ကစားနည်းတစ်ခုမျှသာ မဟုတ်
ဆော့ကစားခြင်းကို ကလေးတို့ ခုံမင်ကြသည်။ သို့သော် “ယင်းသည် အရေးမပါသော သို့မဟုတ် အကျိုးမရှိသောလုပ်ရပ် မဟုတ်” ဟု ဖွံ့ဖြိုးသောကလေးစာအုပ်က ရှင်းလင်းဖော်ပြသည်။ “ယင်းသည် အသိအမြင်ဖွံ့ဖြိုးစေသောလုပ်ရပ်ဖြစ်သည်။” ဆော့ကစားခြင်းအားဖြင့် ကလေးများသည် သူတို့၏စဉ်းစားဉာဏ်ကို အသုံးပြုရန်၊ မိမိတို့ဝန်းကျင်ကို နားလည်ရန်နှင့် အခြားသူများကို အပြန်အလှန်အကျိုးပြုရန် သင်ယူကြသည်။
ကလေးများသည် အသက်လေးနှစ်၊ ငါးနှစ်အရွယ်မှစ၍ သူတို့၏ကစားနည်းများတွင် လူကြီးအဖြစ် သရုပ်ဆောင်တတ်လာကြသည်။ ကစားနေသောကလေးများအကြောင်း ယေရှုတစ်ကြိမ်က ပြောခဲ့ဖူးသည်။ အချို့ကလေးများသည် “မင်္ဂလာဆောင်” တမ်း၊ အခြားကလေးများမူ “ဈာပန” အခမ်းအနားလုပ်တမ်း ကစားလိုကြပြီး ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း သူတို့သည် ဝင်မပါလိုသူအချို့ကြောင့် အချင်းချင်းငြင်းခုံတတ်ကြသည်။ (မဿဲ ၁၁:၁၆၊၁၇) ဤကစားနည်းသည် ကြီးထွားနေသောကလေး၏စိတ်တွင် ဖျောက်ဖျက်၍မရအောင် စွဲထင်သွားနိုင်သည်။
ပုံများတွင်ပါသောကလေးများသည် ကျမ်းစာသွန်သင်သူနှင့် သင်သားတစ်ဦးအဖြစ် သရုပ်ဆောင်တမ်း ကစားနေကြသည်။ တကယ်ကျမ်းစာသင်နေခြင်း မဟုတ်ပါ၊ သို့သော် ကျမ်းစာသတင်းတရားဝေမျှဖို့ ကောင်းကောင်းစိတ်စွဲနေကြောင်း ထင်ရှားသည်။ ဤကား အရေးပါသောသင်ခန်းစာတစ်ခုဖြစ်၏၊ ယေရှုက လူတို့ကို တပည့်ဖြစ်စေပြီး ကိုယ်တော်သင်ကြားခဲ့သမျှကို လိုက်နာရန်သင်ပေးဖို့ မိမိ၏နောက်လိုက်များအား မိန့်မှာခဲ့သောကြောင့်တည်း။—မဿဲ ၂၈:၁၉၊ ၂၀။
ကျမ်းစာသင်အံမှုများကျင်းပရန်၊ ဟောပြောချက်များပေးရန် သို့မဟုတ် တစ်အိမ်မှတစ်အိမ်ဟောပြောရန် ဟန်ဆောင်ကစားလိုစိတ်ရှိသောကလေးများ၏ မိဘများအနေနှင့် ဂုဏ်ယူထိုက်ပါသည်။ ကလေးများသည် ပင်ကိုအရ သူတို့ဝန်းကျင်ရှိ လူကြီးများပြုလုပ်ရာကို အတုယူတတ်ကြသည်။ သမ္မာကျမ်းစာနှင့်ပတ်သက်သော ကစားနည်းများကို ကလေးများ ကစားကြခြင်းက သူတို့သည် “သခင်အရှင်၏အလိုတော်နှင့်ညီသော သင်ကြားလေ့ကျင့်မှုနှင့် သွန်သင်ချက်အရ” မွေးမြူခံရကြောင်းဖော်ပြသည်။—ဧဖက် ၆:၄၊ ချားလ်စ် ဘီ၊ ဝီလျမ်စ်။
ယေဟောဝါသည် ကလေးသူငယ်များကို စစ်မှန်သောဝတ်ပြုရေး၌ ပါဝင်စေလိုသည်။ ပညတ်တော်ကို ဖတ်ရွတ်သောအခါ “သူငယ်များ” ကိုပါဝင်စေဖို့ မောရှေအား ကိုယ်တော်မိန့်မှာခဲ့သည်။ (တရားဟောရာ ၃၁:၁၂) မိမိတို့လည်းပါဝင်ပတ်သက်သည်ဟု ကလေးသူငယ်များခံစားရလျှင် သူတို့၏ကစားနည်းများက ပေါ်လွင်စေပါလိမ့်မည်။ မိမိကိုယ်ကို ဘုရားသခင်၏အမှုဆောင်တစ်ဦးအဖြစ် သရုပ်ဆောင်တမ်း ကစားသောကလေးတစ်ဦးသည် ထိုသို့သောသူဖြစ်လာဖို့ ပထမဆုံးခြေလှမ်း လှမ်းနေခြင်းဖြစ်၏။