သင်မှတ်မိသလော
များမကြာမီက ထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များသည် သင့်အတွက် လက်တွေ့ကျတန်ဖိုးရှိကြောင်း တွေ့ ရှိခဲ့ပါသလော။ သို့ဆိုလျှင် အောက်ပါမေးခွန်းများဖြင့် သင့်မှတ်ဉာဏ်ကို စစ်ဆေးကြည့်ပါ။
◻ အလုပ်အကိုင်နှင့်ပတ်သက်၍ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရမည့် ခရစ်ယာန်များကို အဘယ်မေးခွန်းနှစ်ခုက အကူအညီဖြစ်စေခဲ့သနည်း။
ပထမအဓိကမေးခွန်းမှာ– သမ္မာကျမ်းစာတွင် ထိုလောကအလုပ်ကိုပြစ်တင်ရှုတ်ချထားပါသလော။ ဒုတိယမေးခွန်းမှာ– ဤအလုပ်ကိုလုပ်ကိုင်ခြင်းဖြင့် ပြစ်တင်ရှုတ်ချထားသောအကျင့်တွင် ကြံရာပါတစ်ဦးဖြစ်စေမည်လော။—၄/၁၅၊ စာမျက်နှာ ၂၈။
◻ မည်သည့်နည်းဖြင့် ‘လူသားဖန်ဆင်းခြင်းသည် အချည်းနှီးသို့ရောက်ခဲ့’ ရသနည်း။ (ရောမ ၈:၂၀)
ကနဦးမိဘများဖြစ်သော အာဒံနှင့်ဧဝ၏လုပ်ရပ်ကြောင့် ကျွန်ုပ်တို့သည် “အချည်းနှီးသို့” ရောက်ကြရသည်။ ဤသို့ဖြစ်ခဲ့ရခြင်းသည် “အလိုလိုမဟုတ်” သို့မဟုတ် ကိုယ်တိုင်ရွေးချယ်သောကြောင့်မဟုတ်ပါ။ ၎င်းကို ကျွန်ုပ်တို့အမွေခံခဲ့ကြရခြင်းဖြစ်သည်။ ယခု ကျွန်ုပ်တို့၏ကနဦးမိဘများသည် မစုံလင်မှု၊ အပြစ်နှင့်သေခြင်းတို့ကိုသာ လက်ဆင့်ကမ်းပေးနိုင်ခဲ့ကြသော်လည်း ယေဟောဝါသည် ကရုဏာရှိစွာဖြင့် သူတို့ကို သားသမီးမွေးဖွားခွင့်ပေးခဲ့သည်။ ထိုနည်းအားဖြင့် လူအပေါင်းတို့သည် သေခြင်းသို့ရောက်ရကြရာ ဤသဘောမျိုးဖြင့် ဘုရားသခင်သည် ‘ဖန်ဆင်းခြင်းကို အချည်းနှီးသို့ရောက်’ စေ၏။—၅/၁၊ စာမျက်နှာ ၅။
◻ အနာဂတ်တွင် “ရွံရှာဖွယ်အရာ” သည် ‘သန့် ရှင်းရာအရပ်၌စိုက်နေ’ လိမ့်မည်ဟုဆိုခြင်းသည် အဘယ်ကြောင့် ဆင်ခြင်တုံတရားနှင့်ညီသနည်း။ (မဿဲ ၂၄:၁၅)
ရှေးခေတ်ကအဖြစ်အပျက်တွင် ‘သန့်ရှင်းရာအရပ်၌ စိုက်နေသောရွံရှာဖွယ်အရာ’ သည် စီ.အီး. ၆၆ တွင်ဗိုလ်ချုပ်ဂဲလပ်စ်လက်အောက်ရှိ ရောမတိုက်ခိုက်မှုနှင့်ဆက်စပ်ခဲ့သည်။ ထိုတိုက်ခိုက်မှုနှင့်ဆင်တူသော မျက်မှောက်ခေတ်တိုက်ခိုက်မှု—ကြီးစွာသောဆင်းရဲခြင်း ဖြစ်ပျက်မှု—သည် ရှေ့တွင်ရှိနေဆဲဖြစ်၏။ (မဿဲ ၂၄:၂၁) ထို့ကြောင့် “ဖျက်ဆီးတတ်သောရွံရှာဖွယ်အရာ” သည်သန့်ရှင်းရာအရပ်၌ စိုက်ရဦးမည့်ပုံရှိသည်။—၅/၁၊ စာမျက်နှာ ၁၆၊ ၁၇။
◻ အလုပ်လုပ်ရသောဖခင်နှင့်မိခင်တို့သည် မိမိတို့၏သားသမီးများအတွက် အချိန်ကို မည်သို့ ရှာယူ၍ပေးရမည်နည်း။
