လေ လုံရာအရပ်
ဥရောပအယ်လ်ပိုင်းတောင်ထိပ်များတွင် အယ်လ်ပိုင်းနှင်းဆီဟုခေါ်သော သန်စွမ်းသောချုံတစ်မျိုးကို သင်တွေ့နိုင်၏။ ဤတောင်ပေါ်ပန်းပင်ပုလေးများသည် ကုန်းလေပြင်းဘေးမှလွတ်ရန် မြေပြင်ပေါ်တွင် ပြွတ်သိပ်ပေါက်နေသော ချုံများကြား၌ ရှင်သန်ကြီးထွားတတ်သည်။ လေပြင်းသည် အပူချိန်ကိုလျော့ကျစေပြီး လေနှင့်မြေဆီလွှာကို ခန်းခြောက်စေကာ အမြစ်များလှန်ထွက်စေနိုင်သောကြောင့် အယ်လ်ပိုင်းအပင်များကို သေစေနိုင်သည်။
ဤအယ်လ်ပိုင်းနှင်းဆီပင်သည် ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများကြားတွင် ပေါက်ရောက်သောကြောင့် လေဒဏ်မှလွတ်ရခြင်းဖြစ်၏။ ဤနေရာများတွင် မြေဆီအနည်းငယ်သာရှိသော်လည်း ကျောက်ဆောင်အက်ကွဲကြောင်းများသည် တိုက်လာသည့်လေမှ အကာအကွယ်ပေးပြီး အပင်ရှင်သန်နိုင်စေရန် ရေကိုစုဆောင်းပေးသည်။ အဆိုပါတောင်ပေါ်ပန်းများကို နှစ်၏အများစုအပိုင်းတွင် မမြင်ရဘဲ ကွယ်နေသော်လည်း နွေရာသီတွင် နီရဲသောဤပန်းများသည် တောင်များကို အလှဆင်လေသည်။
“မင်းသားမှူးမတ်တို့” ကိုဘုရားသခင်ခန့်အပ်ပြီး သူတို့တစ်ဦးစီသည် ‘လေလုံရာအရပ်’ ကဲ့သို့ ဖြစ်ကြလိမ့်မည်ဟု ပရောဖက်ဟေရှာယက ဖော်ပြခဲ့၏။ (ဟေရှာယ ၃၂:၁၊ ၂) ရှင်ဘုရင်ခရစ်တော်ယေရှု၏ ညွှန်ကြားမှုအောက်တွင် အဆိုပါဝိညာဉ်ရေးမင်းသားမှူးမတ်များ သို့မဟုတ် ကြီးကြပ်မှူးများသည် ဖိစီးမှုဒဏ် သို့မဟုတ် ရောဂါဝေဒနာဒဏ်ခံရချိန်များတွင် တည်တံ့ခိုင်ခံ့သောကျောက်များကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ဆင်းရဲခက်ခဲသည့်ကြားမှ ယုံကြည်စိတ်ချစွာ ခိုနားခွင့်ပေးသည့်အပြင် ဘုရားသခင့်နှုတ်ထွက်စကားတော်မှ ဝိညာဉ်ရေးရေကို သိုလှောင်ထားနိုင်ရန် အကူအညီလိုသူများအား ကူညီပေးပါလိမ့်မည်။
ခရစ်ယာန်တစ်ဦးသည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ဖျားနာခြင်း လေဒဏ်များ၏ရိုက်ခတ်ခြင်းကို ခံရသည့်အခါ အကာအကွယ်မရခဲ့လျှင် သူ၏ယုံကြည်ခြင်း ပျက်စီးသွားနိုင်၏။ ခရစ်ယာန်အကြီးအကဲများသည် သူ၏အခက်အခဲကို ဂရုတစိုက်နားထောင်ပေးခြင်းဖြင့်လည်းကောင်း၊ ကျမ်းစာအခြေပြုဆုံးမစကား ပြောဆိုခြင်းဖြင့်လည်းကောင်း၊ အားပေးစကား သို့မဟုတ် လက်တွေ့ကျအကူအညီပေးခြင်းဖြင့်လည်းကောင်း