အရေးပါသောထောင်စုနှစ်အတွက် ပြင်ဆင်လော့!
ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုသည် လူ့မိသားစုအတွက် ရေတွက်၍မရနိုင်သော ကောင်းချီးများရရှိစေမည်။ ယေရှု၏မေတ္တာပါသောညွှန်ကြားမှုအောက်တွင် လူသားတို့သည် လက်ရှိဝမ်းနည်းဖွယ်အခြေအနေမှ ဂုဏ်အသရေရှိသည့် စုံလင်သောအခြေအနေသို့ မြှင့်တင်ခံရကြမည်။ သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိမည်ကို စဉ်းစားကြည့်ပါ။ ကျန်းမာဝဖြိုးခြင်း! နံနက်တိုင်း မနေ့ကထက်ပို၍ကောင်းသည့် ကျန်းမာရေးဖြင့် နိုးထလာသည်ဟု မြင်ယောင်ကြည့်ပါ။ ယောက်ျား၊ မိန်းမ၊ ကလေးငယ်သန်းပေါင်းများစွာသည် ထိုပျော်ရွှင်ဖွယ်အချိန်၌ နေထိုင်ဖို့မျှော်လင့်ကြ၏။ ၎င်းကို သူတို့စိတ်ချစွာမျှော်လင့်ကြ၏၊ ၎င်းအတွက် ဆုတောင်းကြ၏။ ဤကောင်းချီးများကို သူတို့ခံစားနိုင်ကြောင်း ကျမ်းစာလေ့လာခဲ့ခြင်းအားဖြင့် သူတို့ယုံကြည်စိတ်ချလာကြသည်။
သို့သော် ယေရှုခရစ်သည် အနှစ်တစ်ထောင်စတင်မအုပ်စိုးမီ မိမိ၏အုပ်စိုးမှုကိုဆန့်ကျင်သူအားလုံးကို မြေကြီးပေါ်မှဖယ်ရှားပစ်ရပေမည်။ ယင်းကို သမ္မာကျမ်းစာ၌ အာမဂေဒုန်ဟုခေါ်သောစစ်ပွဲ၌ ကိုယ်တော်ပြုတော်မူမည်။ (ဗျာဒိတ် ၁၆:၁၅) မြေကြီးပေါ်ရှိခရစ်ယာန်စစ်များသည် ထိုတိုက်ပွဲ၌တိုက်ခိုက်မည်မဟုတ်။ ၎င်းသည် ဘုရားသခင့်စစ်ပွဲဖြစ်၏။ ယင်းစစ်ပွဲသည် ရပ်နယ်ဒေသတစ်ခုတည်း၌ ဖြစ်လိမ့်မည်မဟုတ်ချေ။ ထိုစစ်ပွဲသည် မြေကြီးစွန်းတိုင်ရောက်လိမ့်မည်ဟု သမ္မာကျမ်းစာကဆိုသည်။ ခရစ်တော်၏အုပ်စိုးမှုကို ရန်ဘက်ပြုသူများ အသတ်ခံရကြပါလိမ့်မည်။ တစ်ယောက်မျှလွတ်မြောက်လိမ့်မည်မဟုတ်ချေ။—ယေရမိ ၂၅:၃၃။
ထို့နောက် ယေရှုသည် စာတန်နှင့်သူ၏နတ်ဆိုးများဘက်သို့ အာရုံလှည့်ပါလိမ့်မည်။ ဗျာဒိတ်ကျမ်းရေးသူတွေ့မြင်ခဲ့သည့်မြင်ကွင်းကို မြင်ယောင်ကြည့်ပါ– “ကောင်းကင်တမန် [ယေရှုခရစ်] သည် အနက်ဆုံးသောတွင်း၏သော့နှင့်သံကြိုးကြီးကိုကိုင်လျက်၊ ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ . . . စာတန်တည်းဟူသောနဂါးကို ကိုင်ဖမ်း၍၊ အနှစ်တစ်ထောင်ဖို့ချည်နှောင်လေ၏။” (ဗျာဒိတ် ၂၀:၁၊ ၂) ထို့နောက် စာတန်နှင့်သူ၏နတ်ဆိုးများသည် ထာဝရဖျက်ဆီးခြင်းကို ခံရကြပါလိမ့်မည်။—မဿဲ ၂၅:၄၁။
“အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်း [“လူအုပ်ကြီး၊” ကဘ]” သည်အာမဂေဒုန်ကိုကပ်ကျော်ကြမည်။ (ဗျာဒိတ် ၇:၉) သိုးထိန်းတစ်ဦးသည် မိမိ၏သိုးများကို အသက်ကယ်သည့်ရေရှိရာသို့ ပို့ဆောင်သကဲ့သို့ ခရစ်တော်သည် “အသက်စမ်းရေတွင်း” မှ အကျိုးအပြည့်အဝရယူရန် လမ်းညွှန်ပေးပါလိမ့်မည်။ (ဗျာဒိတ် ၇:၁၇) ဝိညာဉ်ရေးတိုးတက်မှုတွင် စာတန်နှင့်သူ၏နတ်ဆိုးများ၏ တားဆီးမှုမခံရသည့် အာမဂေဒုန်ကပ်ကျော်သော ဤသူများသည် မိမိတို့၏အပြစ်ပြုလိုသောဉာဉ်ဆိုးများကိုကျော်လွှား၍ နောက်ဆုံးတွင် စုံလင်ခြင်းသို့ရောက်သည့်တိုင် တဖြည်းဖြည်းအထောက်အကူပြုခံရကြပါလိမ့်မည်!
