အခြားသူများကို ကျွန်ုပ်တို့ အမှန်လိုအပ်ပါသလော
“ကျွန်ုပ်တို့၏ဘဝနှင့် ကြိုးပမ်းအားထုတ်မှုများကို ဆန်းစစ်ကြည့်သောအခါ ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များနှင့် လိုအင်ဆန္ဒအားလုံးနီးပါးသည် အခြားလူသားများ၏ဖြစ်ပေါ်တည်ရှိခြင်းနှင့် ပတ်သက်ဆက်နွှယ်လျက်ရှိကြောင်း တစ်ခဏချင်းတွင် တွေ့ရှိရသည်” ဟုလူသိများသော သိပ္ပံပညာရှင် အဲလဘတ် အိုင်စတိုင်းကဖော်ပြခဲ့သည်။ သူဤသို့ထပ်ဆင့်ပြောဆိုခဲ့သည်– “ကျွန်ုပ်တို့သည် အခြားသူများထုတ်လုပ်သော အစားအစာကိုစားသုံးကြ၏၊ အခြားသူများချုပ်လုပ်သော အဝတ်အထည်များကို ဝတ်ဆင်ကြ၏၊ အခြားသူများ ဆောက်လုပ်ထားသော အိမ်များတွင် နေထိုင်ကြ၏။ . . . လူတစ်ဦး အဘယ်လူစားမျိုးဖြစ်ပြီး အဘယ်မျှလောက် အရေးပါခြင်းသည် သူ၏ပင်ကိုအရည်အသွေးပေါ် မူမတည်ဘဲ ပုခက်တွင်းကလေးဘဝမှ သေပြီးသင်္ချိုင်းရောက်သည်အထိ သူ၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို ညွှန်ကြားပေးသည့် မဟာလူ့အဖွဲ့အစည်းဝင်တစ်ဦးဖြစ်ခြင်းအပေါ် မူတည်သည်။”
တိရစ္ဆာန်လောကတွင် ပင်ကိုအသိစိတ်ဖြင့် ပေါင်းဖော်ကြသည်ကို မြင်တွေ့ရလေ့ရှိသည်။ ဆင်များသည် အုပ်စုလိုက်သွားလာ၍ မိမိတို့၏ သားပေါက်များကို ဂရုတစိုက်စောင့်ရှောက်တတ်ကြသည်။ ခြင်္သေ့မများသည် အတူတကွအမဲလိုက်ကြပြီး ခြင်္သေ့ထီးများနှင့် အစာကို ဝေမျှစားကြသည်။ လင်းပိုင်များသည် အတူဆော့ကစားကြပြီး ဘေးရောက်နေသော တိရစ္ဆာန်များ သို့မဟုတ် ရေကူးသူများကိုပင် အကာအကွယ်ပေးခဲ့ဖူးသည်။
သို့သော် လူသားများတွင်မူ တိုး၍စိုးရိမ်ဖွယ်ဖြစ်စေသည့် စိတ်ထားတစ်ခုကို လူမှုရေးသိပ္ပံပညာရှင်များ သတိပြုမိခဲ့ကြပြီ။ မက္ကဆီကိုနိုင်ငံမှ သတင်းစာတစ်စောင်အရ “ယူ.အက်စ်. လူ့အဖွဲ့အစည်းအတွက် ဆယ်စုနှစ်များစွာ ထီးတည်းနေလိုကြခြင်းနှင့် အုပ်စုဖွဲ့နေထိုင်သည့်ဘဝ လျော့ပါးသည်ထက်လျော့ပါးလာခြင်းတို့က အကြီးအကျယ် ထိခိုက်နစ်နာမှုရှိစေသည်” ဟု သိပ္ပံပညာရှင်အချို့ ခံယူထားကြသည်။ “နိုင်ငံတစ်နိုင်ငံ၏ ကောင်းကျိုးချမ်းသာသည် ကျယ်ပြန့်သော လူမှုရေးအပြောင်းအလဲပေါ်မူတည်ပြီး ထိုတွင် အုပ်စုဖွဲ့နေထိုင်သည့်ဘဝသို့ ပြန်သွားခြင်းပါဝင်သည်” ဟု အဆိုပါသတင်းစာကဖော်ပြသည်။
ဤပြဿနာသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံသားများ၌ ပျံ့နှံ့လျက်ရှိသည်။ တစ်သီးပုဂ္ဂလနေလိုစိတ်ရှိသူများ တရိပ်ရိပ်တိုးများလာနေသည်။ လူတို့သည် ‘မိမိတို့ဘာသာနေ’ လိုကြပြီး အခြားသူများက ‘သူတို့ကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်း’ ကို အကြီးအကျယ်ငြင်းဆန်လိုကြသည်။ ဤသဘောထားသည် လူ့အဖွဲ့အစည်းကို စိတ်ပိုင်းဆိုင်ရာပြဿနာများ၊ စိတ်ကျရောဂါနှင့် မိမိကိုယ်ကိုသတ်သေခြင်းတို့ ဖြစ်ပေါ်စေကြောင်း ရှုမြင်ခဲ့ကြပြီ။
ယင်းနှင့်စပ်လျဉ်း၍ ဒေါက်တာ ဒယ်နီယယ်လ် ဂိုးလ်မင်းက ဤသို့ဆို၏– “အပေါင်းအသင်းမလုပ် ထီးတည်းနေခြင်း—မိမိ၏ခံစားချက်များကိုဝေမျှခံစားနိုင်မည့်သူ၊ သို့မဟုတ် ရင်းရင်းနှီးနှီးပေါင်းသင်းနိုင်မည့်သူမရှိဟူသော အယူအဆ—သည် ဖျားနာရန်၊ သို့မဟုတ် သေဆုံးရန် အလားအလာနှစ်ဆတိုးစေသည်။” အပေါင်းအသင်းမလုပ်ခြင်းသည် ‘ဆေးလိပ်သောက်သည့်အကျင့်၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းတို့ကဲ့သို့ အသေအပျောက်နှုန်း သိသိသာသာတိုးများစေကြောင်း’ သိပ္ပံဂျာနယ်ပါ သတင်းတစ်ပုဒ်က ကောက်ချက်ချသည်။
သို့ဖြစ်၍ အကြောင်းအမျိုးမျိုးကြောင့် အခြားသူများကို ကျွန်ုပ်တို့အမှန်လိုအပ်ပါသည်။ ကျွန်ုပ်တို့ထီးတည်းနေ၍မရပါ။ ထို့ကြောင့် ထီးတည်းဖြစ်ခြင်းပြဿနာကို မည်သို့ဖြေရှင်းနိုင်သနည်း။ လူများစွာ၏ဘဝအသက်တာကို အဘယ်အရာက အဓိပ္ပာယ်အမှန်ရှိစေသနည်း။ ဤမေးခွန်းများကို နောက်ဆောင်းပါးက ဖြေဆိုပါလိမ့်မည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ကျွန်ုပ်တို့၏လုပ်ဆောင်ချက်များနှင့် လိုအင်ဆန္ဒအားလုံးနီးပါးသည် အခြားလူသားများ၏ဖြစ်ပေါ်တည်ရှိခြင်းနှင့် ပတ်သက်ဆက်နွှယ်လျက်ရှိ၏။”—အဲလဘတ် အိုင်စတိုင်း