ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“ဘုရားသခင်သည် ခပ်သိမ်းသောအမှုကိုတတ်နိုင်သည်”
မဿဲ ၁၉:၂၆ ၌တွေ့ရသော အထက်ပါစကားများသည် ဗင်နီဇွဲလားမှအမျိုးသမီးငယ်တစ်ဦးအတွက် မှန်ကန်ကြောင်းတွေ့ရသည်။ ယေဟောဝါအား အပြည့်အဝယုံကြည်ကိုးစားတတ်လာပြီးနောက် ကြီးလေးသောပြဿနာတစ်ခုကို သူကျော်လွှားနိုင်ခဲ့သည်။ သူဤသို့ပြောပြသည်–
“ကျွန်မရဲ့အဘွားဟာ သိပ်ပြီးချစ်ခင်ကြင်နာတတ်တယ်။ ဝမ်းနည်းစရာကတော့ ကျွန်မ ၁၆ နှစ်အရွယ်ပဲရှိသေးတဲ့အချိန်မှာ သူဆုံးသွားခဲ့တယ်။ သူဆုံးသွားတာဟာ ကျွန်မအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ အိမ်ခြံဝင်းထဲမထွက်ချင်တော့တဲ့အထိ ကျွန်မစိတ်ဖောက်သွားတယ်။ နောက်ဆုံးတော့ အိမ်တွင်းပဲပုန်းနေတော့တယ်။
“ကျောင်းကိုလည်းမသွားတော့သလို အလုပ်လည်းမလုပ်ဘူး။ လုံးလုံးအခန်းအောင်းနေခဲ့တယ်။ အထီးကျန်ပြီး မိတ်ဆွေတစ်ယောက်မှမရှိဘဲ အကြီးအကျယ်စိတ်ဓာတ်ကျခဲ့တယ်။ လုံးဝအသုံးမကျဘူးလို့ခံစားရပြီး သေပဲသေချင်ခဲ့တယ်။ ‘ငါဘာကြောင့်အသက်ရှင်နေရတာလဲ’ လို့ကိုယ့်ကိုယ်ကိုမေးနေမိတယ်။
“ကျွန်မအမေက ဂျီစယ်လာလို့ခေါ်တဲ့ သက်သေခံလေးတစ်ယောက်ဆီက ကင်းမျှော်စင် နဲ့ နိုးလော့! မဂ္ဂဇင်းတွေယူတတ်တယ်။ တစ်နေ့ ကျွန်မတို့အိမ်ရှေ့ကို ဂျီစယ်လာဖြတ်သွားတာ အမေလှမ်းမြင်ပြီး ကျွန်မကိုကူညီပေးနိုင်မလားလို့ သူ့ကိုမေးခဲ့တယ်။ ဂျီစယ်လာက ကြိုးစားကြည့်ဖို့သဘောတူခဲ့ပေမဲ့ သူ့ကိုတွေ့ ဖို့ကျွန်မငြင်းခဲ့တယ်။ ဒါက ဂျီစယ်လာရဲ့အကြံကိုမပျက်စေခဲ့ဘူး။ သူဟာ ကျွန်မရဲ့သူငယ်ချင်းဖြစ်ချင်တဲ့အကြောင်းနဲ့ သူ့ထက်ပိုပြီးအရေးပါသူတစ်ဦးကလည်း ကျွန်မရဲ့မိတ်ဆွေဖြစ်ချင်တဲ့အကြောင်း ကျွန်မကိုစာရေးပြီးပြောပြခဲ့တယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ယေဟောဝါဘုရားသခင်ဖြစ်တယ်လို့ သူပြောပြခဲ့တယ်။
“အဲဒါက ကျွန်မစိတ်ကိုလှုပ်ရှားစေခဲ့ပြီး သူ့ကိုစာပြန်လိုက်တယ်။ သုံးလလောက် ကျွန်မတို့စာအဆက်အသွယ်လုပ်ကြတယ်။ ဂျီစယ်လာကတိုက်တွန်းလွန်းလို့ နောက်ဆုံးမှာ သူနဲ့တွေ့ ဖို့ကျွန်မသတ္တိရှိလာတယ်။ ကျွန်မတို့ဦးဆုံးတွေ့ဆုံကြတဲ့အခါမှာ ဂျီစယ်လာက သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် ဆိုတဲ့စာအုပ်ကိုသုံးပြီး ကျွန်မနဲ့ကျမ်းစာလေ့လာခဲ့တယ်။ သင်အံမှုပြီးတဲ့နောက် ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အစည်းအဝေးတက်ဖို့ကျွန်မကိုဖိတ်တယ်။ ကျွန်မထိတ်လန့်သွားမိတယ်။ ကျွန်မအိမ်ပြင်မထွက်တာ လေးနှစ်ရှိပြီဆိုတော့ လမ်းပေါ်ထွက်ဖို့ဆိုတာ လန့်စရာပဲ။
