သင်မှတ်မိသလော
မကြာသေးမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
• မိက္ခာကျမ်းတွင် အခန်းကြီးမည်မျှပါသနည်း၊ အဘယ်အချိန်တွင် ရေးသားခဲ့သနည်း၊ ထိုအချိန်ရှိ အခြေအနေကား အဘယ်နည်း။
မိက္ခာကျမ်းတွင် အခန်းကြီးခုနစ်ခန်းပါရှိသည်။ ပရောဖက်မိက္ခာသည် ထိုကျမ်းကို ဘီ.စီ.အီး. ရှစ်ရာစုနှစ်တွင် ရေးသားခဲ့ပြီး ထိုအချိန်တွင် ဘုရားသခင်နှင့်ပဋိညာဉ်ဖွဲ့ထားသောလူတို့ကို ဣသရေလနှင့် ယုဒဟူ၍ လူမျိုးနှစ်မျိုးအဖြစ် ခွဲခြားခဲ့သည်။—၈/၁၅၊ စာမျက်နှာ ၉။
• မိက္ခာ ၆:၈ အရ ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ အဘယ်အရာတောင်းဆိုသနည်း။
ကျွန်ုပ်တို့သည် “တရားသဖြင့်ပြု” ကျင့်ရမည်။ ဘုရားသခင်၏လုပ်ဆောင်နည်းမှာ တရားမျှတမှုစံနှုန်းဖြစ်၏၊ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏မူများဖြစ်သည့် ရိုးသားဖြောင့်မတ်ခြင်းနှင့် တည်ကြည်ခြင်းတို့ကို စွဲကိုင်ထားရမည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို “ကရုဏာ [“ကြင်နာမှု၊” ကဘ] ကိုနှစ်သက်” ရမည်ဟုမိန့်ဆို၏။ ခရစ်ယာန်များသည် ဘေးအန္တရာယ်များကြုံရသော အခြားသူများ၏လိုအပ်ရာများကို ကူညီပေးခြင်းဖြင့် သနားကြင်နာမှုပြခဲ့ကြသည်။ ယေဟောဝါနှင့်အတူ ‘ကျိုးနွံစွာ လျှောက်လှမ်းရန်’ မှာကျွန်ုပ်တို့၏ကန့်သတ်ချက်များကို အသိအမှတ်ပြုပြီး ကိုယ်တော်ကို မှီခိုအားထားရမည်။—၈/၁၅၊ စာမျက်နှာ ၂၀-၂။
• ခရစ်ယာန်တစ်ဦးသည် အလုပ်လက်မဲ့ဖြစ်သွားသောအခါ အဘယ်အရာပြုလုပ်လိုမည်နည်း။
မိမိ၏ဘဝပုံစံကို ပြန်လည်ဆန်းစစ်ခြင်းသည် ပညာရှိရာရောက်၏။ အိမ်ငယ်တစ်လုံးသို့ ပြောင်းရွှေ့ခြင်းအားဖြင့်၊ မလိုအပ်သောပစ္စည်းများကို ဖယ်ရှားခြင်းအားဖြင့် ဘဝကို ရိုးရှင်းစွာထားနိုင်သည်။ မရှိမဖြစ်လိုအပ်ရာများကို ဘုရားသခင်ပေးနိုင်သည်ဟု ယုံကြည်စိတ်ချကာ နေ့စဉ်လိုအပ်ရာများအတွက် စိုးရိမ်ပူပန်ခြင်းမရှိဖို့ အရေးကြီးသည်။ (မဿဲ ၆:၃၃၊ ၃၄)—၉/၁၊ စာမျက်နှာ ၁၄-၁၅။
• မင်္ဂလာလက်ဖွဲ့ပေးသည့်အခါ သို့မဟုတ် ရရှိသည့်အခါ အဘယ်အရာကို ကျွန်ုပ်တို့ သတိထားသင့်သနည်း။