ခရစ်တော်၏အုပ်ချုပ်မှုအောက်တွင် စားဝတ်နေရေးအခြေအနေ မှန်မှန်တိုးတက်လာလိမ့်မည်။ နာကျင်မှု၊ ဝမ်းနည်းမှုဖြစ်စေသည့်အရာဟူသမျှကို ယေရှုခရစ်တော်မှတစ်ဆင့် ယေဟောဝါဘုရားသခင်ဖယ်ရှားပေးပါမည်။ ကိုယ်တော်သည် “သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။” (ဗျာဒိတ် ၂၁:၄) ပရောဖက်ဟေရှာယက ဤသို့ဆို၍ အပြည့်အစုံရုပ်လုံးဖော်လိုက်သည်– “ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်းနှင့် လွတ်ကြလိမ့်မည်။ ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ခုန်ကြလိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။” (ဟေရှာယ ၃၅:၅၊ ၆) သေလွန်သောသူ “အကြီးအငယ်တို့” သည်လည်း မည်သည့်အခါမျှမသေတော့မည့် မျှော်လင့်ချက်ဖြင့် အသက်ပြန်ရှင်လာကြလိမ့်မည်။—ဗျာဒိတ် ၂၀:၁၂။
အာမဂေဒုန်ကိုကပ်ကျော်မည့် “လူအုပ်ကြီး” သည်ယခုပင်စုသိမ်းခံနေရ၏။ ဤသူတို့သည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွက် အသင့်ပြင်ဆင်နေကြသည်။ ထိုအုပ်ချုပ်မှုသည် အဘယ်အချိန်၌စတင်မည်ကို သူတို့မသိကြသော်လည်း ဘုရားသခင်သတ်မှတ်ထားချိန်၌ ရောက်ရှိလာလိမ့်မည်ကို သူတို့ယုံကြည်စိတ်ချကြ၏။ အသင်သည် သူတို့တွင်ပါဝင်နိုင်သည်၊ သို့သော် သင်သည် သင့်ပိုင်ဆိုင်ရာများကိုရောင်းချ၍ ရပ်နယ်ဒေသတစ်ခုသို့သွားခြင်းဖြင့်မဟုတ်ဘဲ သမ္မာကျမ်းစာကိုလေ့လာခြင်းမှ ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်ရည်ရွယ်ချက်များဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို ဆည်းပူးခြင်းဖြင့် အသင့်ပြင်ဆင်ရမည်။ အခမပေးရဘဲ၊ ပြန်လည်လုပ်ဆောင်ပေးရမည့် အဘယ်ဝတ္တရားမျှမရှိဘဲ သင်နှင့်သင့်မိသားစုသည် ကျမ်းစာလေ့လာခြင်းမှ မည်သို့အကျိုးရရှိနိုင်ကြောင်းကို ယေဟောဝါသက်သေများက ဝမ်းသာအားရစွာဖြင့် တင်ပြပါလိမ့်မည်။ ဤမဂ္ဂဇင်းထုတ်ဝေသူများက နောက်ထပ်အချက်အလက်များကို ဖော်ပြပေးလိုကြသည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
အနှစ်တစ်ထောင်—စာသားအရလော၊ ပုံဆောင်သဘောအရလော
ဗျာဒိတ်ကျမ်းအများအပြားကို ပုံဆောင်စကားဖြင့်ရေးသားထားရာ မေးခွန်းတစ်ခုပေါ်လာသည်။ ဗျာဒိတ်ကျမ်း၌ဖော်ပြထားသော ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုကကော အသို့နည်း။ ၎င်းသည် စာသားအရ၊ သို့မဟုတ် ပုံဆောင်သဘောအရ ကာလတစ်ခုလော။
ပကတိအနှစ်တစ်ထောင်ကာလကို ဆိုလိုကြောင်းအချက်တိုင်းကဖော်ပြသည်။ စဉ်းစားကြည့်ပါ– တမန်တော်ပေါလုသည် လူသားတို့ကိုတရားစီရင်မည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်စိုးမှုကို နေ့ရက်တစ်ရက်အဖြစ် ရည်ညွှန်းခဲ့သည်။ (တမန်တော် ၁၇:၃၁; ဗျာဒိတ် ၂၀:၄) တမန်တော်ပေတရုက ယေဟောဝါမှာ ကာလတစ်ရက် (၂၄ နာရီ) သည် အနှစ်တစ်ထောင်ကဲ့သို့ဖြစ်ကြောင်း ရေးသားခဲ့သည်။ (၂ ပေတရု ၃:၈) ယင်းက ဤတရားစီရင်ရာ “နေ့ရက်” သည် ပကတိအနှစ်တစ်ထောင်ကြာရှည်ကြောင်း ထင်ရှားစေသည်။ ထို့ပြင် ဗျာဒိတ် ၂၀:၃၊ ၅-၇ တွင် “ထောင်စုနှစ်တစ်ခု” ဟုမဆိုဘဲ “အနှစ်တစ်ထောင်” ဟုလေးကြိမ်ဖတ်ရသည်။ ယင်းက အချိန်ကာလအတိအကျကို ဖော်ပြဟန်ရှိသည်။