ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ယေဟောဝါကိုချစ်မြတ်နိုးသူများ ကိုယ်တော်အတွက် အဖိုးထိုက်
လက်ဘနွန်သည် ကျမ်းစာခေတ်ကတည်းက ၎င်း၏သယံဇာတပစ္စည်းများကြောင့် ကျော်ကြားခဲ့သည်။ (ဆာလံ ၇၂:၁၆; ဟေရှာယ ၆၀:၁၃) အထူးသဖြင့် ၎င်း၏ခန့်ညားထည်ဝါသော အာရဇ်ပင်များကို လှပခြင်း၊ ရနံ့မွှေးခြင်းနှင့် ကြာရှည်ခိုင်ခံ့ခြင်းတို့အတွက်ကြောင့် ဆောက်လုပ်ရေးပစ္စည်းအဖြစ် လူကြိုက်များပြီး အလွန်တန်ဖိုးထားခဲ့ကြသည်။ ပထမရာစုတွင် ထိုထက်ပို၍အဖိုးထိုက်သော အရာတစ်ခု လက်ဘနွန်မှပေါ်ထွက်ခဲ့သည်။ လက်ဘနွန်၏ ရှေးကျသောနယ်မြေတွင်ရှိသည့် တုရုမြို့နှင့် ဇိဒုန်မြို့မှ “လူများအပေါင်းတို့သည် [ယေရှု] ပြုတော်မူသမျှကိုကြားလျှင် အထံတော်သို့လာကြ၏” ဟုမာကုခရစ်ဝင်ကျမ်းက မှတ်တမ်းတင်ထားသည်။—မာကု ၃:၈။
အလားတူ ယနေ့လည်း လက်ဘနွန်တွင် ယေဟောဝါရှေ့တော်၌ အလွန်အဖိုးထိုက်သည့်အသီးများ ဆက်သီးပွင့်လျက်ရှိသည်။ အောက်ပါတွေ့ ကြုံမှုများက ယင်းကိုပေါ်လွင်စေသည်။
• ဝိုင်စမ်အမည်ရှိ သက်သေခံလူငယ်တစ်ဦးသည် ကျောင်း၌ သူ၏အတန်းတွင် မိနစ်-၃၀ ဟောပြောခွင့်ရသည်။ ဝိုင်စမ်သည် ယင်းကို သက်သေခံရန် အခွင့်ကောင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူသည် အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်ကိုသုံး၍ ဖန်ဆင်းခြင်းအကြောင်း ဟောပြောချက်တစ်ခု ပြင်ဆင်ခဲ့သည်။ သို့သော် ဝိုင်စမ်၏ဆရာသည် အကြောင်းအရာကိုတွေ့သောအခါ ၎င်းသည် အလွန်အရေးကြီးသည့်အကြောင်းဖြစ်သောကြောင့် ဝိုင်စမ်အနေနှင့် သူ၏ဟောပြောချက်ကို ၄၅ မိနစ်အထိ အချိန်တိုးယူနိုင်ကြောင်း ပြောခဲ့သည်။
ဟောပြောချက်ကို ဝိုင်စမ် စတင်ပြောသောအခါ သူ၏ဆရာက ရပ်ခိုင်းပြီး ကျောင်းအုပ်ကြီးကို မှာလိုက်သည်။ မကြာမီ ကျောင်းအုပ်ကြီးရောက်လာပြီး ဝိုင်စမ်သည် ပြန်စပြောခဲ့ရသည်။ ဟောပြောချက်၏နိဒါန်းတွင် ဝိုင်စမ်ထုတ်သည့်မေးခွန်းများကို သူနားထောင်နေစဉ် ကျောင်းအုပ်သည် စိတ်လှုပ်ရှားလာကာ ၎င်းဟောပြောချက်၏ မိတ္တူကို ကျောင်းသားအားလုံးရသင့်သည်ဟု ပြောခဲ့သည်။