ကာကွယ်ပေးနိုင်သည်။ သူတို့၏ခန့်အပ်ခံဘုရင် ခရစ်တော်ယေရှုနည်းတူ သူတို့သည် “ပစ်ထား” ခံရသူများကို ကူညီပေးလိုကြသည်။ (မဿဲ ၉:၃၆) ထို့ပြင် မှားယွင်းသောသွန်သင်ချက် လေဒဏ်ကြောင့် အနာတရဖြစ်နေသော အခြားသူများကိုလည်း သူတို့ကူညီပေးလိုကြ၏။ (ဧဖက် ၄:၁၄) အခန့်သင့်အချိန်တွင် ဤသို့ကူညီပေးခြင်းသည် အလွန်အရေးပါနိုင်သည်။
“ကျွန်မရဲ့အရင်းနှီးဆုံးသူငယ်ချင်းအချို့ အသင်းတော်ကနေ ထွက်သွားကြပြီး တစ်ချိန်ထဲမှာ ကျွန်မအဖေ ဦးနှောက်သွေးယိုရောဂါခံစားရတဲ့အတွက် အဲဒီအချိန်ဟာ ကျွန်မရဲ့ဘဝမှာ စိတ်အထိခိုက်ဆုံးဖြစ်ခဲ့တယ်” ဟုမီရီအမ်က ပြောပြသည်။ “စိတ်ဓာတ်ကျနေတာကို ပြန်ကောင်းလာစေဖို့ လောကရည်းစားတစ်ယောက်နဲ့ ချိန်းတွေ့သွားလာခဲ့တယ်။ အဲဒီနောက် မကြာခင်မှာ ကျွန်မကို ယေဟောဝါချစ်နိုင်တော့မှာမဟုတ်ဘူး၊ ကျွန်မ,မထိုက်တန်ဘူးလို့ ခံစားရပြီး အမှန်တရားကနေထွက်ဖို့ ကျွန်မရဲ့ဆုံးဖြတ်ချက်ကို အသင်းတော်က အကြီးအကဲတွေကို ပြောပြခဲ့တယ်။
“အဲဒီလိုစိတ်ဆင်းရဲနေတဲ့အချိန်မှာ ထောက်ထားစာနာတတ်တဲ့ အကြီးအကဲတစ်ဦးက ကျွန်မမှန်မှန်ရှေ့ဆောင်ဓမ္မအမှုဆောင်လုပ်ခဲ့တဲ့ နှစ်တွေကို ပြန်သတိရစေခဲ့တယ်။ သူဟာ ကျွန်မရဲ့တည်ကြည်မှုကို အမြဲပဲအားကျခဲ့တယ်လို့ပြောပြီး ယေဟောဝါရဲ့မေတ္တာရနေပါတယ်ဆိုတာကို ကျွန်မစိတ်ချနိုင်အောင် အကြီးအကဲတွေရဲ့အကူအညီကို လက်ခံဖို့ ကြင်ကြင်နာနာနဲ့ အားပေးခဲ့တယ်။ ဒီလိုစိတ်ဆင်းရဲနေတဲ့အချိန်မှာ သူတို့က မေတ္တာပါပါ ကျွန်မကို စိတ်ဝင်စားမှုပြခဲ့တာက ကျွန်မဝန်းကျင်မှာတိုက်နေတဲ့ ဝိညာဉ်ရေးလေပြင်းမုန်တိုင်းထဲမှာ ကျွန်မအတွက် ‘လေကွယ်ရာအရပ်’ နဲ့တူခဲ့တယ်။ တစ်လအတွင်းမှာပဲ ကျွန်မရည်းစားနဲ့အဆက်အသွယ်ဖြတ်လိုက်တယ်၊ အဲဒီကတည်းက အမှန်တရားလမ်းစဉ်မှာ ခုထက်ထိ လျှောက်လှမ်းနေပါတယ်။”
အခန့်သင့်အချိန်တွင် ကာကွယ်ပေးသောကြောင့် ခရစ်ယာန်ချင်းများ ဝိညာဉ်ရေးဘက် တိုးတက်ကောင်းစားလာသည်ကို အကြီးအကဲများတွေ့ရှိရသောအခါ အကူအညီပေးရကျိုးနပ်သည်ဟု ခံစားကြရ၏။ ထို့ပြင် အဆိုပါ ‘ကွယ်ရာအရပ်များ’ သည်ခရစ်တော်၏အနှစ်တစ်ထောင် အုပ်ချုပ်မှုအောက်တွင် ကျွန်ုပ်တို့ခံစားကြရမည့် ဝိညာဉ်ရေးအကူအညီများစွာကို ကြိုတင်မြည်းစမ်းစေသည်။