တစ်နေ့တာလုပ်ငန်းပြီးသောအခါ ခြေကုန်လက်ပန်းကျသွားသည့် အလုပ်လုပ်ရသောမိခင်သည် မိမိနှင့်အတူချက်ပြုတ်ရန် သားသမီးများ၏အကူအညီကိုတောင်းဆိုနိုင်ပါသည်။ သတ္တပတ်အကုန်ရက်များတွင် လုပ်ကိုင်စရာများသည့်ဖခင်သည် အလုပ်အချို့ကို သားသမီးများနှင့်အတူ ပြုလုပ်နိုင်သည်။—၅/၁၅၊ စာမျက်နှာ ၆။
◻ ‘ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်း’ သူတို့သည် အဘယ်အရာကို လုပ်ဆောင်ရမည်နည်း။ (ယေရမိ ၇:၂၃)
ယေဟောဝါ၏လမ်းစဉ်၌ လျှောက်လှမ်းရန် သစ္စာစောင့်သိခြင်း—ကိုယ်တော်တစ်ပါးတည်းကိုသာဝတ်ပြုရန် စိတ်ပိုင်းဖြတ်ခြင်း—လိုသည်။ ယုံကြည်ကိုးစားမှု—ယေဟောဝါ၏ကတိတော်များသည် စိတ်ချနိုင်ပြီး အမှန်ဖြစ်လာမည်ဟု အကြွင်းမဲ့ယုံကြည်ခြင်း—ရှိဖို့လိုသည်။ ယေဟောဝါ၏လမ်းစဉ်၌လျှောက်လှမ်းရန် နာခံမှု—ကိုယ်တော့်ပညတ်များကို သွေဖည်ခြင်းမရှိ လိုက်လျှောက်ခြင်းနှင့် ကိုယ်တော့်မြင့်မြတ်သောစံနှုန်းများကို စောင့်ထိန်းခြင်း—ရှိရမည်။ (ဆာလံ ၁၁:၇)—၅/၁၅၊ စာမျက်နှာ ၁၄။
◻ “လူတို့တွင်ဆုလာဘ်များ” ကျေပွန်စွာဆောင်ရွက်နိုင်သည့် အရေးကြီးသောတာဝန်လေးရပ်ကား အဘယ်နည်း။ (ဧဖက် ၄:၈)
ကျွန်ုပ်တို့ကို နူးညံ့စွာတည့်မတ်ပေးခြင်း၊ မေတ္တာပါစွာတည်ဆောက်ပေးခြင်း၊ အသင်းတော်နှင့် ကျွန်ုပ်တို့စည်းလုံးစေရန် ထိန်းသိမ်းပေးခြင်းနှင့် ရဲရင့်စွာကာကွယ်ပေးခြင်းတို့ကို သူတို့ပြုလုပ်ပေးနိုင်ကြသည်။ (ဧဖက် ၄:၁၂-၁၄)—၆/၁၊ စာမျက်နှာ ၁၄။
◻ တမန်တော်ကျမ်းနှင့် ပေါလု၏စာများတွင် ဖော်ပြထားသော အယောက်တစ်ရာခန့်နှင့် သူ၏ပေါင်းသင်းမှုမှ ကျွန်ုပ်တို့အဘယ်အရာသိနိုင်သနည်း။
ကျွန်ုပ်တို့သည် ဘုရားသခင့်အဖွဲ့အစည်းနှင့်လည်းကောင်း၊ ဒေသခံအသင်းတော်နှင့်လည်းကောင်း၊ ယုံကြည်သူချင်းများနှင့်လည်းကောင်း အစဉ်လုပ်ဆောင်သွားသင့်သည်။ သာယာချမ်းမြေ့သောအချိန်နှင့် ဒုက္ခရောက်ချိန်တို့တွင် သူတို့၏အကူအညီ၊ ထောက်ပံ့မှုနှင့် နှစ်သိမ့်မှုတို့ကို ကျွန်ုပ်တို့လိုအပ်ကြသည်။—၆/၁ စာမျက်နှာ ၃၁။
◻ ဖန်ဆင်းရှင်အကြောင်း အခြားသူများကို စဉ်းစားစေရန် ကူညီပေးရာတွင် ဆင်ခြင်သုံးသပ်စရာအဘယ်အချက်သုံးချက်ကို အသုံးပြုမည်နည်း။
ကြီးမားကျယ်ပြောသော စကြဝဠာတွင် ထင်ပေါ်သည့်တိကျမှု၊ ကမ္ဘာပေါ်ရှိ အသက်၏မူလနှင့် စွမ်းရည်မျိုးစုံရှိသည့် လူ့ဦးနှောက်၏မငြင်းနိုင်သော သူမတူထူးခြားမှုတို့ဖြစ်သည်။—၆/၁၅၊ စာမျက်နှာ ၁၈။
◻ ဖန်ဆင်းရှင်၏ကိုယ်ပိုင်နာမအဓိပ္ပာယ်ကို နားလည်ခြင်းက အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။
