အစ္စရေးနိုင်ငံတွင် မြင့်မြတ်သောနာမတော်ကို ရွတ်ဆို
မိရိုးဖလာဂျူးဘာသာသည် မြင့်မြတ်သောနာမတော်၊ ယေဟောဝါကို အသံထွက်၍မရွတ်ဆိုရန် ၎င်း၏နောက်လိုက်များအား ရာစုနှစ်များစွာ တင်းတင်းကျပ်ကျပ်တားမြစ်ခဲ့သည်။ မစ်ရှ်နာအရ ဘုရားသခင့်နာမတော်ကို ရွတ်ဆိုသူမည်သူမဆိုသည် “လာမည့်ကမ္ဘာတွင် အမွေရမည်မဟုတ်” ပါ။—ဆဲန်ဟီဒရင် ၁၀:၁။a
၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အစ္စရေးနိုင်ငံရှိ ယခင်စီဖာဒစ်ရဗ္ဗိဆရာတော်ကြီးသည် မြင့်မြတ်သောနာမတော်ကို တမင်တကာအသံထွက်၍ရွတ်ဆိုခဲ့သည်။ ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ ကာဘာလစ်ဆုတောင်းချက်တစ်ခုဖြစ်သည့်တီကွန်ကို အလွတ်ရွတ်ဆိုစဉ် သူဤသို့ပြုသည်။ ဝတ်ပြုသူများ၏အဆိုအရ မကောင်းဆိုးဝါးများအားဖြင့် ပြိုကွဲနေသည့်စကြဝဠာကို ဘုရားသခင်ပြန်လည်၍ အတော်အသင့်စည်းလုံးညီညွတ်ပေးစေရန် ဤဆုတောင်းချက်ကိုရွတ်ဆိုခဲ့ရခြင်းဖြစ်သည်။ ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်ထုတ် ရီဒီးအောသ် အာဟာရောနောသ်သတင်းစာက ဤသို့ဖော်ပြခဲ့သည်– “ယင်းသည် မယုံနိုင်လောက်အောင်အစွမ်းရှိသည့် ဆုတောင်းစကားဖြစ်ရာ လူထုအား ရောင်းရန်မဟုတ်သည့် အထူးစာအုပ်ငယ်တစ်အုပ်ထဲ၌သာ ၎င်းစကားများကိုတွေ့ရသည်။” ယခုတွင် ဘုရားသခင့်နာမတော်ကိုတိုင်တည်ခြင်းသည် တောင်းခံချက်ကို ပို၍အစွမ်းထက်စေသည်ဟု ယူဆကြ၏။
သမ္မာကျမ်းစာက ဘုရားသခင့်ကျေးကျွန်များအား ယေဟောဝါဟူသည့် မြင့်မြတ်သောနာမတော်ကိုအသုံးပြုရန် ပညတ်ထားခြင်းသည် မှတ်သားစရာပင်။ (ထွက်မြောက်ရာ ၃:၁၅; သု. ၁၈:၁၀; ဟေရှာယ ၁၂:၄; ဇေဖနိ ၃:၉) မူရင်းဟေဗြဲကျမ်းစာတွင် နာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ နီးပါးတွေ့ရှိရသည်။ သို့သော် သမ္မာကျမ်းစာက ဘုရားသခင့်နာမတော်ကို တလွဲမသုံးရန်သတိပေးသည်။ ပညတ်တော်ဆယ်ပါးအနက် တတိယမြောက်ပညတ်က ဤသို့ဆိုသည်– “သင့်ဘုရားသခင် ငါထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမတော်ကို မထီမဲ့မြင်ပြု၍ မသုံးနှင့်။ နာမတော်ကိုမထီမဲ့မြင်ပြု၍သုံးသူ၌ အပြစ်မရှိဟု ငါထာဝရဘုရား [“ယေဟောဝါ၊” ကဘ] မှတ်တော်မမူ။” (ထွက်မြောက်ရာ ၂၀:၇၊ သမ) ဘုရားသခင့်နာမတော်ကို မည်သို့ မထီမဲ့မြင်ပြု၍သုံးမိနိုင်သနည်း။ ဂျူးစာပေအသင်း၏အနက်ဖွင့်ဆိုချက်တစ်ခုက “မထီမဲ့မြင်ပြု၍” ဟုပြန်ဆိုထားသည့် ဟေဗြဲဝေါဟာရသည် မြင့်မြတ်သောနာမတော်ကို “ကပြက်ကချော်သုံးခြင်း” သာမက “မလိုအပ်သောဆုကျေးဇူးကိုရွတ်ဆိုခြင်း” လည်းပါဝင်နိုင်ကြောင်း မှတ်ချက်ချသည်။
