ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဘုရားသခင့်နာမတော် ကဲ့ရဲ့ရှုတ်ချခံရခြင်းမှ ကင်းလွတ်ခဲ့
ဘုရားသခင့်စကားတော် သမ္မာကျမ်းစာက ဤသို့ဆိုသည်– “သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ၊ ဘုရားသခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌၊ သင်တို့၏ကောင်းသောအကျင့်ကို သူတို့သည်ထောက်ရှု၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။” (၁ ပေတရု ၂:၁၂) သို့ဖြစ်၍ ခရစ်ယာန်စစ်များသည် ယေဟောဝါ၏နာမတော်ကို ကဲ့ရဲ့ရှုတ်ချစရာမဖြစ်စေရန် အမူအကျင့်ကောင်းကို ကြိုးစားထိန်းသိမ်းထားကြ၏။
စီနန်ဂါဟုခေါ်သော ဇမ်ဘီယာနိုင်ငံရှိဝေးလံသည့်ဒေသတစ်ခုတွင် ကျောင်းဆရာတစ်ဦးသည် မိမိအိမ်မှရေဒီယိုတစ်လုံး အခိုးခံလိုက်ရသည်။ ထိုရပ်ကွက်တွင် ယေဟောဝါသက်သေများ ဟောပြောခဲ့ကြရာ သူတို့ကိုစွပ်စွဲခဲ့၏။ ခိုးမှုကို ရဲစခန်းတွင်တိုင်ကြားခဲ့ကာ မိမိ၏ရေဒီယိုကို ယေဟောဝါသက်သေများ ခိုးယူသွားကြောင်း စွပ်စွဲသည်။ ယေဟောဝါသက်သေများသည် မိမိအိမ်သို့ရောက်ခဲ့ကြောင်း သက်သေအဖြစ် ကြမ်းခင်းပေါ် သူတွေ့ရှိခဲ့သည့် ဝေစာတစ်စောင်ကို တင်ပြခဲ့သည်။ သို့သော်လည်း ရဲက သူ၏စကားကိုမယုံခဲ့ချေ။ ပြန်၍ပိုပြီးစေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးရန် သူတို့က အကြံပေးခဲ့သည်။
၎င်းကျောင်းဆရာ၏အိမ်ပတ်ဝန်းကျင်တွင် ထိုနေ့ရက်၌ အမှုဆောင်ခဲ့ကြသောသက်သေခံများသည် အဆိုပါကိစ္စအကြောင်း ကျောင်းဆရာနှင့် သွားရောက်ပြောဆိုကြရန် အကြီးအကဲများအဖွဲ့က သူတို့ကို အားပေးတိုက်တွန်းခဲ့၏။ ညီအစ်ကိုအချို့ သွားရောက်ခဲ့ကြပြီး မိမိတို့သည် ယေဟောဝါ၏နာမတော် ကဲ့ရဲ့ရှုတ်ချခံရမှုကိုရှင်းလင်းလိုကြောင်း သူ့ကိုရှင်းပြသည်။ ဆွေးနွေးပြောဆိုကြစဉ် မိမိတို့သည် သူ၏အိမ်တွင် လူငယ်တစ်ယောက်ကိုတွေ့ဆုံခဲ့ပြီး ထိုသူငယ်အား ဝေစာတစ်စောင်ပေးခဲ့ကြောင်း ပြောပြခဲ့ကြသည်။ သူတို့ဖော်ပြပုံမှ ကျောင်းဆရာသည် ထိုသူကိုမှတ်မိခဲ့သည်။ အမှန်မှာ သူတို့သည် ချာ့ချ်တစ်ခုတည်းမှဖြစ်ကြ၏။ ကျောင်းဆရာသည် ထိုလူငယ်နှင့်ခိုးမှုကိစ္စကိုပြောဆိုခဲ့သော်လည်း သူက ဘူးခံခဲ့၏။ ထို့နောက် ထိုလူငယ်၏မိဘများထံ အဆိုပါကိစ္စကို သွားရောက်ဆွေးနွေးပြီး အိမ်သို့ပြန်လာခဲ့လေသည်။ တစ်နာရီအတွင်းပင် ထိုလူငယ်၏မိခင်သည် ခိုးယူသွားသောရေဒီယိုကို လာပြန်ပို့ပေးခဲ့သည်။
ထိုအခါကျောင်းဆရာသည် ဝမ်းနည်းစွာဖြင့် အကြီးအကဲအဖွဲ့ထံလာပြီး မဟုတ်မမှန်စွပ်စွဲခဲ့သည့်အတွက် ခွင့်လွှတ်ပါရန်တောင်းဆိုခဲ့သည်။ အကြီးအကဲများက သူ၏တောင်းပန်စကားကို လက်ခံခဲ့ကြသော်လည်း သက်သေခံများသည် အပြစ်မဲ့ကြောင်း လူတိုင်းသိရှိစေရန် တွေ့ ရှိချက်ကို လူသိရှင်ကြားဖြစ်စေဖို့ တောင်းဆိုခဲ့ကြ၏။ သို့ဖြစ်၍ စာသင်ကျောင်း၌ ကြေညာပေးခဲ့ရာ ယေဟောဝါ၏နာမတော် ကဲ့ရဲ့ရှုတ်ချမှုမဖြစ်တော့ချေ။ ယေဟောဝါသက်သေများသည် ထိုဒေသတွင် လွတ်လပ်စွာဆက်လက်ဟောပြောနိုင်ခဲ့ကြသည်။
[စာမျက်နှာ ၁၉ ပါ မြေပုံ/ရုပ်ပုံစာ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
အာဖရိက
ဇမ်ဘီယာ
[Credit Line]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.