ဘုရားသခင့်နာမတော်သည် “ကိုယ်တော်ဖြစ်လာစေသည်” ဟုသဘောရှိရာ ရည်ရွယ်ပြီး လုပ်ဆောင်ကြောင်းကို အလေးပေးဖော်ပြသည်။ ကိုယ်တော့်နာမတော်ကိုသိကျွမ်းပြီး အသုံးပြုခြင်းအားဖြင့် ကိုယ်တော်သည် ကတိတော်များကိုပြည့်စုံစေပြီး မိမိ၏ရည်ရွယ်ချက်များဖြစ်မြောက်လာစေရန် တက်ကြွစွာလုပ်ဆောင်နေကြောင်း ပို၍သဘောပေါက်နိုင်သည်။—၆/၁၅၊ စာမျက်နှာ ၂၁။
◻ မိသားစုကျမ်းစာသင်အံမှုတွင် သားသမီးများကို မည်သို့ပါဝင်စေနိုင်သနည်း။
ဖြစ်နိုင်လျှင် ကလေးတစ်ဦးစီတွင် ကိုယ်ပိုင်ကျမ်းစာနှင့် လေ့လာသည့်မဂ္ဂဇင်း ကိုယ်စီရှိရန်စီစဉ်ပါ။ လေ့လာသည့်အကြောင်းအရာတွင်ပါသည့်ရုပ်ပုံကို ကလေးငယ်အားရှင်းပြစေနိုင်သည်။ ကလေးငယ်တစ်ဦးကို ကျမ်းချက်တစ်ချက်ဖတ်ဖို့ကြိုတင်၍ တာဝန်ပေးထားနိုင်ပေသည်။ ပိုကြီးသောကလေးတစ်ဦးကိုမူ လေ့လာသည့်အကြောင်းအရာကို လက်တွေ့ကျင့်သုံးရန် အခွင့်အလမ်းများဖော်ပြဖို့ တာဝန်ပေးနိုင်ပေသည်။ ၇/၁၊ စာမျက်နှာ ၁၅။
◻ မိသားစုတစ်စုသည် အသင်းတော်အစည်းအဝေးများအတွက် ပြင်ဆင်ခြင်း၌ ထည့်သွင်းရမည့် ပန်းတိုင်အချို့ကား အဘယ်နည်း။
(၁) မိသားစုရှိတစ်ဦးစီသည် အသင်းတော်အစည်းအဝေးများတွင် ပါဝင်ဖြေဆိုရန် အသင့်ရှိခြင်း; (၂) တစ်ဦးစီသည် ကိုယ်ပိုင်စကားများဖြင့် ကြိုးစားဖြေဆိုခြင်း; (၃) ဖြေဆိုရာတွင် ကျမ်းချက်များထည့်ဖြေခြင်းနှင့် (၄) လက်တွေ့ကျင့်သုံးရန်အတွက် အကြောင်းအရာကို သုံးသပ်ခြင်းတို့ဖြစ်သည်။—၇/၁၊ စာမျက်နှာ ၂၀။
◻ သာယာသောအိမ်ထောင်ရေး၏သော့ချက်ကား အဘယ်နည်း။
သော့နှင့်ဖွင့်သည့်အလား သာယာသောအိမ်ထောင်ရေး၏ ထူးကဲသောပျော်ရွှင်မှုကို တွေ့ ကြုံခံစားရဖို့ မရှိမဖြစ်လိုအပ်သောအရာတစ်ခုမှာ ဆက်သွယ်မှုကောင်းရှိခြင်းဖြစ်၏။ ၎င်းတွင် ခံစားချက်များနှင့် စိတ်ကူးများကိုဝေမျှခြင်းပါဝင်သည်။ အကျိုးဖြစ်စေသောဆက်သွယ်မှုသည် တည်ဆောက်မှုဖြစ်စေသော၊ လန်းဆန်းစေသော၊ ဣန္ဒြေရှိသော၊ ချီးမွမ်းဖွယ်ကောင်း၍ နှစ်သိမ့်မှုဖြစ်စေသောအရာများကို ဖြစ်ပေါ်စေသည်။ (ဧဖက် ၄:၂၉-၃၂; ဖိလိပ္ပိ ၄:၈)—၇/၁၅၊ စာမျက်နှာ ၂၁။
◻ ‘ယေဟောဝါ၏ခရီးတော်’ ကားအဘယ်နည်း။ (ဆာလံ ၂၅:၈၊ ၉၊ ၁၂)
ထိုခရီးတော်သည် မေတ္တာလမ်းစဉ်ဖြစ်၏။ ယင်းသည် ဘုရားသခင့်စံနှုန်းများအရ ဖြောင့်မှန်ရာကိုလုပ်ဆောင်ခြင်းပေါ်တွင် မူတည်၏။ သမ္မာကျမ်းစာက မူအပေါ်အခြေခံသည့် ဤမေတ္တာကို “သာ၍မြတ်သောလမ်း” ဟုခေါ်ဆိုသည်။ (၁ ကောရိန္သု ၁၂:၃၁)—၈/၁၊ စာမျက်နှာ ၁၂။