သို့ဖြစ်၍ ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ ကာဘာလစ်တီကွန်ဆုတောင်းချက်ကို ကျွန်ုပ်တို့မည်သို့ရှုမြင်သင့်သနည်း။ ၎င်း၏မူလရင်းမြစ်ကား အဘယ်နည်း။ စီ.အီး. ၁၂ နှင့် ၁၃ ရာစုတွင် ကာဘာလာဟုခေါ်သည့် လျှို့ဝှက်နက်နဲသောဂျူးဘာသာရေးပုံစံတစ်ခုသည် စတင်ရေပန်းစားလာသည်။ ၁၆ ရာစုတွင် ရဗ္ဗိတစ်ဦးဖြစ်သူအိုင်းဇက်လူရီရာသည် “တီကွန်နင်မ်” ကို ကာဘာလစ်ဆုတောင်းချက်စာသားတွင် စတင်အသုံးပြုခဲ့သည်။ ဘုရားသခင့်နာမတော်ကို အစွမ်းထက်သည့်လျှို့ဝှက်နက်နဲသောဂါထာတစ်ခုအဖြစ်အသုံးပြုခဲ့ကာ ယင်းသည် ကာဘာလစ်ဘာသာရေး အခမ်းအနား၏အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။ ယင်းသည် ဘုရားသခင့်နာမတော်ကို တော်လျော်စွာအသုံးပြုခြင်းဖြစ်သည်ဟု သင်ယူမှတ်ပါသလော။—တရားဟောရာ ၁၈:၁၀-၁၂။
ထိုမေးခွန်းကို သင်မည်သို့ပင်ဖြေပါစေ မျက်မှောက်ခေတ်အစ္စရေးနိုင်ငံတွင် ဘုရားသခင့်နာမတော်ကို အသံထွက်ရွတ်ဆိုခြင်းသည် အထူးခြားဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သင်သဘောတူရပါလိမ့်မည်။ သို့တိုင် ဘုရားသခင်ကိုယ်တော်တိုင်က ဤသို့ကြိုတင်မိန့်မြွက်ခဲ့၏– “ထိုကာလ၌လည်း ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ နာမတော်ကို [ဆုတောင်း] ကြလော့။ အမှုတော်တို့ကို လူများတို့တွင်ဖော်ပြကြလော့။ နာမတော်သည် မြင့်မြတ်သောကြောင့် ချီးမွမ်းကြလော့။ ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကိုပြုတော်မူပြီ။ အမှုတော်သည် မြေတစ်ပြင်လုံး၌ ထင်ရှားပါစေ။”—ဟေရှာယ ၁၂:၄၊ ၅။
ဝမ်းသာစရာမှာ ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၂၃၀ ကျော်၌ကဲ့သို့ အစ္စရေးနိုင်ငံတွင် ယေဟောဝါသက်သေများသည် မိမိတို့၏အိမ်နီးချင်းများအား ယေဟောဝါနှင့်စပ်လျဉ်းသည့် တိကျမှန်ကန်သောအသိပညာကိုရရှိစေရန် ကြိုးစားကူညီပေးနေကြသည်။ နောက်ထပ်များစွာသောသူတို့သည် ဆာလံ ၉၁:၁၄ ကဲ့သို့သောကျမ်းချက်များ၏အဓိပ္ပာယ်ကို နားလည်လာမည်ဟု သူတို့မျှော်လင့်ကြသည်– “သူသည် ငါ့ [ယေဟောဝါ] ကိုချစ်သောကြောင့် သူ့ကိုငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကိုငါချီးမြှောက်မည်။”
[အောက်ခြေမှတ်ချက်များ]
a မစ်ရှ်နာသည် ကျမ်းပညတ်များကို အပိုဖြည့်စွက်ထားသည့် စုပေါင်းကောက်ချက်များဖြစ်၍ ထာနာအင်မ်ဆရာများဟုခေါ်သည့် ရဗ္ဗိများ၏ရှင်းလင်းချက်များပေါ်အခြေခံသည်။ စီ.အီး. ဒုတိယရာစုအကုန်ပိုင်းနှင့် တတိယရာစုအစောပိုင်းတို့တွင် ယင်းကိုရေးသားပြုစုခဲ့သည်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
နီဂဗ်အရပ်တွင် ယေဟောဝါ၏နာမတော်နှင့် ကိုယ်တော့်နှုတ်မြွက်စကားကို ကိုယ်တော့်လူမျိုးတော်အားဖြင့်ထင်ရှားစေ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
မြင့်မြတ်သောနာမတော်ကိုပြသထားသည့် ပိုစတာ