လူသားများ—တိရစ္ဆာန်များထက် အဆင့်မြင့်ရုံမျှသာလော
“အသက်၏မူလအစနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ယုံကြည်ထားရာသည် ထူးခြားမှု တစ်စုံတစ်ရာရှိသလော။”
ဤမေးခွန်းကို ဘရာဇီးနိုင်ငံမှ ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးက “လူသားများ—တိရစ္ဆာန်များထက် အဆင့်မြင့်ရုံမျှသာလော” ဟူသည့် သူ၏ဟောပြောချက်နိဒါန်းတွင် မေးမြန်းခဲ့သည်။ သူ၏ဆရာမဖြစ်သူသည် ထိုအကြောင်းအရာပါသည့် ၁၉၉၈၊ ဇွန် ၂၂ ထုတ်နိုးလော့!မဂ္ဂဇင်း [လိပ်] ကိုရရှိပြီးနောက် ၎င်းမေးခွန်းကို အတန်းရှေ့ဆွေးနွေးတင်ပြရန် သူ့ကိုဖိတ်ခေါ်ခဲ့သည်။
သက်သေခံလူငယ်က သဘာဝရွေးချယ်မှုပေါ်အခြေပြုသော ဆင့်ကဲသွန်သင်ချက်သည် မည်မျှအန္တရာယ်ပြုခဲ့ကြောင်း အသားပေးပြောဆိုခဲ့သည်။ ဥပမာ၊ လူအများက ဆင့်ကဲသီအိုရီသည် လူအချို့ကို စစ်မှုသည် အသက်ဆက်ရှင်ရေးအတွက် ထာဝစဉ်ရုန်းကန်မှု၏ သဘာဝအပိုင်းကဏ္ဍတစ်ခုမျှဖြစ်ကာ ယင်းက ဖက်စစ်ဝါဒနှင့် နာဇီဝါဒဖြစ်ပေါ်လာဖို့ လမ်းခင်းပေးကြောင်း ရှုမြင်စေသည်။
လူသားများနှင့် တိရစ္ဆာန်များသည် အကြီးအကျယ်ခြားနားကြောင်း ထိုကျောင်းသူကတင်ပြခဲ့သည်။ သူကဤသို့ပြောဆိုခဲ့သည်– “လူတွေပဲ ဝိညာဉ်ရေးအရတိုးတက်နိုင်တာ။ လူတွေသာ ဘဝရဲ့အဓိပ္ပာယ်၊ ဘဝရဲ့ရည်ရွယ်ချက်ကို ရှာဖွေဖို့ကြိုးစားကြတယ်။ လူတွေသာ သေခြင်းကြောင့်စိတ်သောကရောက်တာ၊ သူတို့ရဲ့မူလအစကိုစိတ်ဝင်စားပြီး ထာဝစဉ်အသက်ရှင်ချင်ကြတာ။ အချိန်ပေးပြီး ကျွန်မတို့ရဲ့မူလအစကိုပိုသိဖို့ကြိုးစားတာ တကယ်အရေးကြီးတယ်!”
ကောင်းစွာတင်ပြခဲ့ခြင်းကို ဆရာမကချီးမွမ်းခဲ့သည်။ ဤဆယ်ကျော်သက် သက်သေခံလူငယ်လေး၏ အောင်မြင်မှုသည် သူ၏စာဖတ်ဝါသနာကြောင့်ဖြစ်သည်ဟု ဆရာမကအကြောင်းပြခဲ့သည်။ မိန်းမပျိုသည် နိုးလော့!နှင့် ကင်းမျှော်စင်အစရှိသည့် ကျမ်းစာအခြေပြုစာပေစာတမ်းများကို စွဲစွဲလမ်းလမ်းဖတ်ရှုသူတစ်ဦးဖြစ်ကြောင်း ကျောင်းတွင်လူသိများသည်။
ယေဟောဝါသက်သေများသည် လူငယ်တို့၏စိတ်နှလုံး၌ ဆင့်ကဲသီအိုရီ၏ဆိုးကျိုးအတွက်ကြောင့် အမှန်တကယ်စိုးရိမ်နေကြသည်။ ယင်းကြောင့် အဆိုပါမိန်းကလေး၏အသင်းတော်က သက်သေခံလူငယ်များအား သူတို့၏ဆရာ၊ ဆရာမများနှင့် ကျောင်းနေဖက်များကို ၁၉၉၈၊ ဇွန် ၂၂ ထုတ်နိုးလော့!မဂ္ဂဇင်း [လိပ်] တစ်စောင်စီပေးဖို့ တိုက်တွန်းခဲ့သည်။ မြို့တွင်းရှိကျောင်းများတွင် မဂ္ဂဇင်း ၂၃၀ ခန့်ကို ဝေငှခဲ့ကြရ၏။ ကျောင်းတစ်ကျောင်းမှ သိပ္ပံဌာနမှူးတစ်ဦးသည် နိုးလော့!မဂ္ဂဇင်းကို နှစ်စဉ်ကြေးမှာယူခဲ့သည်။
မှန်ပါသည်၊ အသက်၏မူလအစနှင့်ပတ်သက်၍ ကျွန်ုပ်တို့အဘယ်အရာယုံကြည်သည်ကား အရေးကြီး၏! ဤလူငယ်လေးနှင့်သူ့မိတ်ဆွေများသည် ဖန်ဆင်းရှင်ကိုယုံကြည်သည့်အတွက် သူတို့၏အသက်တာဘဝမှာ အမှန်တကယ်ပင် ထူးခြားမှုရှိကြောင်း တင်ပြခဲ့ကြသည်။