ကောင်းသောအပေါင်းအသင်းရွေးချယ်ရာတွင် လမ်းညွှန်မှု
လုငယ်များသည် အဝတ်အစား၊ တေးဂီတတို့နှင့်ပတ်သက်သောလမ်းညွှန်မှုကို မိဘများထံမှရရန်မျှော်လင့်မည့်အစား ရွယ်တူချင်းများထံမှရဖို့ ပိုမျှော်လင့်ကြသည်ဟု ရီးဒါးဒိုင်ဂျက်စ်မဂ္ဂဇင်းမှ သတင်းတစ်ပုဒ်ကဆိုသည်။ ထို့ကြောင့် မိဘများအနေနှင့် မိမိတို့သားသမီးများ မည်သူနှင့် မည်သည့်နေရာ၌ ပေါင်းဖော်ကြောင်းကိုသိဖို့ အရေးကြီးသည်။
“သင့်တာဝန်မှာ စုံစမ်းရန်ဖြစ်သည်” ဟုတောင်အာဖရိကတက္ကသိုလ်တစ်ခုရှိ စိတ်ပညာဌာနမှကထိက အက်စ်မေဗဲန်ရန်းစ်ဘဂ်ကဆိုသည်။ သူကထပ်လောင်း၍ ဤသို့ဆိုသည်– “ဖြစ်နိုင်သည်မှာ သင့်ကလေး သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်ပေမည်၊ သို့သော် သူတို့စိတ်ပြေသွားကြပါလိမ့်မည်။” ထို့နောက် မိဘများကို အောက်ပါအကြံဉာဏ်များပေးခဲ့သည်။ စည်းမျဉ်းများမှာ ကျိုးကြောင်းဆီလျော်၍ တိကျပြတ်သားသည့်အခြေခံမူများရှိသင့်သည်; သင့်ကလေးပြောသည့်စကားကို နားထောင်ပါ; လွန်ကဲစွာမတုံ့ပြန်ပါနှင့်၊ သို့သော် တည်တည်ငြိမ်ငြိမ်နှင့် သင်ပြောဆိုလိုသည့်အရာကို ကြိုတင်သိထားပါ။ သင့်ကလေးသည် မကောင်းသည့်အပေါင်းအသင်းရှိထားနှင့်ပြီဖြစ်လျှင် ဆက်၍မပေါင်းဖို့တားမြစ်ရုံပြုမည့်အစား ထိုအပေါင်းအသင်းကြောင့် ဖြစ်ပေါ်လာသည့်အမူအကျင့်ကို ဂရုစိုက်ပါ။
ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာတွင် မိဘများအတွက် အကြံပြုချက်ကောင်း ရှိထားနှင့်သည်မှာကြာပြီ။ ဥပမာ၊ ၎င်းက “နားကြားခြင်းငှာလျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ” ဟုဖော်ပြသည်။ (ယာကုပ် ၁:၁၉) ကျမ်းစာက အပေါင်းအသင်းရွေးချယ်ခြင်းနှင့်ပတ်သက်၍လည်း ကောင်းသောဤအကြံပြုချက်ကိုပေးသည်– “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။” (သု. ၁၃:၂၀) ဤသာဓကများက လေးမြတ်မှုနှင့် သမ္မာကျမ်းစာကိုဖတ်ရှုပြီး နေ့စဉ်အသက်တာတွင် လိုက်နာကျင့်သုံးသူတို့ ရရှိနိုင်သည့်ဉာဏ်ပညာကို ဖော်ပြသည်။