ဈေးကြီးသောလက်ဆောင်များမလိုအပ်သကဲ့သို့ ယင်းတို့ကိုရဖို့လည်း မမျှော်လင့်သင့်ချေ။ တန်ဖိုးအရှိဆုံးလက်ဆောင်မှာ လက်ဖွဲ့ပေးသူ၏စိတ်သဘောထားဖြစ်သည်။ (လုကာ ၂၁:၁-၄) လက်ဖွဲ့ပေးသူ၏အမည်ကို ကြေညာခြင်းသည် ကြင်နာရာကျမည်မဟုတ်ချေ။ ထိုသို့ပြုလုပ်ခြင်းသည် အနေရခက်စေနိုင်သည်။ (မဿဲ ၆:၃)—၉/၁၊ စာမျက်နှာ ၂၉။
• အဘယ်ကြောင့် အခြားမလပ်ဆုတောင်းသင့်သနည်း။
မှန်မှန်ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့စေနိုင်ပြီး ပြင်းထန်သောစမ်းသပ်မှုများကို ရင်ဆိုင်နိုင်ရန် ထောက်ကူပေး၏။ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် လိုအပ်သလို အခြေအနေအလိုက် တိုတုတ် သို့မဟုတ် ရှည်လျားနိုင်သည်။ ဆုတောင်းခြင်းသည် ယုံကြည်ခြင်းကို တည်ဆောက်ပေးပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် ကူညီပေးသည်။—၉/၁၅၊ စာမျက်နှာ ၁၅-၁၈။
• “သေလွန်သူတို့အတွက် နှစ်ခြင်းခံ” သည်ဟု ဘာသာပြန်ဆိုထားသော ဘာသာပြန်ကျမ်းအချို့၏ ၁ ကောရိန္သု ၁၅:၂၉ ကိုမည်သို့နားလည်သင့်သနည်း။
တမန်တော်ပေါလုဆိုလိုသည်မှာ ဝိညာဉ်တော်ဖွားခရစ်ယာန်များသည် ခရစ်တော်နည်းတူ သေသည့်တိုင် တည်ကြည်မည့် ဘဝလမ်းစဉ်ဖြင့် နှစ်ခြင်းခံခြင်း သို့မဟုတ် စုံးစုံးမြုပ်ခြင်းဖြစ်သည်။ ထို့နောက် သူတို့သည် ခရစ်တော်နည်းတူ ဝိညာဉ်အသက်တာဖြင့် ရှင်ပြန်ထမြောက်ကြလိမ့်မည်။—၁၀/၁၊ စာမျက်နှာ ၂၉။
• ခရစ်ယာန်တစ်ဦးဖြစ်လာခြင်းသည် ၁ ကောရိန္သု ၆:၉-၁၁ တွင်ဖော်ပြထားသော လုပ်ရပ်မှားများကို ရှောင်ခြင်းထက်မက ပိုမိုပါဝင်ပတ်သက်သည်ဟု မည်သို့သိရှိရသနည်း။
တမန်တော်ပေါလုသည် မတရားသောမေထုန်၌မှီဝဲခြင်း၊ . . . ကိုကိုးကွယ်ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း အစရှိသော လုပ်ရပ်မှားများကိုဖော်ပြပြီး အဆုံးမသတ်ခဲ့ချေ။ နောက်အခန်းငယ်တွင် သူက “ငါသည် အပြစ်မသင့်ဘဲလျက် ခပ်သိမ်းသောအမှုအရာကို ပြုနိုင်သည်မှန်စေတော့။ ခပ်သိမ်းသောအမှုအရာကို ပြုသင့်သည်မဟုတ်” ဟုဆိုကာ နောက်ထပ်ပြောင်းလဲမှုများ ပြုလုပ်ဖို့ လိုအပ်ကြောင်း ဖော်ပြခဲ့၏။—၁၀/၁၅၊ စာမျက်နှာ ၁၈-၁၉။
• ဘုရားသခင်၏နှလုံးကို ရွှင်လန်းစေခဲ့သော ရှေးခေတ်အမျိုးသမီးအချို့ကား မည်သူတို့နည်း။