“ဂျီစယ်လာက ကျွန်မကိုသိပ်စိတ်ရှည်ခဲ့တယ်။ ဘာမှကြောက်စရာမလိုတဲ့အကြောင်းနဲ့ အစည်းအဝေးကိုကျွန်မနဲ့အတူ သူသွားမယ်လို့ အားပေးခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မသဘောတူလိုက်တယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ရောက်သွားကြတဲ့အခါ ကျွန်မကတုန်ကယင်ဖြစ်ပြီး ချွေးပြန်လာတယ်။ ဘယ်သူ့ကိုမှ နှုတ်မဆက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အစည်းအဝေးတွေဆက်တက်ဖို့ ကျွန်မသဘောတူခဲ့ပြီး ဂျီစယ်လာက အပတ်တိုင်းကျွန်မကိုမှန်မှန်လာခေါ်ခဲ့တယ်။
“ကျွန်မကြောက်လန့်တာပျောက်အောင်ဆိုပြီး ဂျီစယ်လာကအစည်းအဝေးတွေကို စောစောခေါ်သွားတယ်။ တံခါးပေါက်မှာရပ်ပြီး ရောက်လာတဲ့လူတိုင်းကို ကျွန်မတို့နှုတ်ဆက်ကြတယ်။ ဒီလိုလုပ်တော့ တစ်ပြိုင်တည်း လူတစ်စုလုံးကိုတွေ့မယ့်အစား တစ်ချိန်ကိုလူတစ်ယောက်နှစ်ယောက်လောက်ကိုပဲ ရင်ဆိုင်ခဲ့တယ်။ ကျွန်မ,မခံနိုင်တော့ဘူးလို့ထင်တဲ့အခါ ဂျီစယ်လာက “ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအမှုကိုတတ်နိုင်သည်” လို့ဆိုတဲ့ မဿဲ ၁၉:၂၆ ကိုကိုးကားခဲ့တယ်။
“အဲလိုလုပ်ရတာမလွယ်ပေမဲ့ နောက်ဆုံးတော့ ပိုပြီးများတဲ့လူတွေစုဝေးကြတဲ့ တိုက်နယ်စည်းဝေးတစ်ခုကို ကျွန်မတက်ရောက်နိုင်ခဲ့တယ်။ ကျွန်မအတွက်တော့ ဒါကတကယ့်ခြေလှမ်းတစ်ခုပါပဲ! ၁၉၉၅ စက်တင်ဘာလမှာ တစ်အိမ်မှတစ်အိမ် ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ဖို့ အကြီးအကဲတွေကိုပြောဖို့ ကျွန်မသတ္တိမွေးခဲ့ရတယ်။ ခြောက်လကြာပြီးတဲ့နောက် ၁၉၉၆ ဧပြီလမှာ ယေဟောဝါကို ဆက်ကပ်အပ်နှံတာကို နှစ်ခြင်းခံပြီးတင်ပြခဲ့တယ်။
“မကြာသေးခင်က ကျွန်မဒီလိုလုပ်ဖို့ သတ္တိတွေဘယ်လိုရလာသလဲလို့ တစ်ယောက်ကမေးတဲ့အခါ ‘ယေဟောဝါရဲ့အလိုတော်နဲ့တွေ့ချင်တဲ့စိတ်က ကျွန်မရဲ့ကြောက်စိတ်ထက်ပိုများလာလို့ဖြစ်တယ်’ ဆိုပြီးဖြေခဲ့တယ်။ တစ်ခါတလေ စိတ်ဓာတ်ကျချိန်တွေရှိနေဆဲဖြစ်ပေမဲ့ မှန်မှန်ရှေ့ဆောင်တစ်ယောက်အဖြစ် အမှုဆောင်နေတဲ့အတွက် ပျော်ရွှင်မှုတိုးများလာတယ်။ နောက်ကြောင်းကိုပြန်ကြည့်လိုက်ရင် ဂျီစယ်လာနဲ့ကျွန်မသဘောတူရမယ်။ အခုဆိုရင် ကျွန်မကိုစိတ်ဝင်စားပြီး ‘ခွန်အားနှင့်ပြည့်စုံစေ’ တဲ့မိတ်ဆွေတစ်ယောက် ကျွန်မမှာရှိနေပြီ။”—ဖိလိပ္ပိ ၄:၁၃။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“ယေဟောဝါရဲ့အလိုတော်နဲ့တွေ့ချင်တဲ့စိတ်က ကျွန်မရဲ့ကြောက်စိတ်ထက်ပိုများ”