“ကျွန်ုပ်တို့၏ အသင်းတော်နယ်ပယ်များကို မည်သို့နိုးထစေနိုင်မည်နည်း”
ပြင်သစ်ကက်သလစ်မဂ္ဂဇင်း ဖမီး ကရေးတီရန် (ခရစ်ယာန်မိသားစု) မှ မကြာမီက မေးခဲ့သောထိုမေးခွန်းသည် လူအများအတွက် အံ့ဩစရာမဟုတ်ပါ။ ချာ့ချ်နယ်ပယ်များကို ဗြိတိန်ဘုန်းတော်ကြီးဟူးမ်က “အိပ်ပျော်နေသည့်ဘီလူးကြီးများ” ဟုပင်ခေါ်ဆိုခဲ့သည်။ ထိုသို့ငိုက်မျဉ်းခြင်းကို ရပ်တန့်စေသည့် နည်းတစ်နည်းအဖြစ် အခြားသူများအားဟောပြောမည့် အသင်းသားအုပ်စုများဖွဲ့ရန် အကြံပြုခဲ့ကြပြီ။ အီတာလျံဘုန်းတော်ကြီးတစ်ပါးက ၎င်းကို “နည်းသစ်များဖြင့် တိုက်ရိုက်ဧဝံဂေလိတရားဟောပြောခြင်း” ဟုခေါ်ဆိုသည်။ အဆိုပါပဏာမဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် ပုပ်ရဟန်းမင်းသည် မကြာသေးမီက တိုက်တွန်းခဲ့သော်လည်း မိမိတို့၏ယုံကြည်ခြင်းကို ဝေမျှရန်လိုသည်ဟု အားလုံးမမြင်ကြချေ။
မကြာသေးမီက မီလန်မြို့မှသင်းထောက် ပီးဂျီ ပေရီးနီးသည် အာဖရိကသို့လည်ပတ်ခဲ့ရာ သီလရှင်တစ်ဦးက သူ့ကိုဤသို့ပြောခဲ့သည်– “ကျွန်မဒီမှာနေတာ အနှစ် ၄၀ ရှိပြီ၊ အာဖရိကယဉ်ကျေးမှုမပျောက်ရအောင် ယေရှုရဲ့နာမည်ကို ဘယ်တော့မှမပြောဘဲနေနိုင်ခဲ့တယ်။” သင်းထောက်က ဤသို့ကောက်ချက်ချသည်– “ကျွန်ုပ်တို့ ယေရှုအကြောင်းမပြောတော့ပါ၊ ယေရှုကိုမဝေမျှတော့ပါ၊ ဝမ်းမြောက်ဖွယ်သတင်းကို မဟောတော့ပါ။” သို့သော် အခြားသူများစွာအတွက် ဟောပြောခြင်းသည် သူတို့ဘဝအသက်တာ၏ အရေးကြီးကဏ္ဍတစ်ရပ်၊ ဝိညာဉ်ရေးအရနိုးကြားနေသည့်နည်းတစ်နည်းဖြစ်ပေသည်။ ပီးဂျီ ပေရီးနီးက ဤသို့ဝန်ခံသည်– “ဈေးမှာ ယေရှုအကြောင်းပြောနေကြသူနှစ်ယောက်၊ ကျမ်းစာအုပ် ချိုင်းကြားညှပ်ထားသူတွေကို တွေ့ဆုံတဲ့အခါ ယေဟောဝါသက်သေတွေပါလားလို့ သင့်ကိုသင်ပြောလိမ့်မယ်!”
လူသန်းပေါင်းများစွာသည် ယေဟောဝါသက်သေများနှင့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဆွေးနွေးရပျော်ကြသည်။ သက်သေခံများသည် သင့်အရပ်တွင်ပင် ကျမ်းစာဆွေးနွေးမှုများစီစဉ်ပေးခဲ့ကြပေမည်။ ပထမရာစု၌ကဲ့သို့ ဤဇွဲရှိသောခရစ်ယာန်များသည် သူတို့၏ယုံကြည်ခြင်းကို အခြားသူတို့အားဝေမျှရန် တစ်ဦးကိုတစ်ဦးတိုက်တွန်းပေးကြသည်။ (ဘုရားသခင့်နိုင်ငံတော်ခန်းမဟုခေါ်သော) သူတို့တွေ့ဆုံကြရာနေရာများသည် ခင်မင်ရင်းနှီးနွေးထွေးသော နေရာများဖြစ်သည်။ ယေဟောဝါသက်သေများစီစဉ်သည့် အစည်းအဝေးတစ်ခုကိုတက်ရောက်၍ ဝိညာဉ်ရေးထုံထိုင်းမှုကို မည်သို့တိုက်လှန်နိုင်ကြောင်း စုံစမ်းကြည့်ပါလေ။