ခဏအကြာတွင် အတန်းရှေ့ဖြတ်သွားသည့် အခြားဆရာတစ်ယောက်သည် စာသင်ခန်းမှ စိတ်လှုပ်ရှားမှုကို သတိပြုမိပြီး အဘယ်အရာဖြစ်ပျက်နေကြောင်း မေးမြန်းခဲ့သည်။ သူ့ကိုပြောပြသောအခါ သူက ဝိုင်စမ်သည် ဖန်ဆင်းခြင်းကို သက်သေပြရန်ကြိုးစားခြင်းလော၊ ဆင့်ကဲဖြစ်စဉ်ကိုလောဟု မေးခဲ့သည်။ “ဖန်ဆင်းခြင်း” ဟုဖြေခဲ့သည်။ ဝိုင်စမ်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်း ဆရာသိရှိသောအခါ အတန်းသားများကို သူက “သိပ္ပံပညာဟာ ဆင့်ကဲဖြစ်စဉ်ကိုမဟုတ်ဘဲ ဖန်ဆင်းခြင်းကိုထောက်ခံတယ်ဆိုတာကို သူ့ဟောပြောချက်ကနေ မင်းတို့သိရလိမ့်မယ်” ဟုပြောခဲ့သည်။
ဖြစ်ပုံမှာ ထိုဆရာ၌ ဖန်ဆင်းခြင်းစာအုပ်ရှိပြီး တက္ကသိုလ်တွင် ပို့ချရန် ယင်းကိုသူအသုံးပြုနေကြောင်း သိလိုက်ရသည်! မထွက်ခွာခင် သူက ဝိုင်စမ်သည် မိမိ၏အတန်းသားများကို ပြောပြနိုင်ရန် သူ၏တပည့်များနှင့်အတူ နောက်နေ့ပြန်လာ၍ရမရ မေးခဲ့သည်။ ယင်းက ယေဟောဝါအတွက် ကောင်းမွန်သောသက်သေခံချက် နောက်ထပ်တစ်ခုဖြစ်ပေါ်စေခဲ့သည်။
• နှစ်ဆယ့်နှစ်နှစ်အရွယ် နီနာသည် အမှန်တရားရေဆာငတ်နေခဲ့သည်။ တစ်နေ့၌ သူ၏ဝမ်းကွဲတစ်ယောက်က သူ့ကိုကျမ်းစာတစ်အုပ်ပေးပြီး ပင်တီကော့စတယ်လ်ချာ့ချ်နှင့် မိတ်ဆက်ပေးခဲ့သည်။ နီနာသည် ကျမ်းစာကိုနှစ်ခြိုက်အားရစွာဖတ်သောအခါ ခရစ်ယာန်များသည် ဟောပြောရမည်ဖြစ်ကြောင်းကို သူဖတ်သည့်အရာမှသိရှိလာသောကြောင့် သူသိထားရာများကို အသိမိတ်ဆွေများအား စတင်ဟောပြောခဲ့သည်။ သူဟောပြောခဲ့သည့်အကြောင်းကို ကြားသူတိုင်းက “မင်း ယေဟောဝါသက်သေတစ်ယောက်လား” ဟုသူ့ကိုမေးခဲ့သည်။ ထိုအခါ သူစိတ်ရှုပ်ထွေးသွားခဲ့သည်။
ခြောက်နှစ်ကြာပြီးနောက် ယေဟောဝါသက်သေများသည် နီနာ၏အိမ်သို့ရောက်လာပြီး ဘုရားသခင့်နိုင်ငံတော်အကြောင်း ပြောပြသည်။ အစပိုင်း၌ သူတို့၏သွန်သင်ချက်ကို အပြစ်ရှာဖို့ သူကြိုးစားခဲ့သည်။ သို့သော် သူတို့၏အဖြေအားလုံးသည် ကျိုးကြောင်းဆီလျော်ပြီး ကျမ်းစာကိုအခြေခံကြောင်း သူတွေ့ရှိခဲ့ရသည်။
နောက်ဆုံးတွင် နီနာသိလာခဲ့ရသည့် ဘုရားသခင့်နာမတော်မှာ ယေဟောဝါဖြစ်ကြောင်း၊ ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ အစရှိသည်တို့ကြောင့် သူသည် အမှန်တရားကိုတွေ့ ရှိခဲ့ပြီဖြစ်ကြောင်း သေချာစေခဲ့သည်။ သူ၏အသက်တာကို ဘုရားသခင်ထံအပ်နှံပြီး နှစ်ခြင်းခံခဲ့သည်။ နီနာသည် လွန်ခဲ့သည့်ခုနစ်နှစ်အတွင်း အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူအဖြစ် အမှုဆောင်ခဲ့ပြီ။ မှန်ပါသည်၊ ယေဟောဝါသည် ကိုယ်တော်အား အမှန်ချစ်သူများကို ကောင်းချီးပေးတော်မူသည်။—၁ ကောရိန္သု ၂:၉။