နယူးယောက်မြို့နှင့် စပ်လျဉ်း၍ သူလွမ်းဆွတ်သည့်အရာ
အထက်ပါဆိုင်းဘုတ်သည် ၁၉၅၀ ပြည့်လွန်နှစ်များကတည်းက ဘရွတ်ကလင်၊ နယူးယောက်ရှိ ကင်းမျှော်စင်အသင်း၏ စက်ရုံအဆောက်အအုံများအနက် တစ်ခုပေါ်တွင် အထင်အရှားဖော်ပြထားခဲ့သည်။ ခရီးဝေးအလုပ်ဆင်းသူများ၊ ကမ္ဘာလှည့်ခရီးသည်များနှင့် အခြားဖြတ်သန်းသွားလာသူများကို နေ့စဉ် သမ္မာကျမ်းစာဖတ်ရှုရန် သတိပေးလေသည်။ သက်သေခံအမျိုးသမီးငယ်တစ်ဦးထံမှရရှိသော အောက်ဖော်ပြပါစာသည် ဤသတိပေးချက်၏ထိရောက်မှုကို တင်ပြသည်။
“အထက်တန်းကျောင်းပြီးလျှင် အဘယ်အရာကိုလုပ်ကိုင်မည့်အကြောင်း ကျွန်မ၏အတန်းဖော်တစ်ဦးနှင့် ဆွေးနွေးနေခဲ့သည်။ ယေဟောဝါသက်သေများ၏ဌာနချုပ်ဖြစ်သည့် ဗေသလအိမ်အကြောင်း ကျွန်မစပြောဆိုလိုက်သည်နှင့် သူသည် အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူက သူ့ဘဝတစ်လျှောက်လုံး နယူးယောက်မြို့မှာ နေထိုင်ခဲ့ကြောင်း ပြောပြသည်။ သူ၏မိသားစုသည် ဘာသာရေးသိပ်မကိုင်းရှိုင်းခဲ့ကြချေ၊ သို့သော် နံနက်တိုင်း ပြတင်းပေါက်မှအပြင်သို့သူကြည့်လိုက်လျှင် ‘ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါ’ ဟုဆိုသည့် ဆိုင်းဘုတ်ကိုတွေ့ရကြောင်း ပြောပြသည်။ သို့နှင့် နေ့တိုင်းပင် ကျောင်းမသွားမီ သူသည် သူ၏သမ္မာကျမ်းစာကို ဖတ်ရှုလေ့ရှိခဲ့သည်။
“ထိုမြို့မှပြောင်းရွှေ့သွားကြပြီးနောက် နယူးယောက်မြို့ကို သူလွမ်းဆွတ်တမ်းတသောအရာမှာ အိပ်ရာနိုးထတိုင်း သမ္မာကျမ်းစာဖတ်ရန် သတိပေးချက်ကို မတွေ့ရတော့ခြင်းပင်ဖြစ်သည်ဟု သူပြောပြသည်။ သို့သော် ကင်းမျှော်စင်အဆောက်အအုံပေါ်ရှိ ဆိုင်းဘုတ်ကြောင့် သမ္မာကျမ်းစာဖတ်ရှုခြင်းသည် အကျင့်ဓလေ့တစ်ခုဖြစ်လာပြီဖြစ်ရာ သူသည် သမ္မာကျမ်းစာကို နေ့စဉ်ရက်ဆက် ဆက်လက်ဖတ်ရှုနေလေသည်!”
ဘုရားသခင့်နှုတ်မြွက်စကားတော်၏ အပိုင်းတစ်ပိုင်းကို ဖတ်ရှုခြင်းဖြင့် နေ့တစ်နေ့ကိုအစပြုခြင်းထက် သာ၍ကောင်းသော အဘယ်နည်းလမ်းရှိနိုင်မည်နည်း။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင်သည် တမန်တော်ပေါလု၏ ဤစကားများကို အမှန်ပင်တန်ဖိုးထားလေးမြတ်တတ်လာပါလိမ့်မည်– ‘သမ္မာကျမ်းစာသည် . . . ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလိုငှာ သင့်ကို ပညာပေးနိုင်စွမ်း၏။’—၂ တိမောသေ ၃:၁၅-၁၇။