ဘာသာရေးစည်းလုံးမှု မြင်သာပြီလော
“ကျွန်ုပ်တို့ချာ့ချ်များ၏သမိုင်းတွင် အလွန်အရေးပါသောနေ့ရက်တစ်ရက်ကို ကျွန်ုပ်တို့မြင်တွေ့နေကြပြီ” ဟု လူသာရဲန်ကမ္ဘာ့ဖယ်ဒရေးရှင်းမှဥက္ကဋ္ဌ ခရစ္စရန် ခရုစ်ကပြောခဲ့သည်။ အလားတူ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ ၂ က “ခရစ်ယာန်များကြား စည်းလုံးညီညွတ်မှုအပြည့်ဖြင့် ပြန်လည်တည်ထောင်ရန် လမ်းကြမ်းပေါ်မှ မှတ်တိုင်တစ်ခု” နှင့်ပတ်သက်၍ မြွက်ကြားခဲ့၏။
အပြစ်ဖြေခြင်းဆိုင်ရာ အယူဝါဒနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်ကိုအတည်ပြုရန် အောက်တိုဘာ ၃၁၊ ၁၉၉၉၊ ဂျာမနီ အော့စဘတ်ဂ်မြို့၌ တရားဝင်နှစ်ဦးနှစ်ဖက်သဘောတူထုတ်ပြန်ချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးလိုက်ခြင်းကြောင့် ဤသို့ထုတ်ဖော်ကြေညာကြခြင်းဖြစ်သည်။ အချိန်နှင့် ကျင်းပရာနေရာကို ကောင်းစွာရွေးချယ်ခဲ့ကြသည်။ အောက်တိုဘာ ၃၁၊ ၁၅၁၇ ၌ မာတင်လူသာသည် မိမိ၏အဆိုပြုချက် ၉၅ ချက်ကို ဝင်တာဘာ့ဂ်မြို့ ရဲတိုက်ချာ့ချ်တံခါးပေါ်တွင် ရိုက်ကပ်ထားရာမှ ပရိုတက်စတင့်ခွဲထွက်ပြုပြင်ပြောင်းလဲရေး စတင်ခဲ့သည်ဟု ဆိုစမှတ်ပြုခဲ့၏။ အမှန်မှာ အော့စဘတ်ဂ်မြို့သည် ၁၅၃၀ ပြည့်နှစ်တွင် လူသာရဲန်တို့က ကက်သလစ်ချာ့ချ်မှငြင်းပယ်ထားသော မိမိတို့၏အခြေခံအယူဝါဒဖြစ်သည့် အော့စဘတ်ဂ်ယုံကြည်ခြင်းဝန်ခံချက်ကို တင်ပြရာမှ ပရိုတက်စတင့်ဝါဒီနှင့် ကက်သလစ်ဝါဒီတို့ ရင်ကြားစေ့၍မရနိုင်သောစိတ်ဝမ်းကွဲမှုဖြစ်ခဲ့သည့်နေရာဖြစ်သည်။
အဆိုပါပူးတွဲကြေညာချက်သည် ပြောဆိုခဲ့ကြသကဲ့သို့ ချာ့ချ်၏စိတ်ဝမ်းကွဲပြားမှုကို ကျော်လွှားအနိုင်ယူရေးအတွက် နောက်ဆုံးခြေလှမ်း တစ်ရပ်ဖြစ်လိမ့်မည်လော။ အဖွဲ့သားအားလုံးက အပြုသဘောချည်းမြင်ကြသည်မဟုတ်။ ၂၅၀ ကျော်သောပရိုတက်စတင့်ဘာသာရေးသမားများက ဆန့်ကျင်သောလျှောက်လွှာတစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ကက်သလစ်ချာ့ချ်၏လွှမ်းမိုးလာခြင်းကို တိုက်ဖျက်ရန် သတိပေးခဲ့ကြ၏။ ၂၀၀၀ ပြည့်နှစ်ကို အထူးလွတ်ငြိမ်းချမ်းသာခွင့်နှစ်ဖြစ်ကြောင်း ကက်သလစ်ချာ့ချ်က ကြေညာလိုက်သည့်အခါ ပရိုတက်စတင့်တို့မှာ ဒေါသထွက်ကြလေသည်၊ ထိုဘာသာရေးထုံးတမ်းကြောင့်ပင် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ခန့်က စိတ်ဝမ်းကွဲမှုဖြစ်ခဲ့ရသည်။ ထို့ပြင် အော့စဘတ်ဂ်ယုံကြည်ခြင်းဝန်ခံချက်နှင့် ထရင့်တ်ကောင်စီမှထွက်ပေါ်လာသည့် ကက်သလစ်တို့၏ငြင်းပယ်ချက် နှစ်ရပ်စလုံးကို ခံယူထားကြဆဲဖြစ်ရာ သွေးစည်းညီညွတ်ဖို့ စိတ်ချရန်မှာ အလွန်အလှမ်းဝေးနေသည်။
ခရစ်ယာန်ဘောင်အတွင်း ကွဲပြားမှုနှင့် သဘောမညီညွတ်မှုတို့ကို ရင်ကြားစေ့ပေးနိုင်ရန်မှာ မည်သည့်ပူးတွဲကြေငြာချက်ကိုမဆို လက်မှတ်ရေးထိုးခြင်းထက်မက သာ၍လိုအပ်ပါသည်။ ထိုထက်ကား ယုံကြည်ခြင်း၌စည်းလုံးညီညွတ်ရေးမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကို ခိုင်မြဲစွာအခြေခံထားသောယုံကြည်ချက်များပေါ် လုံးလုံးလျားလျားမူတည်သည်။ (ဧဖက် ၄:၃-၆) စစ်မှန်သောစည်းလုံးမှုသည် အပေးအယူလုပ်ခြင်းအားဖြင့်မဟုတ်ဘဲ ကျွန်ုပ်တို့ထံ ဘုရားသခင်တောင်းဆိုထားရာကို သင်ယူခြင်းနှင့် လုပ်ဆောင်ခြင်းတို့ ဖြင့်သာ ရရှိသည်။ “လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သောဘုရား၏နာမကိုခိုလှုံလျက် ကျင့်နေတတ်ကြ၏။ ငါတို့မူကား ကိုယ်ဆိုင်သောဘုရားသခင် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက်ကျင့်နေကြမည်” ဟုသစ္စာရှိပရောဖက်မိက္ခာက ကြွေးကြော်ခဲ့သည်။—မိက္ခာ ၄:၅။
[Picture Credit Line on page 32]
© Ralph Orlowski/REUTERS/Archive Photos