“ယဇ်ပလ္လင်တော်ကို လှည့်ပတ်လျက်နေပါမည်၊ အိုယေဟောဝါ”
“အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ်ကင်းခြင်းနှင့်ဆေး၍ ယဇ်ပလ္လင်တော်ကို လှည့်ပတ်လျက်နေပါမည်၊ အိုယေဟောဝါ။” (ဆာလံ ၂၆:၆၊ ကဘ) ဤစကားများဖြင့် ရှေးခေတ် ဒါဝိဒ်မင်းကြီးသည် ယေဟောဝါထံ သူ၏ဆည်းကပ်ဝတ်ပြုမှုကို ကြွေးကြော်ခဲ့သည်။ သို့သော် ယေဟောဝါ၏ယဇ်ပလ္လင်တော်ကို သူအဘယ်ကြောင့် “လှည့်ပတ်” နေရမည်ဖြစ်ပြီး အဘယ်သဘောဖြင့်နည်း။
ဒါဝိဒ်အတွက် ယေဟောဝါ့ဝတ်ပြုရေး၏ဗဟိုမှာ ကြေးဝါပြားဖုံးအုပ်ထားသောယဇ်ပလ္လင်ရှိရာ တဲတော်ဖြစ်သည်၊ ၎င်းတဲတော်သည် သူစိုးစံစဉ်အတွင်း ယေရုရှလင်မြို့မြောက်ဘက် ဂိဗောင်မြို့တွင်တည်ရှိခဲ့သည်။ (၃ ဓမ္မရာဇဝင် ၃:၄) ယဇ်ပလ္လင်သည် ခုနစ်စတုရန်းပေခန့်မျှသာရှိရာ ရှောလမုန်ဗိမာန်တော်တံတိုင်းအတွင်း တည်ဆောက်မည့် ခမ်းနားတင့်တယ်သောယဇ်ပလ္လင်ထက် များစွာငယ်၏။a သို့တိုင် ဒါဝိဒ်သည် တဲတော်နှင့် ၎င်း၏ယဇ်ပလ္လင်ကို များစွာနှစ်သက်ခဲ့ကာ ယင်းသည် ဣသရေလနိုင်ငံတွင် စင်ကြယ်သောဝတ်ပြုရေး၏ဗဟိုဖြစ်သည်။—ဆာလံ ၂၆:၈။
မီးရှို့ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာနှင့် အပြစ်ဖြေရာပူဇော်သကာများကို ဤယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရပြီး နှစ်ပတ်လည်အပြစ်ဖြေရာနေ့တွင် ထိုလူမျိုးအတွက်ပူဇော်သော ယဇ်ကောင်များကို အထူးပူဇော်ရသည်။ ထိုယဇ်ပလ္လင်နှင့် ၎င်း၏ပူဇော်သကာများသည် ယနေ့အချိန်တွင် ခရစ်ယာန်များအတွက် အဓိပ္ပာယ်ရှိသည်။ တမန်တော်ပေါလုက ထိုယဇ်ပလ္လင်သည် ဘုရားသခင်၏အလိုတော်ကို တင်စားကြောင်း ရှင်းပြခဲ့သည်၊ ထိုအလိုတော်နှင့်အညီ လူသားထုကိုရွေးနုတ်ဖို့ သင့်တော်သောပူဇော်သကာကို ကိုယ်တော်လက်ခံတော်မူသည်။ ပေါလုက ဤသို့ဆို၏– “ထို ‘အလိုတော်’ နှင့်အညီ ယေရှုခရစ်၏ကိုယ်တော်ကို တစ်ခါတည်းပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။”—ဟေဗြဲ ၁၀:၅-၁၀။
ယဇ်ပုရောဟိတ်များသည် ယဇ်ပလ္လင်တွင်အမှုဆောင်ကြတော့မည့်အခါ မိမိတို့ကိုယ်ကိုသန့်ရှင်းစေရန် ထုံးစံအတိုင်း လက်ဆေးကြောကြသည်။ ထို့ကြောင့် သင့်လျော်စွာပင် ဘုရင်ဒါဝိဒ်သည် ‘ယဇ်ပလ္လင်ဝန်းကျင်တွင် မလျှောက်လှမ်းမီ’ “အပြစ်ကင်း” စေရန် မိမိ၏လက်များကိုဆေးကြောခဲ့သည်။ သူသည် “ဖြောင့်မတ်စုံလင်သောစိတ်သဘောနှင့်” ကျင့်ကြံခဲ့သည်။ (၃ ဓမ္မရာဇဝင် ၉:၄) ဤနည်းအတိုင်း လက်ကိုမဆေးကြောခဲ့ပါက သူ၏ဝတ်ပြုကိုးကွယ်မှု—‘ယဇ်ပလ္လင်ဝန်းကျင်တွင် သူလျှောက်လှမ်းခြင်း’—သည် လက်ခံတော်မူဖွယ်ဖြစ်မည်မဟုတ်။ မှန်ပါ၏၊ ဒါဝိဒ်သည် လေဝိအမျိုးသားမဟုတ်သဖြင့် ယဇ်ပလ္လင်တွင် ယဇ်ပုရောဟိတ်တာဝန်ထမ်းဆောင်ခွင့် မရှိပေ။ ဘုရင်တစ်ပါးဖြစ်သော်လည်း တဲတော်၏တံတိုင်းတော်အတွင်း ဝင်ခွင့်ပင်မရခဲ့ချေ။ သို့တိုင် သူသည် သစ္စာရှိဣသရေလလူမျိုးတစ်ဦးအဖြစ် မောရှေပညတ်ကိုနာခံကာ မိမိ၏ပူဇော်သကာများကို ပေးဆက်ရန်အတွက် ယဇ်ပလ္လင်သို့ မှန်မှန်ယူဆောင်သွားခဲ့သည်။ သူသည် စင်ကြယ်သောဝတ်ပြုရေးကိုဗဟိုပြုပြီး အသက်ရှင်ခြင်းအားဖြင့် ယဇ်ပလ္လင်ဝန်းကျင်တွင် လျှောက်လှမ်းခဲ့ပါသည်။
ဒါဝိဒ်၏စံနမူနာအတိုင်း ယနေ့ ကျွန်ုပ်တို့လိုက်လျှောက်နိုင်ကြပါသလော။ လိုက်လျှောက်နိုင်ကြပါသည်။ ကျွန်ုပ်တို့သည်လည်း ယေရှု၏ပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြကာ ‘သန့်ရှင်းသောလက်နှင့် ဖြူစင်သောနှလုံး’ ဖြင့် ယေဟောဝါအမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ဆောင်ရွက်ကြမည်ဆိုလျှင် အပြစ်ကင်းစင်ခြင်း၌ ကျွန်ုပ်တို့၏လက်ကိုဆေးကြောကာ ဘုရားသခင်၏ယဇ်ပလ္လင်ကို လှည့်ပတ်နေနိုင်ကြပါသည်။—ဆာလံ ၂၄:၄။
[အောက်ခြေမှတ်ချက်များ]
a ထိုယဇ်ပလ္လင်သည် စတုရန်းပေ ၃၀ ခန့်ရှိသည်။
[စာမျက်နှာ ၂၃ ပါပုံစာ]
ယဇ်ပလ္လင်သည် ယေဟောဝါ၏အလိုတော်ကို ပုံတင်ပြသည်၊ ယင်းအားဖြင့် လူတို့ကိုရွေးနုတ်ရန်အတွက် တော်မှန်သော ပူဇော်သကာကို ကိုယ်တော်လက်ခံတော်မူသည်