ရောက်လာသူ ညီအစ်ကိုညီအစ်မ ၇,၀၀၀ နှင့်အတူ ရင်းရင်းနှီးနှီးပေါင်းသင်းရသည့်အတွက် အားရှိခဲ့ကြသည်။ စည်းဝေးကြီးပြီး၍ အိမ်အပြန်ခရီးတွင်လည်း ထပ်တူအခက်အခဲများကို သူတို့ရင်ဆိုင်ခဲ့ကြရ၏၊ အိမ်ပြန်ရောက်သောအခါ မိသားစုကို ကျန်းကျန်းမာမာဖြင့် တွေ့ရှိခဲ့လေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