အံ့သြတတ်သည့် စိတ်သဘော သင်မွေးမြူသလော
ကျမ်းရေးသူများသည် ဘုရားသခင်၏လက်ရာတော်များနှင့် ဂုဏ်ရည်တော်များကို အသိအမှတ်ပြုသည့်အခါ ကြိမ်ဖန်များစွာ အံ့သြသည့်သဘော တင်ပြခဲ့ကြကြောင်း သင်,သတိပြုမိသလော။ ဆာလံဆရာက ‘အကျွန်ုပ်သည် အံ့သြဖွယ်သောလက္ခဏာနှင့်ပြည့်စုံ၏’ ဟုဆိုခဲ့သည်။ (ဆာလံ ၁၃၉:၁၄) ပရောဖက်ဟေရှာယက ‘အိုထာဝရဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ’ ဟုရေးသားခဲ့သည်။ (ဟေရှာယ ၂၅:၁) “ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား” ဟူ၍ တမန်တော်ပေါလု၏စကားများတွင် ဖော်ပြထားသော အံ့သြတုန်လှုပ်မှုကို စဉ်းစားကြည့်ပါ။—ရောမ ၁၁:၃၃။
သည်အောက်စ်ဖို့ဒ်စွယ်စုံကျမ်းအင်္ဂလိပ်အဘိဓာန်က “အံ့သြခြင်း” ကို “အထူးသဖြင့် မျှော်လင့်မထားသော၊ အကျွမ်းတဝင်မရှိသော၊ ဖွင့်ဆိုမရှင်းပြနိုင်သော ရင်သပ်ရှုမောဖွယ်ဖြစ်ခြင်း၊ ထူးဆန်း၍ စိတ်ဝင်စားဖွယ်ကောင်းခြင်းတို့ နှင့် ရောနှောနေသည့် အံ့အားသင့်မှုကြောင့် ဖြစ်ပေါ်လာသော စိတ်လှုပ်ရှားမှု” ဟုအဓိပ္ပာယ်ဖွင့်ဆိုသည်။
အသစ်အဆန်းများကို တွေ့ မြင်ခံစားကြားရသည့်အခါ အံ့သြသွားကာ မျက်လုံးပြူးကျယ်သွားသော ကလေးငယ်များအား မြင်ရခြင်းသည် ဝမ်းသာကြည်နူးစရာကောင်းသည်မဟုတ်ပေလော။ ဝမ်းနည်းစရာမှာ ထူးဆန်း၍စိတ်ဝင်စားဖွယ်ရာ ကောင်းသည့်အတွက် အံ့သြရခြင်းသည် နှစ်များကုန်လွန်လာသည်နှင့်အမျှ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
သို့သော် အထက်တွင်ဖော်ပြထားသော ကျမ်းရေးသူများအတွက်မူကား အံ့သြစိုးရွံ့ မှုခံစားချက်သည် သူတို့၏အတွင်း၌ ဖြစ်တည်နေသည်။ ယင်းသည် ကြာရှည်တည်တံ့ခဲ့သည်။ အဘယ်ကြောင့်နည်း။ သူတို့သည် ဘုရားသခင်၏လက်ရာတော်များကို ကျေးဇူးတင်လေးမြတ်စွာ ဆင်ခြင်တွေးတောခြင်းအားဖြင့် အံ့သြတတ်သည့်စိတ်သဘောကို မွေးမြူခဲ့ကြ၏။ ဆာလံဆရာက ‘ရှေးလွန်လေပြီးသောကာလကို အောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ အံ့သြဖွယ်ဖန်ဆင်းခြင်းလက်ရာများကိုလည်းကောင်း ဆင်ခြင်ပါ၏’ ဟုဆုတောင်းခဲ့သည်။—ဆာလံ ၁၄၃:၅။
ဤသို့သောအံ့သြတတ်သည့်စိတ်သဘောကို မျက်မှောက်ခေတ် ဘုရားသခင်အားဝတ်ပြုသူများတွင် တွေ့ ရှိနိုင်ခြင်းသည် အလွန်ချီးကျူးထိုက်ပေ၏! ဤစိတ်သဘောမျိုး သင်၌ရှိသလော။ ယင်းကို မွေးမြူနေပါသလော။