‘ဆားအငန်ကင်းပျောက်လျှင်’
၎င်းအတွက် စစ်ပွဲများဆင်နွှဲခဲ့ကြသည်။ ၎င်းကို ဖလှယ်ယူစရာပစ္စည်းအဖြစ် အသုံးပြုခဲ့ကြသည်။ ရှေးခေတ်တရုတ်ပြည်တွင် ၎င်းသည် ရွှေပြီးလျှင်ဒုတိယတန်ဖိုးရှိရာဖြစ်ခဲ့သည်။ မှန်ပါသည်၊ ဆားကို တန်ဖိုးကြီးသည့်ကုန်ပစ္စည်းတစ်ခုအဖြစ် လူတို့ရှုမြင်လာခဲ့သည်မှာ ကြာမြင့်ပေပြီ။ ယနေ့ထိတိုင် ရောဂါကုခြင်းနှင့် ပိုးသေစေခြင်းသတ္တိများ ၎င်းတွင်ရှိသည်ဟု အသိအမှတ်ပြုထားကြပြီး ကမ္ဘာတစ်ဝန်းတွင် အရသာတိုးစေသည့်၊ တာရှည်ခံစေသည့်အရာအဖြစ် ၎င်းကိုအသုံးပြုခဲ့ကြပြီ။
ဆား၏နှစ်သက်ဖွယ်အရည်အသွေးများစွာနှင့် အသုံးပြုနိုင်ပုံများကိုထောက်ထား၍ ကျမ်းစာ၌၎င်းကိုတင်စားသုံးနှုန်းထားခြင်းကို အံ့အားသင့်စရာမဟုတ်ပါ။ ဥပမာ၊ မောရှေ၏ပညတ်တရားက ယေဟောဝါအားတင်လှူပူဇော်သမျှ၌ ဆားခတ်ရန်တောင်းဆိုထားသည်။ (ဝတ်ပြုရာ ၂:၁၃) ပူဇော်သကာ၏အရသာတိုးစေရန် ထိုသို့ပြုခဲ့ခြင်းမဟုတ်ဘဲ ဆားသည် ယိုယွင်းခြင်း သို့မဟုတ် ပုပ်ပျက်ခြင်းမှကာကွယ်ပေးခြင်းကို ပုံဆောင်သောကြောင့်ဖြစ်ပုံရသည်။
ယေရှု၏ကျော်ကြားသော တောင်ပေါ်တရားတော်တွင် ကိုယ်တော်က “သင်တို့သည် ဤလောက၏ ဆားဖြစ်ကြ၏” ဟုမိမိ၏နောက်လိုက်များကိုပြောဆိုခဲ့သည်။ (မဿဲ ၅:၁၃) ဤဖော်ပြချက်ဖြင့် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့်သတင်းကို သူတို့ဟောပြောခြင်းက ကြားနာသူတို့ကို ကယ်ဆယ်မည်၊ သို့မဟုတ် အသက်ကယ်နိုင်သည့်အလားအလာရှိကြောင်း ယေရှုဆိုလိုနေခြင်းဖြစ်သည်။ အမှန်ဆိုလျှင် ယေရှု၏စကားကိုလိုက်လျှောက်သူများသည် သူတို့နေထိုင်အမှုထမ်းသည့် အသိုင်းအဝိုင်းတွင် အကျင့်နှင့်ဝိညာဉ်ရေးယိုယွင်းမှုမှ ကာကွယ်ခံရကြပေမည်။—၁ ပေတရု ၄:၁-၃။
သို့သော် ယေရှုက ဤသို့ဆက်သတိပေးခဲ့သည်– “ဆားမူကား၊ အငန်ကင်းပျောက်လျှင် . . . ပြင်သို့ပစ်လိုက်၍ ကျော်နင်းခြင်းမှတစ်ပါး အဘယ်အသုံးမျှမဝင်။” ၎င်းနှင့်ပတ်သက်၍မှတ်ချက်ချရာတွင် ကျမ်းပညာရှင် အဲလ်ဘတ်ဘန်းက ယေရှုနှင့်ကိုယ်တော်၏တမန်တော်များ အသုံးပြုခဲ့သည့်ဆားမှာ “အပင်နှင့် မြေဆီလွှာတို့ဖြင့်ရောနှောလျက် မသန့်စင်” ဟုဆိုခဲ့သည်။ ထို့ကြောင့် ထိုဆားသည် အငန်ဓာတ်ကင်းပျောက်လျှင် “မြေဆီလွှာဒြပ်လောက်သာ” ကျန်ခဲ့ပေမည်။ “၎င်းသည် . . . လမ်းများပေါ်တွင် ကျောက်စရစ်ခဲများကို ကျွန်ုပ်တို့အသုံးပြုကြသည်နည်းတူ ကျော်နင်းရုံမှတစ်ပါး အသုံးမဝင်တော့ချေ” ဟုဘန်းကဖော်ပြခဲ့၏။
ခရစ်ယာန်များသည် ဤသတိပေးချက်ကိုလိုက်နာရာတွင် လူထုရှေ့သက်သေခံခြင်းကိုမရပ်စဲကြဖို့ သို့မဟုတ် ဘုရားတရားမဆန်သောအကျင့်များကို ပြန်မကျင့်မိဖို့သတိထားသင့်သည်။ သို့မဟုတ်ပါက သူတို့သည် ဝိညာဉ်ရေးပျက်စီးယိုယွင်းကာ ‘အငန်ကင်းပျောက်သောဆား’ ကဲ့သို့အသုံးမဝင်ဖြစ်လာနိုင်ပါသည်။