ထိုသူတို့တွင် မွေးကင်းစ ဣသရေလသားယောက်ျားလေးများကို သတ်ခိုင်းသည့် ဖာရော၏အမိန့် ဖီဆန်ခဲ့ကြသော ဝမ်းဆွဲ ရှိဖရနှင့် ပုအာတို့ပါဝင်သည်။ (ထွက်မြောက်ရာ ၁:၁၅-၂၀) ခါနာန်ပြည်မှ ပြည့်တန်ဆာရာခပ်သည် ဣသရေလသူလျှိုနှစ်ဦးကို ကာကွယ်ပေးခဲ့သည်။ (ယောရှု ၂:၁-၁၃; ၆:၂၂၊၂၃) အဘိဂဲလသည် စဉ်းစားချင့်ချိန်တတ်မှုတင်ပြခဲ့ရာ အသက်ပေါင်းများစွာကိုကယ်တင်ခဲ့ပြီး ဒါဝိဒ်အား သွေးပြစ်သင့်ခြင်းမှ ကာကွယ်ပေးခဲ့၏။ (၁ ဓမ္မရာဇဝင် ၂၅:၂-၃၅) ဤသူတို့သည် မျက်မှောက်ခေတ် အမျိုးသမီးများအတွက် ပုံသက်သေများဖြစ်ကြသည်။—၁၁/၁၊ စာမျက်နှာ ၈-၁၁။
• တရားသူကြီး ၅:၂၀ ၏ဖော်ပြချက်အရ “ကြယ်များသည် ကောင်းကင်မှ” သိသရကို မည်သို့စစ်တိုက်ကြသနည်း။
တချို့က ဤဖော်ပြချက်သည် ဘုရားသခင်၏အကူအညီကို ရည်ညွှန်းသည်ဟု ယူမှတ်ကြသည်။ အခြားသူတို့ကမူ ကောင်းကင်တမန်များမှအကူအညီရခြင်း၊ ဥက္ကာခဲများကျလာခြင်း၊ နက္ခတ်ဗေဒင်ဟောကိန်းများကို သိသရအားကိုးခြင်းတို့ကို ရည်ညွှန်းသည်ဟု ဆိုကြသည်။ သမ္မာကျမ်းစာက အသေးစိတ်ရှင်းမပြသည့်အတွက် ထိုဖော်ပြချက်က ဣသရေလစစ်တပ်ကို တစ်နည်းနည်းဖြင့် ဘုရားသခင်ဝင်ကူပေးခဲ့သည်ဟု ကျွန်ုပ်တို့နားလည်သင့်သည်။—၁၁/၁၅၊ စာမျက်နှာ ၃၀။
• ဘာသာရေးကို စိတ်မဝင်စားမှုနှင့် လျစ်လျူမှု ကမ္ဘာချီပျံ့နှံ့ချိန်တွင် ဘုရားသခင်ကို ယုံကြည်ပါသည်ဟုဆိုသူများ အဘယ်ကြောင့် ဤမျှများနေဆဲရှိသနည်း။
အချို့သည် စိတ်ငြိမ်သက်မှုရရှိရန် ချာ့ချ်သို့သွားကြသည်။ အခြားသူများမှာမူ သေပြီးနောက် ထာဝရအသက်ရှင်ရန် သို့မဟုတ် ကျန်းမာရေး၊ စည်းစိမ်ဥစ္စာနှင့် အောင်မြင်မှုတို့ရရှိရန် မျှော်လင့်ကြသည်။ ဒေသအချို့ရှိ လူတို့သည် ကွန်မြူနစ်အတွေးအမြင်စနစ်ကို အစားထိုးနေရာယူခဲ့သော အရင်းရှင်စနစ်နှင့်ဆိုင်သည့် ရည်မှန်းချက်များကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်ရေးဟာကွက်ကို ဖြည့်ဆည်းရန် ကြိုးစားကြသည်။ ခရစ်ယာန်တစ်ဦးသည် ဤအကြောင်းရင်းများကို သိရှိထားခြင်းဖြင့် မိမိကအစပြု၍ အဓိပ္ပာယ်ရှိရှိ စကားစမြည် စတင်ပြောဆိုနိုင်သည်။—၁၂/၁၊ စာမျက်နှာ ၃။