ကိုယ်ကျင့်တရားစံနှုန်းကောင်းများ တိုးပွားစေသည့် ကြိုးပမ်းမှုများ
၂၀၀၁ ခုနှစ်အကုန်ပိုင်းတွင် မိုဇမ်ဘစ်အမျိုးသားရေဒီယိုကို ဖမ်းယူနားဆင်သူများသည် ဤကြေညာချက်ကို ကြားခဲ့ကြရသည်–
“ပြည်ထောင်စုနိုင်ငံတော်၏ သမ္မတသည် မာပူတိုမြို့တော်ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲအဆောက်အဦများသို့ သွားရောက်လည်ပတ်ခဲ့ပါသည်။ သမ္မတက ဤခရစ်ယာန်ဘာသာရေးအသင်းသားများကို မိသားစုများအကြား ကိုယ်ကျင့်တရားစံနှုန်းကောင်းများ တိုးပွားစေရန်နှင့် ၎င်းတို့၏ စာတတ်မြောက်ရေးအစီအစဉ်များအားဖြင့် လူကြီးများအား ပညာပေးခြင်းကို ကြိုးပမ်းနေမှုအား တိုးမြှင့်ပြုလုပ်ကြရန် အားပေးတိုက်တွန်းခဲ့သည်။ ဤအစီအစဉ်များမှ လူပေါင်း ၁၀,၀၀၀ ခန့် အကျိုးခံစားခဲ့ကြရပြီဖြစ်သည်။ သမ္မတချီစာနူပြောသည့်အတိုင်း ဤတိုင်းပြည်၌ ရင်ဆိုင်နေရဆဲဖြစ်သော ပညာရေးဆိုင်ရာပြဿနာများကိုဖြေရှင်းပေးရန် ၎င်းအစီအစဉ်များသည် လူ့အဖွဲ့အစည်းအတွက် အဖိုးတန်အထောက်အကူများဖြစ်သောကြောင့် ချီးမွမ်းထိုက်ပေသည်။”
သမ္မတမိန့်ခွန်းမှ အောက်ပါကောက်နုတ်ချက်ကို ဤသို့ဆက်ကြေညာခဲ့သည်– “များစွာသောသူတို့သည် စာတတ်မြောက်ရေး၌ စိတ်ပါဝင်စားကြသည်ကိုတွေ့ ရှိရခြင်းသည် အလွန်အားရှိစရာပင်ဖြစ်သည်။ ယင်းက စာတတ်မြောက်သူနှုန်း တိုးများလာစေရန် တိုင်းသူပြည်သားအသီးသီး ကူညီပေးကြမည်မှာ ထင်ရှားသည်။ ထို့ကြောင့် မည်သည့်သာသာစကားဖြင့်မဆို စာတတ်မြောက်ရေးအစီအစဉ်များကို တိုးမြှင့်ပေးရန် ယေဟောဝါသက်သေများအား ကျွန်ုပ်တိုက်တွန်းလိုပါသည်။ အရေးအကြီးဆုံးမှာ စာတတ်မြောက်ဖို့၊ သာ၍လွယ်ကူစွာ ဆက်သွယ်နိုင်ဖို့နှင့် အနာဂတ်တွင် ပညာရေး၌ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ဖို့ဖြစ်သည်။”
မိုဇမ်ဘစ်နိုင်ငံရှိ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာကို လူတို့ မိမိတို့ဘာသာစကားဖြင့် ဖတ်ရှုနိုင်ကြရန် နိုင်ငံတစ်ဝန်း နေရာပေါင်း ၈၅၀ တွင် အရေးအဖတ်သင်တန်းများ ဖွင့်ပေးထားသည်။ ထို့အပြင် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုပေါင်း ၅၀,၀၀၀ ခန့်ကို သူတို့အပတ်စဉ်ကျင်းပနေကြပါသည်။ ၎င်းတို့အားလုံးမှာ နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင်ပြုလုပ်ဆောင်ရွက်နေသည့် ကမ္ဘာချီကျမ်းစာပညာပေးအစီအစဉ်၏ ကဏ္ဍတစ်ခုဖြစ်သည်။ (မဿဲ ၂၄:၁၄) ဤအစီအစဉ်မှ သင်သည်လည်း အကျိုးရယူနိုင်ပါသည်။ သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ကျေးဇူးပြု၍ဆက်သွယ်ပါ။